
ပထမအဆင့် မြို့ပြအခြေခံလုပ်ငန်း တည်ဆောက်မှု၌ပင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံသုံးရန် လျာထားသော ရန်ကုန်မြို့သစ်စီမံကိန်းကို အဓိကကြီးကြပ်မည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ၏ အမြင့်ဆုံးအာဏာပိုင် ဒါရိုက်တာအဖွဲ့ကို စစ်ကောင်စီက လူသစ်များနှင့် လဲလှယ်ထားသည်။
ရန်ကုန်အနောက်ဘက်ကမ်း ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော်သုံးမည့် ထိုစီမံကိန်းကို ၎င်းတို့ အာဏာသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈ တွင် စတင်ခဲ့ခြင်းဖြစ်သည်။
မူလက ဒါရိုက်တာအဖွဲ့တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ၂ ဦး၊ နာမည်ကြီးလုပ်ငန်းရှင် ဦးသိမ်းဝေ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yoe နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်၏ အကြီးတန်းအရာရှိဟောင်း ဦးထွန်းမြတ်တို့ ပါ၀င်သည်။
NYDC ကုမ္ပဏီ၏ ဝက်ဆိုက်တွင် ဖော်ပြချက်အရ စီမံကိန်းအချက်အလက်များ စနစ်တကျလွှဲပြောင်းအပ်နှံရန်ဟု ဆိုကာ ၂၀၂၁ နိုဝင်ဘာ ၁ ရက်မှစ၍ စစ်ကောင်စီက သူ၏ ဝန်ထမ်း ၆ ဦးကို ဒါရိုက်တာအဖွဲ့အဖြစ် အစားထိုးခန့်အပ်သည်ကို တွေ့ရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာတိုးအောင်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်မှူး ဦးလွင်ကိုဦး၊ တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်စည်ပင် ဌာနမှူးများဖြစ်ကြသော ဦးညီညီဦးနှင့် ဒေါ်တင်တင်ကြည်တို့ ဖြစ်သည်။
ဦးသိမ်းဝေမှာမူ စစ်ကောင်စီ၏ ဒါရိုက်တာအဖွဲ့ဝင်တွင် မပါဝင်သော်လည်း ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် ရှိနေကြောင်း NYDC ဝက်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။
ထိုကုမ္ပဏီကို NLD အစိုးရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထူးကုမ္ပဏီများအက်ဥပဒေအရ အစိုးရဘတ်ဂျက်မှ ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံ (ထိုစဉ်ကငွေလဲနှုန်း အမေရိကန်ဒေါ်လာ ၇ သန်း) သုံး၍ တည်ထောင်ခြင်းဖြစ်ကာ တိုင်းအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်သည်။
စစ်ကောင်စီ၏ ဒါရိုက်တာအဖွဲ့သစ်တွင် အစိုးရနှင့် သီးခြားလွတ်ကင်းသူများ မပါဝင်တော့၍ ပွင့်လင်းမြင်သာမှု အားနည်းနိုင်သည်ဟု နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို စောင့်ကြည့်လေ့လာနေသည့် အမည်မဖော်လိုသူ ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက သုံးသပ်သည်။
“ပွင့်လင်းမြင်သာမှုက ဘယ်သူမှ မေးလို့လည်းမရတော့ဘူး။ အရင်ကလို လွတ်လပ်တဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ မရှိဘူးဆိုရင် သူတို့ရဲ့ Governance Structure (စီမံအုပ်ချုပ်မှုပုံစံ) က အားပျော့သွားပြီဆိုရင် Corruption (အဂတိ) ဖြစ်ဖို့က များသွားပြီပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီး အဘက်ဘက်မှ ယိုယွင်းနေသည့် နိုင်ငံ့အခြေအနေများကြောင့် ဆုံးရှုံးနိုင်ခြေမြင့်ချိန်တွင် ထိုစီမံကိန်း၌ နိုင်ငံတကာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလိုခြင်းရှိမရှိ မေးခွန်းထုတ်ဖွယ်ရှိသည်ဟု ထိုသူက ဆက်ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းနယ်မြေမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ ကုန်ကျနိုင်မည်ဟု ခန့်မှန်ထားကာ လူ ၂ သန်းကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးမည်ဟု NYDC က ပြောထားသည်။
ပထမအဆင့် အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် အသေးစိတ်စီမံကိန်းအဆိုပြုလွှာ ခေါ်ယူရန် ကိစ္စကို တရုတ်နိုင်ငံပိုင် China Communications Construction Company (CCCC) က ရရှိထားသည်။
NLD အစိုးရလက်ထက်တွင် ထိုလုပ်ပိုင်ခွင့်ရခဲ့သည့် CCCC ကို စစ်ကောင်စီက ဆက်လက် တာဝန်ပေးရန် ရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။
CCCC ကုမ္ပဏီက စီမံကိန်းအဆိုပြုလွှာကို ယှဉ်ပြိုင်ရန် ၂၀၂၀ အောက်တိုဘာတွင် Swiss Challenge တင်ဒါခေါ်ယူခဲ့ရာ နိုင်ငံတကာကုမ္ပဏီ ၉ ခုက ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည်ဟု NYDC ကုမ္ပဏီက သတင်းထုတ်ပြန်ဖူးသည်။ သို့သော် ထိုလုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်ရန် ရှိမရှိ အတည်မပြုနိုင်သေးပေ။
မူလအစီအစဉ်အရ တင်ဒါရရှိသော ကုမ္ပဏီသည် စီမံကိန်းပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
အကျိုးအမြတ်၏ ၇၅ ရာခိုင်နှုန်းကို ကုမ္ပဏီ၊ မြေယာစိုက်ထုတ်မှုအတွက် ၂၅ ရာခိုင်နှုန်းကို NYCD က ရမည်ဟု တရုတ်ရင်းနှီးမြှုပ်နှံမှုများကို လေ့လာသည့် ISP China Desk တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့သစ်တွင် စက်မှုဇုန်၊ အိမ်ရာ၊ ဈေးဝယ်စင်တာ၊ အမြန်ရထား၊ ဘတ်စကား အစုံအလင်ထည့်သွင်း၍ နည်းပညာသုံးစက်မှုမြို့သစ်အဖြစ် အကောင်အထည်ဖော်မည်ဟု NYCD က ပြောထားသည်။
NLD လက်ထက် ၂၀၂၀ ဇန်နဝါရီတွင် မြန်မာသို့ ရောက်လာသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုစီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် ထည့်သွင်းရန် နိုင်ငံ့အကြီးအကဲများနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု ISP China Desk ၏ မှတ်တမ်းက ဆိုသည်။
တရုတ်သည် မြန်မာတွင် တစ်ကျော့ပြန်စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)