သတင်း

ကျသွားသည့် ဌာနချုပ်ကို ပြန်သိမ်းမည်ဟု CDF ကန်ပက်လက် ပြော

လက်နက်ခဲယမ်း မလုံလောက်မှု၊ ပြည်သူများထိခိုက်မည်ကို စိုးရိမ်ရမှုတို့ကြောင့် ဆုတ်ခွာခဲ့ရသည့် ၎င်းတို့၏ ဌာနချုပ်ကို  ပြန်လည်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ကန်ပက်လက်အဖွဲ့က ပြောသည်။

ကန်ပက်လက်မြို့၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ၊ စမ္မသားရွာဟောင်းအနီးရှိသော ဌာနချုပ်ကို စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်က ၇ နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယမန်နေ့ (မတ် ၁၆) တွင် လက်လွှတ်လိုက်ရခြင်း ဖြစ်သည်ဟု CDF ကန်ပက်လက်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“ရွာနားတွေမှာတော့ တိုက်ပွဲတွေ ဆက်မဖော်ချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဌာနချုပ်ကတော့ ပြန်သိမ်းမှာပဲ၊ သူတို့ စခန်းဆက်ထိုင်နေရင်တော့ ပြန်သိမ်းဖို့ ပြင်ဆင်ထားတယ်” ဟု သူက ပြောသည်။ 

CDF ကန်ပက်လက်ဘက်မှ CDF မင်းတပ်၊ မကွေးတိုင်းအခြေစိုက် ယောဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော The Youth Force နှင့် ဆော PDF တို့ ပါဝင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ ကန်ပက်လက်၊ မင်းတပ်နှင့် ကျောက်ထုမြို့ရှိ အမြောက်တပ်များက လက်နက်ကြီး ရာချီ ပစ်ကူပေးခဲ့သည်။

နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီခန့်အထိ ကြာမြင့်ခဲ့သည့် ထိုတိုက်ပွဲအတွင်း အနီးအနားရှိ အနစမ္မသားရွာကို လက်နက်ကြီးကျည်ကျပြီး အိမ် ၉ လုံး မီးလောင်ခဲ့သည်။ ဒေသခံတို့ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

စခန်းတွင် ဆက်လက်နေထိုင်ပါက အနီးဝန်းကျင်ရှိ ကျေးလက်ပြည်သူများ ထိခိုက်နိုင်ဖွယ်ရှိသည်ဟု CDF ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

“တစ်နေကုန်ဖြစ်နေလည်း ကျွန်တော်တို့က ဆက်တိုက်လို့ရတယ်၊ ကျည်ဆန်မရှိပေမဲ့ ရှိတာနဲ့ ဆက်ချလို့ရတယ်၊ အဓိကက ပြည်သူတွေထိခိုက်မှာစိုးလို့ နောက်ဆုတ်ပေးလိုက်တာ” ဟု သူက ပြောသည်။ 

ထိုတိုက်ပွဲအတွင်း CDF ရဲဘော်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပေ။

ပူးပေါင်းတပ်များ နောက်ဆုတ်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်က စခန်းကို ချက်ချင်းမသိမ်းပိုက်နိုင်သေးဘဲ မတ် ၁၆ ရက်တစ်ရက်လုံး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့သည်ဟု CDF ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ 

“သူတို့က စခန်းကို မဝင်သေးဘဲ ဝိုင်းထားကြတာ၊ ကျွန်တော်တို့ မရှိတော့တာ မသိတာလားတော့ မသိဘူး။ ဒီနေ့မနက်မှပဲ ဝင်ကြတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့တွင် ကန်ပက်လက်မြို့၌ စစ်ကောင်စီတပ်အင်အား ၄၅၀ ခန့်ရှိနေကြောင်း၊ မြို့တွင်း၌ အင်အားအချို့ ချန်ကာ မြို့ပြင်၌ လှုပ်ရှားနေသည့် CDF ကန်ပက်လက်အဖွဲ့ကို တောနင်းရှာဖွေနေကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့များဘက်တွင် လက်နက်အင်အား နည်းပါးသည့်ပြင် ကျည်ဆန်လည်း လုံလောက်မှု မရှိသဖြင့် ကူညီလှူဒါန်းပေးကြရန် CDF-ကန်ပက်လက်အဖွဲ့က အများပြည်သူကို တောင်းဆိုထားသည်။

မတ် ၁၁ ရက်မှစ၍ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် CDF ကန်ပက်လက်၏ တပ်မဟာဌာနချုပ်ရှိရာသို့ ဦးတည်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရဲလောင်ပန်းရွာအထက်နား ပန်းတောင်ကြောတွင် ထိတွေ့တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးခဲ့သည်။

ထို့နောက် မတ် ၁၃ ရက်တွင် ငုံလောင်းရွာမြောက်ဘက် အမ်ပုံရွာအထက်ပိုင်း တောထဲတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးသလို CDF ကန်ပက်လက်မှ ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

မတ် ၁၄ ရက်တွင်လည်း တောတွင်းတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးကြောင်း CDF-ကန်ပက်လက်အဖွဲ့က ပြောသည်။

စစ်ကောင်စီကမူ ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီးမှ တိုက်ပွဲဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

ယခင်ကတည်းက စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်ရှိ ရဲစခန်း၊ စာသင်ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံး စသည့် နေရာများတွင် အင်အား ၃၀၀ ခန့် ချထားပြီး မတ်လအစောပိုင်း၌ အင်အား ထပ်မံဖြည့်တင်းခဲ့သည်။

မတ် ၇ တွင် ကန်ပက်လက်မြို့သို့ အင်အားဖြည့်တင်းသည့် စစ်ကောင်စီတပ်များနှင့်  မြို့အနီး ဆောက်လက်စ လေယာဉ်ကွင်းနေရာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကျည်ဆန်မလုံလောက်မှုကြောင့် စစ်ကောင်စီတပ်များ မြို့တွင်းသို့ ဝင်ရောက်ခြင်းကို မတားဆီးနိုင်ခဲ့ကြောင်း ကန်ပက်လက်အဖွဲ့ဘက်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button