အတွေးအမြင်

အကြမ်းဖက်စစ်တပ်၊ ခရိုနီစနစ်နဲ့ ဘုန်းတော်ကြီးသာသနာ

အာဏာမက်မောသူတိုင်းဟာ ၎င်းတို့အုပ်ချုပ်မှုကို ပြည်သူလူထု ထာဝရလက်ခံထားပြီး ပုန်ကန်တော်လှန်ခြင်း မပြုနိုင်ဖို့ အိပ်မက်မက်ကြသူတွေချည်းဖြစ်ပါတယ်။ ရသမျှအကျိုးစီးပွားကို သားစဉ်မြေးဆက် ခံစားခွင့်ရနိုင်ဖို့အတွက် အာမခံချက်ကလည်း ၎င်းတို့အတွက် အလွန်အရေးကြီးလှပါတယ်။ မိမိအာဏာရှိနေတုန်းခဏ စည်းစိမ်ခံစားပြီး အာဏာမရှိတော့တာနဲ့ ကိုယ်ပြုခဲ့သမျှ ပေးဆပ်ရမဲ့အရေးဟာ အာဏာရှင်တိုင်းအတွက် တကယ့်ခြောက်အိပ်မက်ပါပဲ။ ဒါကြောင့် လူထုကို ဘက်ပေါင်းစုံက ထိန်းချုပ်နိုင်ရေးအတွက် အာဏာရှင်တိုင်း အထူးအလေးထား ပြင်ဆင်လေ့ရှိကြပါတယ်။ လူထုကို ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့အကျိုးစီးပွားကို ထိခိုက်လာနိုင်ခြင်းမရှိဖို့ ဥပဒေအမျိုးမျိုးနဲ့ ထိန်းချုပ်ဖို့လိုသလို အဲဒီမတရားတဲ့ ဥပဒေစည်းကမ်း စသည်တို့ကို မလိုက်နာသူမှန်သမျှကို ဒဏ်ခတ်အပြစ်ပေးနိုင်ဖို့ လက်နက်လိုပါတယ်။ ဖိနှိပ်တဲ့ ဥပဒေ၊ လက်နက်တို့နဲ့ ထိန်းချုပ်ထားနိုင်တယ်ဆိုဦးတော့ ပုန်ကန်ခြင်းမပြုနိုင်အောင် လူထုရဲ့ စားဝတ်နေရေး တစ်နည်းအားဖြင့် စီးပွားရေးကိုပါ ထိန်းချုပ်နိုင်ဖို့ လိုပါသေးတယ်။ နောက်ဆုံးအနေနဲ့ ဥပဒေ၊ လက်နက်တို့နဲ့ ဖိနှိပ်ထားပြီး စားဝတ်နေရေးကို ထိန်းချုပ်ထားနိုင်တယ်ဆိုရင်လည်း တော်လှန်လိုတဲ့ စိတ်ကိုပါ ထိန်းချုပ်နိုင်ဖို့ ကျန်ပါသေးတယ်။ အဲဒီအချက်တွေကို ထိန်းချုပ်နိုင်မှသာ ပြီးပြည့်စုံတဲ့၊ ငြိမ်ဝပ်ပိပြားပြီး အာဏာရှင်ကို မတော်လှန်နိုင်တဲ့ လူ့အဖွဲ့အစည်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်နက်ပိုင်တဲ့ အာဏာရှင်၊ စျေးကွက်နဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ ခရိုနီနဲ့ လူထုရဲ့ တော်လှန်လိုစိတ်ကို သင်းကွပ်နိုင်တဲ့ ဘာသာရေးခေါင်းဆောင်များဟာ ခေတ်အဆက်ဆက် အကျိုးစီးပွားမဟာမိတ်များပဲဖြစ်ပါတယ်။ 

နိုင်ငံရေးဘောဂဗေဒ (Political-economy) သီအိုရီတွေမှာတော့ နိုင်ငံတော် သို့မဟုတ် အစိုးရ (State)၊ စျေးကွက် (Market) နဲ့ လူထု (Society) ဆိုပြီး အပြန်အလှန်ထိန်းကျောင်းမှု၊ အာဏာခွဲဝေမှု စသည်တို့အပြင် ၎င်းတို့ရဲ့ အပြန်အလှန်ဆက်စပ်မှုတွေကနေပြီး နိုင်ငံရေးစနစ်တွေပေါ်ပေါက်လာပုံ စသည်တို့ကို လေ့လာလေ့ရှိကြပါတယ်။ အကြမ်းအားဖြင့် ဒီမိုကရေစီ (ပြည်သူကအုပ်ချုပ်တဲ့စနစ်) လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံတော်၊ စျေးကွက်နဲ့ လူထုတို့ဟာ အပြန်အလှန်ထိန်းကျောင်းကြပါတယ်။ လူထုအနေနဲ့ နိုင်ငံသားအခွင့်အရေးကို သုံးပြီး မိမိတို့ကို အုပ်ချုပ်မဲ့အစိုးရကို ရွေးချယ်၊ ဖြုတ်ချနိုင်သလို စားသုံးသူအခွင့်အရေးကို အသုံးချပြီး စျေးကွက်ကိုလည်း လက်ဝါးကြီးအုပ် အမြတ်ထုတ်သူမရှိအောင် ထိန်းကျောင်းနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် တရားမျှတတဲ့ ဥပဒေစည်းကမ်းတွေ ကျင့်သုံးတဲ့ အစိုးရ၊ လွတ်လပ်တဲ့ စျေးကွက်တို့ကလည်း လူထုကို ပြန်လည်ဦးဆောင် အကျိုးပြုပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်နက်ရှိတဲ့ အစိုးရ၊ ငွေကြေးရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပြန်အလှန်မထိန်းကျောင်းဘဲ ပူးပေါင်းသွားတဲ့အခါ ဒါမှမဟုတ် ဖိနှိပ်တဲ့ အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းမိတဲ့အခါတိုင်း ပြည်သူပြည်သားတွေဟာ ပြင်းထန်တဲ့ ဖိနှိပ်မှု၊ သွေးစုပ်ခြယ်လှယ်မှုတွေ ခံစားရပြီး မွေးရာပါ လွတ်လပ်ခွင့်တွေပါ ဆုံးရှုံးရလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကံဆိုးစွာပဲ သေနတ်၊ ငွေကြေးနဲ့ အပေါ်ယံဘာသာရေးအဆောက်အအုံတို့ရဲ့ ပေါင်းစပ်မှုဟာ ပိုမိုထင်ရှားအမြစ်တွယ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူများ

စစ်အာဏာရှင်တို့ မကြုံဖူးတဲ့ အင်အားများ

နွေဦးတော်လှန်ရေး စတင်ကတည်းက ပြည်သူလူထုဟာ အကြမ်းဖက်စစ်ကောင်စီကို ရသမျှနည်းလမ်းနဲ့ ဆန့်ကျင် ဖြုတ်ချနေကြပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ​သတ်ဖြတ်လုယက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လာကြရတဲ့အတွက် ပြည်သူလူထုက နိုင်ငံရေးနိုးကြားနေပါပြီ။ စစ်အာဏာရှင် ဆန့်ကျင်ရေးစိတ်ဓာတ်တွေဟာ မည်သူတစ်ဦးတစ်ယောက်ကမှ ရှင်းပြနေစရာမလိုအောင် အသွေးအသားထဲကကို ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ပြည်သူတိုင်းအပေါ် တစ်ဆင့်နှိမ့်ဆက်ဆံပြီး အုပ်ချုပ်ခံတွေအဖြစ် မြင်တဲ့ စက်ဆုပ်စရာ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို ပိုမိုသိမြင်လာပြီး အဖိနှိပ်ခံရသူအချင်းချင်း လူမျိုး၊ ဘာသာမခွဲခြားတော့ဘဲ ပိုမိုစည်းလုံး နားလည်စာနာလာကြတာကလည်း နွေဦးတော်လှန်ရေးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြစ်လာပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ဖယ်ထုတ်ပြီး တန်းတူတဲ့၊ လွတ်လပ်တဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ဆိုတာ တော်လှန်ရေးရဲ့ အဓိကအကျဆုံး ဦးတည်ချက်ဖြစ်လာပါတယ်။ 

အထက်မှာပြောခဲ့သလို အာဏာရှင်တွေဟာ လူထုကို သေနတ်နဲ့၊ အကြောက်တရားနဲ့ ထိန်းချုပ်သလို ဆင်းရဲနိမ့်ကျ ပညာမဲ့နေဖို့ပါ ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြပါတယ်။ အာဏာကို ဆုပ်ကိုင်ရုံတင်မကဘဲ လူထုရဲ့ စားဝတ်နေရေးကိုပါ ထိန်းချုပ်နိုင်ဖို့ စျေးကွက်ကို ၎င်းတို့ရဲ့ မဟာမိတ်တွေ တစ်နည်းအားဖြင့် ခရိုနီတွေနဲ့ ချုပ်ကိုင်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင် ပိုများတဲ့နိုင်ငံမှာ ဘာသာတရားအဆုံးအမကို အင်မတန်မြတ်နိုးတဲ့လူထုကို ဗုဒ္ဓဘာသာကိုယ်ကျင့်တရားတွေ အသုံးချပြီး အာဏာရှင်စနစ်ကို မတော်လှန်နိုင်အောင် အားထုတ်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ အထူးသဖြင့် သံဃာတွေကိုလည်း စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှု၊ အကျင့်ပျက်ခြစားမှုတွေကို ဗုဒ္ဓဘာသာကျင့်ဝတ်စံနှုန်းများနဲ့ ထောက်ပြမခံပါဘူး၊ လူထုကို ဘာသာရေးမှိုင်းတိုက်ပြီး မတော်လှန်ဖို့သာ သံဃာတွေကို အသုံးပြုပါတယ်။ 

အာဏာရှင်အဆက်ဆက်ကို လူထုက နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြပေမဲ့ နွေဦးတော်လှန်ရေးက အလွန်ကွဲပြားပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလ ၂၀၀၈ ခြေဥရဲ့ ဒီမိုကရေစီအတုအယောင်အောက်မှာပဲ လူထုက လွတ်လပ်မှု၊ အသိပညာဖွံ့ဖြိုးမှု များစွာရှိခဲ့ပါတယ်။ 

အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူများ

မြန်မာခရိုနီများရဲ့ လာရာနဲ့ လားရာ 

    ခရိုနီဆိုတာ အာဏာပိုင်များနဲ့ နီးစပ်သူ၊ အပေးအယူတွေ လုပ်ပြီး စျေးကွက်မှာ သူများထက် အခွင့်ထူးရယူ စီးပွားရှာသူလို့ အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။​ မြန်မာနိုင်ငံမှာ ခရိုနီမျိုးဆက်များ အလျှိုအလျှိုပေါ်ထွက်လာခဲ့ပြီး တိုင်းပြည်ရဲ့ ဘဏ်လုပ်ငန်း၊ ​ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ ကုန်သွယ်ရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းအသီးသီးကို အဓိကချုပ်ကိုင်ထားကြပါတယ်။ ၁၉၉၇ ဝန်းကျင် နဝတလက်ထက် စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကြောင့် ပြုတ်ကျလုနီးပါးဖြစ်နေတဲ့ စစ်အစိုးရဟာ စီးပွားရေးထွက်ပေါက် ရရှိနိုင်ဖို့ နအဖလို့ အမည်ပြောင်းပါတယ်၊ ပြီးတော့ ခရိုနီများ စတင်မွေးထုတ် အသက်ဆက်ခဲ့ကြပါတယ်။ ဒီခရိုနီတွေဟာ စစ်အစိုးရထိပ်သီးခေါင်းဆောင်ပိုင်းနဲ့ အကျိုးတူပူးပေါင်းပြီး ပြည်သူပိုင်မြေယာ၊ လုပ်ငန်း၊ အဆောက်အအုံတွေကို အဆမတန်နည်းပါးတဲ့ နှုန်းထားတွေနဲ့ ငှားရမ်းခွင့်၊ ​သစ်နဲ့ ကျောက်စိမ်း စတဲ့ သယံဇာတွေ ထုတ်ယူရောင်းချခွင့်၊ နောက်ပိုင်း နေပြည်တော်အပါအဝင် စစ်အစိုးရရဲ့ ဆောက်လုပ်ရေးလုပ်ငန်းများစွာကို ဆောက်လုပ်ခွင့်တွေ ရရှိပြီး ကြွယ်ဝလာကြပါတယ်။ အပြန်အလှန်အားဖြင့် အဆိုပါခရိုနီတွေဟာ စစ်အစိုးရ မပြုတ်ကျရေးအတွက် လိုအပ်နေတဲ့ နိုင်ငံခြားငွေများရှာဖွေပေးခြင်းကအစ၊ စစ်အစိုးရလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ သွင်းအားစုမှန်သမျှ၊ နောက်ပိုင်း ပြည်သူကို နှစ်ပေါင်းများစွာ သတ်ဖြတ်နေတဲ့ စစ်တပ်လိုအပ်တဲ့ လက်နက်ပစ္စည်းတွေ ဝယ်ယူပေးတဲ့အထိ ထဲထဲဝင်ဝင်ပတ်သက်ခဲ့ကြပါတယ်။ 

    ပြည်သူ့အစိုးရတက်လာတဲ့ ၂၀၁၅ ခုနှစ်မှ အာဏာမသိမ်းခင်အထိ ၎င်းတို့အတိတ်ပုံရိပ်ကို ချေဖျက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလာကြပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှာတော့ ခရိုနီများရဲ့ မျက်နှာဖုံးဟာ ကွာကျလာတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြည်သူလူထုရဲ့ တော်လှန်ရေးကို တိုက်ရိုက်ထိခိုက်စေတာကတော့ ခရိုနီတွေ တည်ထောင်ထားတဲ့ ဘဏ်တွေပဲ ဖြစ်ပါတယ်။ စားသုံးသူအခွင့်အရေးဥပဒေများနဲ့ ဆန့်ကျင်ပြီး ပြည်သူတွေရဲ့ ဘဏ်စာရင်းများ စစ်တပ်အလိုကျ ပိတ်သိမ်းပေးခြင်း၊ အချက်အလက်များပေးခြင်း စတဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းကြပြီး အလှူငွေစီးဆင်းမှု၊ ​ငွေကြေးဝန်ဆောင်မှုများကို ထိခိုက်စေပါတယ်။ NLD အစိုးရကို ပေါ်ပေါ်ထင်ထင် ချဉ်းကပ်၊ နာမည်ကောင်းရဖို့ ကြိုးစားခဲ့ကြတဲ့ အဆိုပါ ခရိုနီတွေကို စစ်တပ်က အနှောင့်အယှက်မပေးတဲ့အပြင် ယခင်နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်တာ တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခရိုနီတွေအပေါ် စစ်တပ်က ဘယ်လောက် အားကိုးအားထားပြုရသလဲဆိုတာ ထင်ရှားပါတယ်။ စစ်တပ်ဟာ စီးပွားရေးကို ၎င်းတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ ခရိုနီတွေလက်ထဲ အမြော်အမြင်နဲ့ အပ်နှံထားခြင်းဖြင့် နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုဒဏ်၊ နောက်ဆုံး ပြည်သူလူထု သပိတ်မှောက်တာ၊ လူမှုရေးပြစ်ဒဏ်ခတ်တာတွေကိုပါ ထိရောက်မှု အားနည်းအောင် ဆောင်ရွက်ထားနိုင်ပါတယ်။ ခရိုနီတွေက စီးပွားရေးကျောထောက်နောက်ခံပြုမှု မရှိဘူး ဥပမာ ဘဏ်တွေက စစ်တပ်အလိုကျ ဆောင်ရွက်ပေးဖို့ ငြင်းဆန်မယ်ဆိုရင် ပြည်သူလူထုတော်လှန်ရေးက ဒီထက်များစွာအားကောင်းနိုင်မှာပါ။ 

ဘာသာရေးခေါင်းဆောင်များရဲ့အခန်းကဏ္ဍ

    ဘာသာရေးဟာ မြန်မာနိုင်ငံမှာ အကဲအဆတ်ဆုံးကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး သံဃာထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မရှိသလောက် အားနည်းသွားပါတယ်။ ယခုနွေဦးတော်လှန်ရေးမှာတော့ ပြည်သူလူထုကို ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်တပ်ကို သံဃာတော်ကြီးများက တားဆီးရန် ပျက်ကွက်နေသေးတာ အံ့သြဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။ ပိုမို အံ့သြဘနန်းဖြစ်ကြရတာကတော့ ဆန္ဒပြလူထုကို နေ့ခင်းကြောင်တောင် လမ်းပေါ်မှာ ပစ်သတ်၊ ရွာတွေကို မီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲပြီး စစ်ရာဇဝတ်မှုပေါင်းစုံကျူးလွန်နေတဲ့ စစ်တပ်ဟာ ကိုယ့်ကိုယ်ကိုယ်တော့ သာသနာစောင့်ရှောက်သူများအဖြစ် ပုံဖော်နေကြခြင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအနေနဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဘာကြောင့် ရှုဆိတ်နေကြသလဲဆိုတာကို များစွာသော ပြည်သူလူထုက နားမလည်နိုင်အောင် ဖြစ်ကြရပါတယ်။

အာဏာသိမ်းမှုကို သံဃာအများအပြား ကန့်ကွက်ကြပြီး တချို့က လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြသူများနှင့် ပူးပေါင်းခဲ့ကြသည်

    ဘုန်းတော်ကြီးအများစုဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်တဲ့ ဓမ္မတရား၊ ကိုယ်ကျင့်တရားများမှ သွေဖည်လာပြီး သာသနာရဲ့ အပေါ်ယံအဆောက်အအုံများဖြစ်တဲ့ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းစတဲ့ လုပ်ငန်းတွေမှာ ပိုမိုအားစိုက်လာပါတယ်။ အဆိုပါ အပေါ်ယံလုပ်ငန်းတွေဟာ လူသတ်အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူပိုင်သယံဇာတတွေကို ခိုးယူနေတဲ့ ခရိုနီများအတွက် အခွင့်အလမ်းများဖြစ်လာပါတယ်။ ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း၊ ​တရားဓမ္မအားထုတ်ခြင်းထက် လှူဒါန်းပေးကမ်းရုံနဲ့ ကုသိုလ်ဖြစ်တယ်ဆိုတဲ့လမ်းကို လိုက်ပါရတာ အင်မတန်လွယ်ကူပါတယ်။ ဒီအခြေအနေဟာ အပေးအယူဆန်လာပြီး ဘုန်းတော်ကြီးများ လိုအပ်တဲ့၊ လိုချင်တဲ့ သံဃာနဲ့ မလျော်အပ်တဲ့ ရုပ်ဝတ္ထုစည်းစိမ်များ ပေးကမ်းတဲ့နည်းနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုကို ဆေးကြောခွင့် အတိအလင်းရယူနိုင်လာကြပါတယ်။ 

    ဒါ့အပြင် ပွင့်လင်းခေတ်မီလာတဲ့ လူ့အဖွဲ့အစည်းမှာ ဘုန်းတော်ကြီးများရဲ့ ကိုယ်ကျင့်သိက္ခာ၊ စွန့်လွှတ် ခြိုးခြံနိုင်ခြင်း စတာတွေကို လူထုက စတင်မေးခွန်းထုတ်လာပါတယ်။ ဒီလိုအခြေအနေမှာ ဘုန်းတော်ကြီးများအတွက် ရွေးချယ်စရာလမ်း ၂ ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမနည်းကတော့ လူထုငြိုငြင်ခြင်းမရှိအောင် ခြိုးခြံချွေတာနေထိုင်ပြီး ကိုယ်ကျင့်သိက္ခာကို ဝိနည်းများနဲ့အညီ လိုက်နာထိန်းသိမ်းကာ သံဃာ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ စည်းစိမ်များမဆုံးရှုံးရေးအတွက် ၎င်းတို့အပေါ် ဝေဖန်ထိခိုက်လာကြတာတွေကို အာဏာ၊ ငွေကြေးတို့နဲ့ ကာကွယ်ခြင်းပါပဲ။ ဘုန်းတော်ကြီးအများစုဟာ အလွယ်လမ်းဖြစ်တဲ့ စစ်တပ်၊ ခရိုနီတို့နဲ့ ဆက်လက်လက်တွဲကာ ပြည်သူလူထုကို မျက်ကွယ်ပြုတဲ့လမ်းကိုသာ ရွေးချယ်ခဲ့ကြတာ တွေ့ကြရပါတယ်။ ဗုဒ္ဓအဆုံးအမကိုယ်ကျင့်များနဲ့ ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်များအပေါ် သိစိတ်နဲ့ အပြည့်အဝထောက်ခံခြင်း မဟုတ်သည့်တိုင် ၎င်းတို့ ရှိရင်းစွဲ ရုပ်ဝတ္ထုစည်းစိမ် ထိန်းသိမ်းထားနိုင်ရေးအတွက် ဆန့်ကျင်မှုမပြုခြင်းဖြစ်ဖို့ ပိုများနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ အထက်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း လူသတ်လက်နက် သုံးပိုင်ခွင့်ရှိနေတဲ့ စစ်တပ်၊ စီးပွားရေးကို ထိန်းချုပ်ထားတဲ့ ခရိုနီများနဲ့ လူထုနှလုံးသည်းပွတ်ဖြစ်တဲ့ ဗုဒ္ဓသာသနာကို ဦးစီးထားတဲ့ ဘုန်းတော်ကြီးများရဲ့ အင်အားဟာ လွန်စွာကြီးမားပါတယ်။ 

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ 

    ယခုအခါ ပြည်သူ့တော်လှန်ရေးဟာ များစွာအရှိန်မြင့်လာပြီး နိုင်ငံရေးနိုးကြားမှုဟာလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးမှာ ရှိလာနေပါပြီ။ လူထုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတရားမှုမှန်သမျှကို ရှင်းလင်းစွာ သိမြင်လာကြပြီးဖြစ်ပါတယ်။ 

    မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ မဲပေးခွင့်၊ အစိုးရတင်မြှောက်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို အသုံးချမိရုံနဲ့ သတ်ဖြတ်ခံနေရတဲ့ စနစ်ဆိုးကို အမြစ်ဖြတ်နေတာဖြစ်ပါတယ်။ မိမိတို့ နိုင်ငံသားတိုင်းပိုင်ဆိုင်တဲ့ သယံဇာတများ၊ စီးပွားရေးအခွင့်အလမ်းများကိုလည်း လူတစ်စုထိန်းချုပ်တဲ့စနစ်အောက်ကနေ ရုန်းထွက်နေကြပါတယ်။ အလားတူ ကိုယ်ကျင့်ဓမ္မတရားထက် အပေါ်ယံမြင်သာတဲ့ လှူဒါန်းမှုများ ပြုလုပ်ရုံနဲ့ ဘယ်သူဖြစ်ဖြစ် သူကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ခြစားနေတဲ့ ဘုန်းတော်ကြီးသာသနာကိုလည်း အပြီးတိုင်ရှင်းလင်းနေကြပါတယ်။ 

    အဆိုပါ ဖက်ဆစ်စနစ်ရဲ့ ဒေါက်တိုင်များကို ဖြိုချရုံနဲ့ တော်လှန်ရေးအောင်မြင်တယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါကြောင့် လူထုဟာ ပြည်သူကို သတ်ဖြတ်နိုင်တယ်လို့ ခံယူထားတဲ့ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင် ရှင်းလင်းပြီး ခွင့်တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်နေကြတာဖြစ်ပါတယ်။ စီးပွားရေးမှာလည်း လူတိုင်းဟာ တန်းတူအခွင့်အလမ်းများရရှိကာ မိမိတို့ကြိုးပမ်းအားထုတ်မှုမှန်သမျှ အကျိုးခံစားခွင့်ရှိတဲ့ စီးပွားရေးစနစ်တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ အလားတူ ကိုယ်ကျင့်တရားပြည့်စုံတဲ့၊ လူသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသူမှန်သမျှကို အဓမ္မမှု၊ ​မတရားမှုအဖြစ် ပြတ်သားရဲရင့်စွာခံယူတဲ့ ဘာသာ၊ သာသနာများ ထွန်းကားလာဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အောင်မြင်ပြီး ခိုင်မာတဲ့၊ တရားမျှတဲ့၊ လောကပါလတရားများ ထွန်းကားတဲ့ ပြည်ထောင်စုသစ်တစ်ခုကို မွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button