သတင်း

ရဟန်းတစ်ပါးကို ဖမ်းဆီး ရိုက်နှက်သည့် တပ်က မစိုးရိမ်တိုက်သစ်ကို ဝင်မွှေ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သက်တော် ၄၀ ကျော်အရွယ် ရဟန်းတစ်ပါးကို ယမန်နေ့ (ဖေဖော်ဝါရီ ၉) ည ၁၁ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး မစိုးရိမ်တိုက်သစ်ကိုလည်း အင်အားအလုံးအရင်းနှင့် စီးနင်းခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်အချို့ကို ယမန်နေ့ညဦးပိုင်းတွင် စစ်ကောင်စီတပ်သားတို့က ဖမ်းဆီးလိုက်ပြီးနောက် နာရီပိုင်းအကြာ ထိုဆန္ဒပြလမ်းကြောင်းတွင် ပါဝင်သည်ဟု ၎င်းတို့ ယူဆသည့် ဦးစန္ဒိမာကို ကျောင်းတိုက်အတွင်း ဝင်ဖမ်းခြင်း ဖြစ်သည်ဟု မန္တလေးသံဃသမဂ္ဂအဖွဲ့ထံမှ သိရသည်။

ဦးစန္ဒိမာ ဖမ်းဆီးခံရပြီး (ဖေဖော်ဝါရီ ၁၀) နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား ၇ စီးဖြင့် မန္တလေးရှိ နာမည်ကြီးပရိယတ္တိစာသင်တိုက်ကြီးတစ်ခုဖြစ်သော မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၏ အုတ်နံရံကို ကျော်တက်၍ ဝင်ရောက်စီးနင်းကာ ဆန္ဒပြရာတွင်ပါဝင်သည့် နောက်ထပ်သံဃာများကို ရှာဖွေခဲ့သည်။

“သူတို့က ဦးဇင်း လေး၊ ငါးပါးရဲ့ ဖုန်းတွေကိုလည်း စစ်တယ်။ မျက်နှာတွေလည်း တိုက်စစ်တယ်။ သူတို့လိုချင်တဲ့ (ဆန္ဒပြ)လမ်းကြောင်းလိုက်တဲ့အထဲ ပါလား၊ မပါလားဆိုပြီးတော့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဟန်းတစ်ပါးက Myanmar Now ကို မိန့်သည်။

ထို့နောက် ဆန္ဒပြသံဃာတော်များကို မတွေ့သည့်အတွက် စစ်ယူနီဖောင်းဝတ်ထားသူအပါအဝင် အရပ်ဝတ် ၂၀ ခန့်သည် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုပြီး ကျောင်းတိုက်အတွင်းမှ နာရီဝက်အတွင်း ပြန်လည်ထွက်ခွာသွားသည်ဟု မန္တလေးသံဃသမဂ္ဂမှ နောက်သံဃာတော်နှစ်ပါးက မိန့်သည်။

မစိုးရိမ်တိုက်သစ်ကျောင်းတိုက်သို့ ရောက်လာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးစန္ဒိမာကို လူဝတ်လဲ ခေါ်လာကြောင်း၊ ပြင်းပြင်းထန်ထန် ထိုးကြိတ်နှိပ်စက်ခံထားရကြောင်း မျက်မြင်တွေ့ခဲ့ရသည့် သံဃာများထံမှ သိရသည်။

“တော်တော်ကို ရိုက်နှက်၊ ထိုးကြိတ်ထားတာ။ လမ်းမလျှောက်နိုင်တဲ့အထိကို ဖြစ်သွားတယ်။ ပြန်ထွက်တဲ့အချိန်မှာ သူ့(ဦးစန္ဒိမာ)ကို တရွတ်တိုက်ဆွဲသွားတာ။ မင်းတို့ရဟန်းတုတွေ၊ ဘာတွေ ဆိုပြီးတော့ မိုက်မိုက်ရိုင်းရိုင်းတွေလည်း ပြောတာ” ဟု မစိုးရိမ်တိုက်သစ်မှ ရဟန်းတစ်ပါးက မိန့်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရာတွင် ပါဝင်သည့် လက်နက်မဲ့ ရဟန်းတစ်ပါးကို ဖမ်းဆီးပြီး ထိုသို့ နှိပ်စက်သည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရပြီး ကန့်ကွက်ရှုတ်ချသလို ထိုလုပ်ရပ်မှာလည်း အကြမ်းဖက်လုပ်ရပ်သာ ဖြစ်သည်ဟု မန္တလေးသံဃသမဂ္ဂမှ သံဃာတော်တစ်ပါးကလည်း မိန့်ကြားသည်။

“ကျောင်းတံခါးတွေ ပိတ်ထားတာကိုလည်း သူတို့စိတ်တိုင်းကျ ခုန်ကျော်ပြီးမှ ဝင်တယ်။ တကယ့်ကို အကြမ်းဖက်လုပ်ရပ်ပဲ”

ဖမ်းဆီးခံထားရသည့် ဦးစန္ဒိမာ အသက်အန္တရာယ် ထိခိုက်မည်ကို အလွန်စိုးရိမ်ကြောင်း၊ ဆရာတော်သည် ဖမ်းဆီးမခံရမီအချိန်အထိ ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်သူဖြစ်ကြောင်း မန္တလေးသံဃသမဂ္ဂ၏ ယနေ့ညနေပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆရာတော်၊ သံဃာတော်၊ သာသနာ့ဝန်ဆောင်တွေအနေနဲ့ ဒီလုပ်ရပ်တွေအပေါ်မှာ လက်မခံကြဘဲ အားလုံး စည်းလုံးညီညွတ်စွာဖြင့် တော်လှန်ကြဖို့ အချိန်ကြပြီ” ဟု မန္တလေးသံဃသမဂ္ဂမှ အဖွဲ့ဝင် ရဟန်းတစ်ပါးက မိန့်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် သံဃာအများအပြား ဖမ်းဆီးခံခဲ့ရသည်ဟု မန္တလေးသံဃသမဂ္ဂထံမှ သိရသည်။ ၎င်းတို့ သံဃသမဂ္ဂမှ ၅ ပါး ဆက်လက် ထိန်းသိမ်းခံနေရသည်ဟု ဆိုသည်။

ဘွဲ့အမည်ကို ‘နွေဦးအိမ်’ ဟု လုံခြုံရေးအရ ပြောင်းလဲထားသည့်၊ မစိုးရိမ်တိုက်သစ်ကို ဝင်ရောက်စီးနင်းစဉ် လွတ်မြောက်သွားသည့် ရဟန်းတစ်ပါးက “ဦးဇင်းတို့ကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ်ကျရာနေရာကနေ တော်လှန်ရေးပြီးတဲ့အထိ ပါဝင်သွားမှာ” ဟု မိန့်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စာသင်တိုက်ကြီးတစ်ခုသို့ စစ်ကောင်စီတပ်သားတို့ ရောက်လာကာ ကျောင်းဆောင်တစ်ခုကို ချိပ်ပိတ်သွားသည်ဟု မန္တလေးသံဃသမဂ္ဂအဖွဲ့ထံမှ သိရသည်။​

မဟာဝိဇိတာရာမကျောင်းတိုက်အတွင်းရှိ တေဇာလင်္ကာရကျောင်းကို ချိပ်ပိတ်ခြင်းဖြစ်ကြောင်း၊ ရဟန်းနှစ်ပါးကိုလည်း စစ်ကောင်စီက နေရာရွှေ့ပြောင်းခိုင်းခဲ့ကြောင်း သမဂ္ဂအဖွဲ့ဝင် ဆရာတော်အချို့က မိန့်သည်။

စစ်ကောင်စီက လွန်ခဲ့သော ငါးလခန့်ကတည်းက အလိုရှိနေသော ရဟန်းတစ်ပါးကို ဖမ်းမမိသဖြင့် တေဇာလင်္ကာရကျောင်းကို ချိပ်ပိတ်ခြင်းဖြစ်သည်ဟု ကျောင်းတိုက်နှင့် နီးစပ်သည့် ရဟန်းတစ်ပါးက မိန့်သည်။

ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီသည် သံဃာပင်မချန် ဖမ်းဆီးထောင်ချ နှိပ်စက်နေသည်။ 

စစ်အာဏာရှင်ကို ရက်ပေါင်း ၂၀၀ကျော် နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြနေစဉ် ယမန်နှစ် အောက်တိုဘာ ၂ တွင် အရပ်ဝတ် စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ကားနှင့် တိုက်ဖမ်းသဖြင့် ရဟန်း ၅ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

ထိုစဉ်ကလည်း ဖမ်းဆီးခံရသည့်နေရာမှာတင် လူဝတ်လဲ ရိုက်နှက်၍ ကားပေါ်ဆွဲတင်သွားကြကြောင်း မန္တလေးမြို့ခံများက တွေ့ရှိခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button