သတင်း

မြိုင်တွင် ရဲစခန်းကို PDF များဝင်တိုက်၊ ရဲမိသားစုဝင် ၁၃ ဦးကို လွှတ်ပေး

မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ် လင်းကတောရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီ ၂၉) နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် ဖမ်းဆီးရမိသည့် ရဲမိသားစုဝင် ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံ PDF ခေါင်းဆောင်က ပြောသည်။

လင်းကတောရဲစခန်းကို မြိုင်၊ ရေစကြိုနှင့် ဆားလင်းကြီးမြို့နယ် PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် ၄၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် ရဲများက စခန်းကို စွန့်၍ ထွက်ပြေးသွားသည့်ပြင် မိသားစုဝင်များကို ချန်ထားခဲ့သည်။

ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ရဲမိသားစု ၁၃ ဦးကို ဖမ်းဆီးရမိသော်လည်း ပြန်လွှတ်ပေးခဲ့သည်ဟု မြိုင် PDF ၏ မြောင်ပိုင်းဇုန်တာဝန်ခံ ဗိုလ် Cross ဆိုသူက Myanmar Now ကို ပြောသည်။ 

“စစ်ကောင်စီကို မထောက်ခံဖို့ ဆုံးမပြီး ပြန်လွှတ်ပေးခဲ့တယ်။ သူတို့ကိုလည်း ကျွန်တော်တို့ လက်ဖျားနဲ့တောင် မထိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

လင်းကတောရဲစခန်းမှာ မြိုင်မြို့မှ ၁၆ မိုင်အကွာ ပုသိမ် – မုံရွာကားလမ်းမနှင့် မြိုင်၊ ရေစကြို၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များ သွားရာလမ်းဆုံတွင်ရှိပြီး မြိုင် PDF ၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ ရဲစခန်းကို သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ 

လင်းကတောရဲစခန်းကို ဒေသခံ PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် ရဲနှင့် စစ်သား ၂၀ ခန့်ရှိသည်ဟု မြိုင် PDF ၏ မြောက်ပိုင်းဇုန်တာဝန်ခံ ဗိုလ် Cross က ပြောသည်။

“အလစ်အငိုက်မှာ ဝင်တိုက်တာပေါ့။ ကျွန်တော်တို့က မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ရင် ပြည်သူတွေ ထိခိုက်မှာ စိုးလို့ မဟာမိတ် ၃ ဖွဲ့ပေါင်းပြီးတော့ တိုက်ခိုက်လိုက်တာ” ဟု ၎င်းက ပြောသည်။​

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ခုခံပစ်ခတ်ခဲ့သော်လည်း ၄၅ မိနစ်ခန့် အကြာတွင် ထွက်ပြေးသွားကြသည်ဟု ရဲစခန်းကို ပူးပေါင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ရေစကြို PDF အဖွဲ့ခေါင်းဆောင် ကိုဝေကြီးဆိုသူက ပြောသည်။​

“အဲဒီစခန်းက ရေစကြို၊ မြိုင်၊ ဆားလင်းကြီးဆုံတဲ့ နေရာမှာရှိတာ။ စစ်ရေးအရ မဟာဗျူဟာကျတယ်။ ပထဝီအရရော ထိစပ်နေတဲ့ မဟာမိတ်မြို့နယ်တွေ ပေါင်းပြီး တိုက်ကြတာ။ ၄၅ မိနစ်လောက်ကြာတော့ သူတို့ ပြေးတော့တာ” ဟု ၎င်းက ပြောသည်။​

လင်းကတောရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရရှိခဲ့သော ရဲတပ်ဖွဲ့သုံး လက်နက်အချို့နှင့် ပစ္စည်းများ။ (ဓာတ်ပုံ ​- မြိုင် PDF) 

ရဲစခန်းကို သိမ်းယူစဉ် G-3 ငါးလက်နှင့် ကျည် ၄၀၀၊ Uzi အမျိုးအစား သေနတ်သုံးလက်နှင့် ကျည် ၂၀၀၊ ဗုံးသီး ၇ လုံး၊ ခြောက်လုံးပြူးတစ်လက်အပါအဝင် လက်တော့ ၂ လုံး၊ ပရင်တာတစ်လုံး၊ ဆိုင်ကယ် ၄ စီး သိမ်းယူနိုင်ခဲ့ပြီး စခန်းတွင်းရှိ အဆောက်အအုံ ၁၁ ခုကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ဒေသခံ PDF အဖွဲ့များ ပူးပေါင်း၍ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်ကူလာချကြောင်း၊ အင်အား ၃၀ ခန့်ရှိ စစ်သားများသည် လင်းကတောရွာသို့ ခြေလျင်တက်လာစဉ် လမ်းတွင်တွေ့သည့် ရွာသား ၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဗိုလ် Cross က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စခန်းဘေးရှိ အရပ်သားပိုင် သုံးထပ်တိုက်တွင် တပ်စွဲထားကာ ဖမ်းဆီးခဲ့သည့် အရပ်သားများကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်ဟု ၎င်းက ဆက်ပြောသည်။

မြိုင်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်က အင်အားတိုးလာကြောင်း၊ မြိုင်မြို့အနောက်ဘက် ဗဟင်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် မြောက်ဘက်သို့ စစ်ကြောင်းထိုးလာသည်ဟု ဗိုလ် Cross က ပြောသည်။

လင်းကတောရဲစခန်းကို ဒေသခံ PDF များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီရန်ကြောင့် လင်းကတောအပါအဝင် အနီးဝန်းကျင်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်က ယခုလ (ဇန်နဝါရီ) ဆန်းပိုင်းကတည်းက မြိုင်မြို့နယ်အတွင်း စစ်ကြောင်းများခွဲကာ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။​

ယမန်နေ့က တိုက်ခိုက်ခံရသည့် ရဲစခန်းရှိရာ မြိုင်မြို့နယ်အရှေ့ဖျားဆုံးရှိ လင်းကတောရွာကို ဇန်နဝါရီ ၁၄ တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ဝင်ရောက်စီးနင်းပြီး နှစ်ညခန့် တပ်စွဲခဲ့သည်။

မြိုင်မြို့နယ်တောင်ပိုင်း ပေါက်နှင့် မြိုင်မြို့နယ်အကြားရှိ လက်ယက်တွင်း ရေနံမှော်များကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက်ကတည်းက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ရေနံတွင်းတစ်ခုလျှင် ကျပ် တစ်သိန်းနှစ်သောင်းမှ ကျပ်ငါးသိန်းအထိ အတင်းတောင်းယူကြောင်း၊ ပိုက်ဆံမပေးသည့်အတွက် မီးရှို့ ဖျက်ဆီးခံရသည့် ရေနံတွင်းများလည်း ရှိသည်။

ရေနံမှော်များကို စီးနင်းခံနေရစဉ် ဇန်နဝါရီ ၂၃ ရက်က မြိုင်မြို့နယ် ကျောင်တိုင်ခင်ရွာတွင် ရွာသားသုံးဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့သည့်ပြင် ဇန်နဝါရီ ၂၇ တွင်လည်း သရက်ကန်နှင့် ကြက်ဆူအိုင်ရွာကြားတွင် အရပ်သားနှစ်ဦးကို သတ်ဖြတ်ကာ မီးရှို့သွားသည်ဟု မြိုင် PDF တာဝန်ရှိသူက ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button