မေးမြန်းခန်း

“မန္တလေးက အားလုံးမျက်စိကျနိုင်တဲ့နေရာ”

ပညာရေး အလေးပေးသော၊ မောင်နှမ များပြားသော မိသားစုတွင် ကြီးပြင်းလာရသူ ဒေါက်တာဇော်မြင့်မောင်သည် ငယ်စဉ်ကပင် နိုင်ငံရေး စိတ်ဝင်စားသော်လည်း မိဘနှစ်ပါး၊ မောင်နှမ ရှစ်ဦးတို့ ဒုက္ခရောက်မည်ကို ထောက်ထားပြီး နိုင်ငံရေးတွင် ပါဝင်ခြင်းမပြုခဲ့ဟု ဆိုသည်။ ဦးနေဝင်း အစိုးရလက်ထက် မန္တလေးဆေးတက္ကသိုလ် ဆရာဖြစ်သူ ဖခင်မှာ ကျောင်းသား အဆောင်မှူးလည်း ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားသော သူငယ်ချင်းများ ကျောင်းထုတ်ခံရသည်ကို တွေ့မြင်ခဲ့ရသည်။

၁၉၈၈ လူထုလှုပ်ရှားမှု ဖြစ်လာချိန်တွင်တော့ နိုင်ငံရေး လောကထဲ ခြေစုံပစ် ဝင်လိုက်တော့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဖြစ်လာသော်လည်း လွှတ်တော်သို့ မရောက်ဘဲ နိုင်ငံအတွင်း ဆိုးရွားပါပေ့ဆိုသော ထောင်များတွင် ၁၉ နှစ် နေခဲ့ရသည်။ ၂ဝဝ၉ တွင် လွတ်မြောက်လာပြီးနောက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်လာသော ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည် ဘေးတွင် ပုံမှန်မြင်တွေ့ခဲ့ရသည်။

၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်သောကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ် ဖြစ်လာပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အမရပူရမဲဆန္ဒနယ် အမှတ် ၁ တွင် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်မည်ဟု အများက ခန့်မှန်းနေကြသော ဒေါက်တာဇော်မြင့်မောင်သည် သူ့ကို ပါတီက မည်သည့်နေရာတွင် ချထားမည်ဖြစ်ကြောင်း မသိသေးဟုဆိုသည်။ Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် သင်းလဲ့ဝင်းကို ပါတီအကြောင်း၊ မန္တလေးတွင်ရှိသော စိန်ခေါ်မှုများအကြောင်း ပြောပြထားသည်။

မေး – ၂ဝ၁၂ မှာ နိုင်တာနဲ့ ၂ဝ၁၅ နိုင်တာ ဘယ်လိုကွာခြားလဲ။

ဖြေ – ၂ဝ၁၂ နိုင်တုန်းက P to P (prison to parliament – အကျဉ်းထောင်မှ လွှတ်တော်သို့) ဆိုပြီး ကျွန်တော် ပြောတယ်။ ၉ဝ ခုနှစ်က အိပ်မက်မက်ခဲ့တဲ့ ပါလီမန်ကိုသွားဖို့၊ ဒီမိုကရေစီရရှိဖို့ကို လုပ်နိုင်တော့မယ် ဆိုပြီးတော့ ဝမ်းသာတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်မှာ ကျွန်တော်တို့က လေးဆယ်ကျော်၊ သူတို့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က သုံးရာကျော် လောက်ရှိတယ်ပေါ့လေ။ အခု ကျွန်တော်တို့က လေးရာနီးပါး ရှိတယ်၊ သူတို့က လေးဆယ်ကျော်။ ပြည်သူ တာဝန်ပေးပြီ၊ ကျွန်တော်တို့ လုပ်ဖို့ပဲ ကျန်တော့တယ်၊ ဒီတာဝန်ကို ကျွန်တော်တို့ ဘယ်လို ကျေပွန်အောင် ထမ်းဆောင်နိုင်မလဲဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိတယ်။

မေး – ထောင်နဲ့လွှတ်တော် ခရီးလမ်းက ဘယ်လိုလဲ။ လွှတ်တော်ထဲ လွယ်လွယ်ကူကူ ရောက်လာမယ်လို့ ထင်ထားသလား။

ဖြေ – ထောင်ထဲမှာ နေရတုန်းက တအားကျပ်တယ်။ စာဖတ်ခွင့် မရှိဘူး။ ပုံစံကြီး ထိုင်ရတယ်။ မဝရေစာ စားရတာ၊ အိမ်က မထောက်ပံ့ဘူးဆိုရင် ရပ်တည်ဖို့ ခဲယဉ်းတယ်။ အတိတ်ကို မဖော်ချင်ပါဘူး။ ပြန်လွတ်လာတဲ့ အချိန်မှာလည်း နိုင်ငံရေးအခင်းအကျင်းက တအားဆိုးတယ်။ NLD ဖျက်သိမ်းခံရတော့မယ် ဆိုတာ ပလူကိုပျံနေတယ်။ အဲဒီကြားထဲကနေ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာ လွယ်အိတ်တစ်လုံးနဲ့။ ရုံးတွေ ပိတ်ထားတယ်။ ၂ဝ၁ဝ မတိုင်ခင် အထက်ဗမာပြည် လှည့်တဲ့အချိန်မှာ တချို့ မြို့နယ်တွေက ကျွန်တော်တို့ကို ညလက်သင့်ခံရင် ည ၁ဝ နာရီ၊ ၁၁ နာရီလောက်မှ အစည်းအဝေး လုပ်ရတယ်၊ မှတ်မှတ်ရရ နေပြည်တော်မှာ လက်ခံမယ့်သူ တစ်ယောက်မှမရှိဘူး။ တည်းခိုခန်း သွားတည်းရတယ်။ တည်းပြီးတော့မှ စည်းရုံးရတယ်။ အဲဒီလိုဆိုတော့ နိုင်ငံရေး မျှော်လင့်ချက်က တော်တော်ကို နည်းပါးပါတယ်။ ရွေးကောက်ပွဲ မဝင်ဘူး ၊ အဖျက်ခံရမယ် ဆိုရင်လည်း ဆက်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တော့ ရှိတယ်။ ဒီလိုရှောရှောရှူရှူ ပါလီမန်ထဲ ရောက်လာလိမ့်မယ်တော့ မထင်ဘူး။

၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာ တော်တော်ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲက ဘယ်လိုမှ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မဝင်ဘူးပေါ့။ ကျွန်တော်တို့ နိုင်ငံရေး ဆုံးဖြတ်ချက် မှန်တယ်လို့ထင်တယ်။ ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်လိုက်တယ်။ အဲဒါကြောင့် လမ်းပွင့်သွားတယ်လို့ ထင်တယ်။

မေး – အာဏာလွဲှပြောင်းပေးတဲ့ ယဉ်ကျေးမှုက မြန်မာပြည်မှာ မရှိတာကြာလှပြီ။ ဒီအတွက် ပြည်ခိုင်ဖြိုးအစိုးရကို ကျေးဇူးတင်သလား။

ဖြေ – နှစ်ပိုင်းပြောရလိမ့်မယ်။ လွှတ်တော် လွှွဲပြောင်းရေးလုပ်နေတာ အင်မတန် အဆင်ပြေတယ်၊ အကုန်လုံး ပြင်ဆင်ပေးတယ်။ လွှတ်တော် လွဲှပြောင်းရေးကို ဘယ်သူတွေ တာဝန် ယူလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တယ်။ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသူ) နဲ့ ကျွန်တော်နဲ့က လွှတ်တော် ပြောင်းရွှေ့ရေးဆိုင်ရာ အဖွဲ့မှာပါတယ်။ ကျွန်တော်တို့က လွှတ်တော် ပြောင်းရွှေ့ရေးကို တာဝန်ယူကြတယ်။ စနစ်ကျတယ် ၊ စိတ်ကျေနပ်ဖို့ ကောင်းတယ်။ ဗမာပြည်မှာ နှစ်ပေါင်းငါးဆယ် လောက် ပျောက်နေတဲ့ ဥပဒေပြုတဲ့ ပါလီမန် လွှဲပြောင်းရေးကတော့ တအားကောင်းပါတယ်။

နောက်တစ်ပိုင်းကတော့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတဲ့ တစ်ဖွဲ့ရှိတယ်။ သူတို့က ကျွန်တော်တို့လောက် မလွယ်ကူဘူးပေါ့နော်။

မေး – (ထွေအုပ်) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထဲရေးရဲ့ အောက်မှာ။ ပြည်ထဲရေးဝန်ကြီးကို တပ်မတော်က ရွေးချယ်တာဆိုတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ။

ဖြေ – ထွေအုပ်ကို ပြည်ထဲရေးအဖွဲ့ထဲမှာ ထည့်ထားတာက နည်းနည်းလုပ်ရခက်နေတာ။ ကျွန်တော်တို့ ကြားတာပေါ့နော်။ ထွေအုပ်ကို အရင်အစိုးရ လက်ထက်မှာ ကတည်းက ခွဲထုတ်ချင်တယ်။ ဒါပေမဲ့ မအောင်မြင်ဘူးပေါ့။ ဟိုတစ်နေ့က လူဝင်မှုကြီးကြပ်ရေးဌာနကို ပြည်ထဲရေးအောက်ကို ထည့်ချင်တယ် (လို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပို့တယ်)။ ကျွန်တော် လက်ရှိအခြေအနေမှာတော့ ဒါကို လက်မခံနိုင်ဘူး။ တပ်မတော်က ကာကွယ်ရေးရယ်၊ ပြည်ထဲရေးရယ်၊ နယ်စပ်ရေးရာရယ် ယူထားပြီးတော့မှ အရပ်သားဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးကို သူတို့ထဲ ထည့်လိုက်မယ်ဆိုတော့ တပ်ပေါ်မှာ ပိုပြီးပါဝါရသွားတာပေါ့။ အဲဒါလည်း တစ်ပိုင်းပါသလို ပြီးခါနီး လွှတ်တော်ကြီးပေါ်မှာ ကမန်းကတန်းနဲ့ သမ္မတက သဝဏ်လွှာပေးပို့တာ ကတော့… ကျွန်တော်တို့ကတော့ နောက်လွှတ်တော်မှာ ဆက်စဉ်းစားဖို့ ပြောလိုက်တယ်။

မေး – ဘာဖြစ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အတွက် ဝင်မပြိုင်တာလဲ။

ဖြေ – တိုင်းဒေသကြီးမှာ အတွေ့အကြုံရှိတဲ့သူ လိုတယ်။ တကယ့် ဖက်ဒရယ် ပြည်ထောင်စုဆိုရင် တိုင်းဒေသကြီးလည်း အရေးကြီးလာပြီ။ အဲဒါကြောင့် ဆင်းတာ။ (နေပြည်တော်မှာ) နေချင်တယ်ဆိုရင်လည်း ရာထူးမက်တယ် ဖြစ်ဦးမယ်။ မနေချင်ဘူးဆိုရင်လည်း ကြီးကျယ်တယ် ဖြစ်ဦးမယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်)က တိုင်းဒေသကြီး ဆင်းရမယ်ဆိုတော့ ဟုတ်ကဲ့ဆိုပြီး တစ်ချက်လေးမှ မငြင်းပါဘူး။

မေး – မန္တလေးမှာ ဘာအခက်အခဲတွေ ရှိမလဲ။

ဖြေ – မန္တလေးက အားလုံးမျက်စိကျနိုင်တဲ့ နေရာ။ တရုတ်နဲ့လည်း နီးတယ် ၊ အိန္ဒိယနဲ့လည်း နီးတယ်။ စီးပွားရေး အချက်အချာနေရာ မြို့ ဖြစ်လာတယ်။ စက်မှုဇုန်တွေ ၊ ပြသ၁နာတွေ အများကြီးပဲ။ နောက်ပြီး မြို့ကြီးက တဖြည်းဖြည်း ညစ်ပတ်နေပြီ။ ရွေတချောင်း (ချောင်းရေ) က တအားပဲ ညစ်ပတ်နေပြီ။ အဓိက စိန်ခေါ်မှုကတော့ မြေသိမ်းထားတဲ့ ကိစ္စတွေ။ အခုလောလောဆယ်ကို ထပ်ပြီးတော့ သိမ်းနေကြသေးတယ်။ ဒီမြေသိမ်းယာသိမ်း ပြဿနာတွေကိုတော့ ရှင်းရမယ်။ နေရာတိုင်းမှာ ပျံ့နှံ့နေတဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုကလည်း ရှိနေသေးတာပဲ။ အစိုးရအဖွဲ့ ဖွဲ့ပြီဆိုရင် NLD အနေနဲ့ စိန်ခေါ်မှုလည်းများ၊ အခွင့်အလမ်းလည်း ပိုများမယ် ထင်ပါတယ်။

မေး – နန်းတွင်းမှာ စစ်တပ်က အကြီးအကျယ် တပ်စွဲထားတယ်နော်။ အဲဒါကျတော့ ဘယ်လို ကိုင်တွယ်ရမလဲ။

ဖြေ – အဲဒါတော့ ခေါင်းထဲ ဘာမှထည့်မထားသေးဘူး။ အခုချိန်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုတာ တော်တော်များများ အလေးထားလာတဲ့ အချိန်။ တန်ဖိုးထားသင့်တာပေါ့နော်။ ကျုံးကြီးဆိုရင် တော်တော် ပြင်လိုက်တာ ကြည့်ရတာ ဆိုးသွားပြီ။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ပြင်ရမှာ။ သပ်ရပ်သွားတယ်လို့ ထင်ပေမယ့် ယဉ်ကျေးမှုရှုထောင့်က ကြည့်လိုက်တဲ့အခါ တန်ဖိုးမဲ့သွားတယ်။ ကျွန်တော်တို့က စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး အဲဒီရှုထောင့်ကနေပဲ ကြည့်နေသေးတယ်ပေါ့နော်။ မန္တလေးမှာက နောင်တစ်ချိန်မှာ ခရီးသွားလုပ်ငန်း တိုးတက်လာမှာ။

မေး – စစ်တပ်နဲ့ NLD ညှိနှိုင်းတဲ့အခါမှာ ဝန်ကြီးချုပ်နေရာတချို့ လိုချင်တယ်လို့ စစ်တပ်က တောင်းဆိုတယ်လို့ ပြောတဲ့သူ တချို့လည်း ရှိတယ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာမလဲ။

ဖြေ – ဘာမျှော်လင့်ချက်နဲ့မှ ကျွန်တော် အောက်ကို (မန္တလေးတိုင်းဒေသကြီးကို) ဆင်းတာ မဟုတ်ပါဘူး။ အခုလည်း ကျွန်တော် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် မသိတဲ့အတွက် သူတို့တောင်းတဲ့ဟာတွေ မသိပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်နဲ့) ကာချုပ်နဲ့တွေ့တုန်းက ကျွန်တော်ပါတယ်၊ ဒါတွေက(ထုတ်) ပြောလို့ မရဘူးလေ။

မေး – မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုတာတွေ အများကြီးရှိတဲ့ မန္တလေးမှာ အမျိုးသားရေးဝါဒီတွေလည်း တော်တော်များများ ထွက်လာတယ်။ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေး လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့ကော စိတ်ပူမိလား။

ဖြေ – အမျိုးသားရေးဝါဒီတွေ ပေါ်လာကတည်းကတော့ စိုးရိမ်စရာ ရှိတယ်။ စာရွက်စာတမ်းတွေ ဖြန့်တာတွေက ကျွန်တော်တို့ ကြားနေရတယ်။ တော်တော် သတိထားပါတယ်။ စိုးရိမ်မှုရှိပေမယ့် မန္တလေးတိုင်းမှာတော့ သံဃာတွေက NLD တွေကို စောင့်ရှောက်တာတွေ ရှိပါတယ်။ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးလို့ ရတယ်ပေါ့နော်။ အခုလောလောဆယ် ကတော့ ပြသ၁နာ ကြီးကြီးကျယ်ကျယ် မရှိပါဘူး။

မေး – နိုင်ငံရေးလုပ်ခဲ့တဲ့ တစ်လျှောက်လုံး နောင်တရမိတာ ရှိသလား။

ဖြေ – ဒါက ကျွန်တော်ရွေးတဲ့ လမ်းလေ။ ဒီရွေးတဲ့လမ်း ကျွန်တော် လျှောက်တဲ့အတွက် မိသားစု နစ်နာသွားတယ်။ ကျွန်တော့်သားတွေမှာ လိုချင်တာတွေ ရှိခဲ့ဖူးတယ်။ သူတို့ လိုအပ်ချက်တွေကို ကျွန်တော့် အမျိုးသမီး တစ်ယောက်တည်း မဖြည့်နိုင်ဘူး။ ဒီမှာ အထူးပြောချင်တာကတော့ ကျွန်တော့် အမျိုးသမီးနှစ် ၂ဝ လုံးလုံး ကျွန်တော့်ကို မညည်းမညူဘဲနဲ့ ထောင်ဝင်စာ လာတွေ့တယ်။ ကျွန်တော့်သားတွေ သမီးတွေကို လူဖြစ်အောင် လုပ်ပေးခဲ့တဲ့သူ။ ကျွန်တော့်ကို အင်တာဗျူးတိုင်း နောက်ဆုံးပိတ် ဘာနဲ့ပိတ်တတ်လဲဆိုတော့ ကျွန်တော့် အမျိုးသမီးကို ကျွန်တော် ကျေးဇူးတင်ပါတယ်လို့။

Show More

Related Articles

Back to top button