အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချောင်းဦးမြို့တွင် စစ်ကား မိုင်းထိပြီး စစ်သား ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း၌ ယနေ့ (စက်တင်ဘာ ၂၃) တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးထက် မနည်းသေဆုံးသွားသည်ဟု ချောင်းဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။ 

ယနေ့ မနက် ၈ နာရီဝန်းကျင် မန္တလေးမြို့မှ မုံရွာမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကား၂ စီးကို ချောင်းဦးမြို့နယ်အရှေ့ဘက် နတ်ရေကန်ရွာနှင့် ရေပိုးစားရွာအကြားတွင် ချောင်းဦးမြို့နယ် PDF, မုံရွာမြို့အခြေစိုက် သံမဏိနှင့်အဖွဲ့သားများပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကားနှစ်စီးလုံး ဘယ်ဘက်အခြမ်း ပျက်စီးသွားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်သည့်နေရာသို့ လူနာတင်ကားများ ရောက်ရှိလာကြောင်း ချောင်းဦး PDF က ယနေ့ မနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

“ကားတွေက စုတ်ပြတ်သတ်သွားတယ်။ အခုက အဲဒီဘက်မှာ အစစ်အဆေးတွေ လုပ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်ကြားတယ်။ ဖြစ်တဲ့နေရာက ရွာတွေနဲ့ ဝေးတယ်”ဟု ချောင်းဦး PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်သော်လည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် ရဟတ်ယာဉ်တစ်စင်း ရောက်လာကြောင်း သံမဏိနှင့်အဖွဲ့သားများ ခေါင်းဆောင် ကိုသံမဏိက ပြောသည်။

“ဟတ်စကီးတွေ ဝဲနေတယ်။ သူတို့တွေ ဖြန့်ရှာမယ်လို့ ကြားတယ်။ ကျွန်တော်တို့က မိုင်း ၉ လုံး ဆင်ထားတာ။ ပထမတစ်လုံးကွဲပြီးတဲ့အချိန်မှာ ဒီကောင်တွေ ကားပေါ်က ပျာယီးပျာယာ ဆင်းလာလိမ့်မယ်လို့ ထင်တယ်ဗျ။ ဆင်းပြီးတဲ့အချိန်မှာ ကျန်တဲ့အလုံးတွေကို ကျွန်တော်တို့က တောက်လျှောက်ဖောက်တာဆိုတော့ ဒီကောင်တွေ အထိနာတယ်”ဟု ၎င်းက ဆက်ပြောသည်။

ချောင်းဦးမြို့နယ် PDF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စက်တင်ဘာ ၁၅၊ ည ၉ နာရီ ဝန်းကျင်၌ ချောင်းဦးမြို့အနောက်ဘက် ၅ မိုင်ကျော်ရှိ ကုလားကြီးရွာအနီးရှိ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး နောက်တစ်နေ့တွင် အနီးအနားကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။ ယင်းနေ့ (စက်တင်ဘာ ၁၆) က ချောင်းဦးမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ မယ်သဲကြိုးရွာတွင် PDF များနှင့် ပစ်ခတ်မှုဖြစ်ပြီး ချောင်းဦး PDF ၅ ဦး သေဆုံးကာ တစ်ဦးဖမ်းဆီးခံရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် စစ်သားများက ပြန့်ကျဲနေသည့် ရုပ်အလောင်းများအနီး ထိုင်နေသော လူငယ်တစ်ဦးအား “ချောင်းဦး PDF ပါခင်ဗျ” ဟု အော်ခိုင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ 

ယင်းနေ့က တိုက်ခိုက်မှုအတွင်း ဒေသခံ PDF များကို စစ်ကောင်စီက ကြည်းတပ်နှင့် လေတပ် အသုံးပြုတိုက်ခိုက်ခဲ့သည်။ 

စစ်တပ်ပိုင် Mytel တယ်လီဖုန်းလုပ်ငန်း၏ တာဝါတိုင်များဖျက်ဆီးခံနေရချိန်တွင် ထိုတာဝါတိုင်များကို လုံခြုံရေးဂရုစိုက်ပေးရန် ညွှန်ကြားချက်ထွက်ပေါ်လာပြီး စစ်ကောင်စီတပ်သားများက လုံခြုံရေးအတွက် တာဝါတိုင်ဝန်းကျင် မိုင်းထောင်နေသည့် ဓာတ်ပုံတစ်ပုံလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အွန်လိုင်းလူမှုကွန်ရက်တွင် ပေါ်ထွက်လာသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button