အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အတွေးအမြင်

ICJ က ဂမ်ဘီယာကိုအနိုင်ပေးရုံမျှဖြင့် ရိုဟင်ဂျာများအတွက် တရားမျှတမှုရပြီဟု မသတ်မှတ်နိုင်

ရိုဟင်ဂျာအမှုအတွက် ICJ ၏ အပြီးသတ်စီရင်ချက် နိုဝင်ဘာလ ၁၉ ရက်တွင် ထွက်ပေါ်လာမည်ဖြစ်သော်လည်း နစ်နာသူများ တရားမျှတမှု ရရှိရေးမှာ စီရင်ချက်ကို မည်မျှ အကောင်အထည်ဖော်နိုင်မည်ဆိုသည့်အခြေအနေတွင် မူတည်နေသည်။

ရိုဟင်ဂျာများအား  လူမျိုးသုဉ်း စွပ်စွဲချက်များအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ အပြီးသတ်စီရင်ချက် နိုဝင်ဘာလ ၁၉ ရက်တွင် ထွက်ပေါ်လာမည်ဖြစ်သော်လည်း နစ်နာသူများ တရားမျှတမှု ရရှိရေးမှာ စီရင်ချက်ကို မည်မျှ အကောင်အထည်ဖော်နိုင်မည်ဆိုသည့် အခြေအနေတွင် မူတည်နေသည်။

ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် ဤအမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည့် အမှုအတွက် ခုနစ်နှစ်အကြာတွင် ထွက်ပေါ်လာမည့် စီရင်ချက်သည် ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိရေးတွင် အရေးပါသည့် အဆင့်တဆင့် ဖြစ်လာနိုင်သည်။

သို့သော် တရားရုံးက မြန်မာနိုင်ငံအပေါ်ကို တာဝန်ရှိကြောင်း ဆုံးဖြတ်ခြင်းနှင့် နစ်နာသူများ လက်တွေ့ကုစားမှု ရရှိခြင်းတို့အကြား အကွာအဝေးတခု ရှိနေသည်။ စီရင်ချက် အကောင်အထည်ဖော်နိုင်ရေးမှာ မြန်မာနိုင်ငံကို အုပ်ချုပ်နေသူများ၏ လိုက်နာမှုအပြင် နိုင်ငံတကာ၏ ဖိအားနှင့် နိုင်ငံရေးဆန္ဒအပေါ်တို့တွင်လည်း မူတည်နေသည်။

ယခုအမှုတွင် ICJ က ဆုံးဖြတ်မည့်အရာမှာ စစ်ခေါင်းဆောင်တဦးချင်းစီ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုမဟုတ်ဘဲ မြန်မာနိုင်ငံ၏ နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုဖြစ်သည်။ မင်းအောင်လှိုင် သို့မဟုတ် အခြားစစ်ခေါင်းဆောင်တဦးဦးကို ထောင်ဒဏ်ချမှတ်ပေးရန် ဂမ်ဘီယာက တောင်းဆိုထားခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံက လက်မှတ်ထိုးထားသော ‘၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး ကွန်ဗင်းရှင်း’ပါ ပြဋ္ဌာန်းချက် တာဝန်များကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမှု၏ အဓိကအငြင်းပွားချက်တခုမှာ ရိုဟင်ဂျာများကို လူမျိုးစုတစုအဖြစ် အလုံးစုံဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက် ရှိခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ဖြစ်သည်။ နိုင်ငံတကာဥပဒေအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ရုံဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှု အလိုအလျောက် မမြောက်ပေ။ ကွန်ဗင်းရှင်းက အကာအကွယ် ပေးထားသည့် လူမျိုး၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စုတစုကို ဖျက်ဆီးရန် သီးခြားရည်ရွယ်ချက် ရှိကြောင်းလည်း သက်သေပြရသည်။ 

ကျူးလွန်ခဲ့သည့် လုပ်ရပ်များ၏ အတိုင်းအတာ၊ စနစ်တကျ ဆောင်ရွက်ခဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အမုန်းစကားများကို အခြေခံကာ ထိုရည်ရွယ်ချက် ရှိခဲ့ကြောင်း ဂမ်ဘီယာဘက်က တင်ပြထားသည်။ မြန်မာဘက်ကမူ စစ်ဆင်ရေးများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်ဖြစ်ပြီး လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း သက်သေမပြနိုင်ဟု ငြင်းဆိုထားသည်။

မြန်မာနိုင်ငံက ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ပါက ချိုးဖောက်မှုအမျိုးအစားနှင့် ချမှတ်မည့် ကုစားရေးအမိန့်များသည် အရေးကြီးလာမည်ဖြစ်သည်။ ဂမ်ဘီယာ၏ တောင်းဆိုချက်များတွင် ချိုးဖောက်မှုများ ရပ်တန့်ရေး၊ ကျူးလွန်သူများကို အရေးယူရေး၊ နေရပ်စွန့်ခွာခဲ့ရသူများ ဘေးကင်းစွာ ပြန်လည်နေထိုင်နိုင်ရေး၊ ဆုံးရှုံးခဲ့သည့် ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးနှင့် လျော်ကြေးပေးရေးတို့ ပါဝင်သည်။ သို့သော် တရားရုံးက မည်သည့်တောင်းဆိုချက်များကို လက်ခံမည်၊ မည်သည့်အတိုင်းအတာအထိ အမိန့်ချမှတ်မည်ကို စီရင်ချက်ထွက်ပေါ် လာမှသာ သိရမည်ဖြစ်သည်။

လိုက်နာရန် တာဝန်ရှိသော်လည်း အကောင်အထည်ဖော်ရေး ခက်ခဲနိုင်

ICJ စီရင်ချက်သည် အကြံပြုချက်သက်သက် မဟုတ်ပေ။ တရားရုံးဥပဒေ အပုဒ် ၅၉ အရ သက်ဆိုင်ရာအမှု၌ ပါဝင်သည့် နိုင်ငံများအပေါ်တွင် ဥပဒေအရ စည်းနှောင်မှုရှိပြီး အပုဒ် ၆၀ အရ အပြီးသတ်ဖြစ်ကာ အယူခံဝင်ခွင့် မရှိပေ။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ပုဒ်မ ၉၄(၁) တွင်လည်း အဖွဲ့ဝင်နိုင်ငံများက မိမိတို့ပါဝင်သည့် အမှုများအတွက် ICJ စီရင်ချက်ကို လိုက်နာရန် ကတိပြုထားသည်။

သို့ရာတွင် ICJ ၌ စီရင်ချက်ကို အတင်းအကျပ် အကောင်အထည်ဖော်ပေးမည့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ သို့မဟုတ် အုပ်ချုပ်ရေးယန္တရား မရှိပေ။ မြန်မာနိုင်ငံက စီရင်ချက်ကို မလိုက်နာပါက ဂမ်ဘီယာသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြနိုင်သည်။ ပဋိညာဉ်စာတမ်း ပုဒ်မ ၉၄(၂) အရ လုံခြုံရေးကောင်စီက စီရင်ချက် အကောင်အထည်ပေါ်လာရေးအတွက် အကြံပြုချက်ပေးနိုင်သလို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကိုလည်း ဆုံးဖြတ်နိုင်သည်။

သို့သော် ထိုပုဒ်မသည် လုံခြုံရေးကောင်စီကို မဖြစ်မနေ အရေးယူရန် သတ်မှတ်ထားခြင်းမဟုတ်ပေ။ ကောင်စီက လိုအပ်သည်ဟု ယူဆမှသာ ဆောင်ရွက်နိုင်သည့်အတွက် ဥပဒေအရ လိုက်နာရမည့် စီရင်ချက်တရပ်ကို လက်တွေ့အကောင်အထည်ဖော်ရေးမှာ နိုင်ငံရေးဆုံးဖြတ်ချက်တွင် မူတည်နေပြန်သည်။  
ဤအခက်အခဲကို ပြသခဲ့သည့် ထင်ရှားသော သာဓကမှာ နီကာရာဂွာနှင့် အမေရိကန်အကြား အမှုဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ICJ က အမေရိကန်ကို စီရင်ချက်ချမှတ်ခဲ့သည်။ အမေရိကန်က စီရင်ချက်ကိုမလိုက်နာသဖြင့် နီကာရာဂွာက လုံခြုံရေးကောင်စီထံ တင်ပြခဲ့သော်လည်း စီရင်ချက်ကို လိုက်နာရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

မြန်မာနိုင်ငံအမှုတွင်လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် ရုရှားတို့၏ ရပ်တည်ချက်က အရေးပါလာနိုင်သည်။ ကောင်စီ၏ အဓိကအကြောင်းအရာဆိုင်ရာ ဆုံးဖြတ်ချက်တရပ် အတည်ပြုရန် အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အနည်းဆုံး ကိုးနိုင်ငံ၏ ထောက်ခံမဲ လိုအပ်သည့်အပြင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တနိုင်ငံကမျှ ဗီတိုဖြင့် မပယ်ချရန်လည်း လိုအပ်သည်။

တရုတ်နှင့် ရုရှားတို့သည် ၂၀၀၇ ခုနှစ်က မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲဗီတိုဖြင့် ပယ်ချခဲ့ဖူးသည်။ သို့သော် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုမူ ဗီတိုမသုံးဘဲ ကြားနေခဲ့ကြသည်။

ထို့ကြောင့် မြန်မာ့အရေး ဆုံးဖြတ်ချက်တိုင်းကို ထိုနှစ်နိုင်ငံက ပိတ်ဆို့မည်ဟု တထစ်ချ သတ်မှတ်၍ မရပေ။ သို့သော် ICJ စီရင်ချက် အကောင်အထည်ဖော်ရေးအတွက် လုံခြုံရေးကောင်စီက မည်မျှအထိ ဆောင်ရွက်နိုင်မည်ဆိုသည်မှာ ဆုံးဖြတ်ချက်ပါ အကြောင်းအရာများနှင့် အင်အားကြီးနိုင်ငံများ၏အမျိုးသားအကျိုးစီးပွားကို မည်မျှ ထည့်သွင်းစဉ်းစားမည်နည်းဆိုသည့် အခြေအနေအရပ်ရပ်တွင် များစွာမူတည်နေမည် ဖြစ်သည်။

လုံခြုံရေးကောင်စီ၌ အရေးယူမှု မအောင်မြင်ပါကလည်း တရားမျှတမှု ရှာဖွေရေး လမ်းကြောင်းအားလုံး ပိတ်သွားမည်မဟုတ်ပေ။ ကုလသမဂ္ဂအထွေထွေညီလာခံက စီရင်ချက်လိုက်နာရေးအတွက် နိုင်ငံရေးထောက်ခံမှု စုစည်းပေးနိုင်သလို နိုင်ငံတနိုင်ငံချင်းစီ ကလည်း သက်ဆိုင်ရာဥပဒေများအရ ပိတ်ဆို့အရေးယူမှု၊ သံတမန်ရေးဖိအားနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်များကို ပံ့ပိုးနိုင်သည်။ သို့သော် ထိုဆောင်ရွက်ချက်များက စီရင်ချက်ကို လက်တွေ့လိုက်နာလာစေရန် မည်မျှထိရောက်မည်ဆိုသည်မှာ သီးခြားစိန်ခေါ် မှုအဖြစ် ရှိနေသည်။

စီရင်ချက်ထက် ကျော်လွန်သည့် တရားမျှတမှု

တချိန်တည်းမှာပင် ICJ အမှုနှင့်အပြိုင် စစ်ခေါင်းဆောင်တဦးချင်းစီကို တာဝန်ခံစေရန် ကြိုးပမ်းမှုများလည်း ရှိနေသည်။

ရိုဟင်ဂျာများအပေါ်ကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအချို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကစုံစမ်းစစ်ဆေးနေပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တရားရုံးရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခဲ့သည်။ ထိုလျှောက်ထားမှုမှာ ရိုဟင်ဂျာများကို အတင်းအကျပ် နေရပ်စွန့်ခွာစေမှုနှင့် ဖိနှိပ်ညှဉ်းပန်းမှုဟူသည့် လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များအတွက်ဖြစ်သည်။ 

အခြားနိုင်ငံများ၏ ပြည်တွင်းတရားရုံးများမှတဆင့် အရေးယူနိုင်ရန် ကြိုးပမ်းမှုများလည်း ရှိသည်။ ထိုလုပ်ငန်းစဉ်များသည် ICJ အမှုနှင့် ဥပဒေအရ သီးခြားဖြစ်ပြီး ICJ က မြန်မာနိုင်ငံအပေါ်တွင် တာဝန်ရှိကြောင်း ဆုံးဖြတ်ရုံဖြင့် စစ်ခေါင်းဆောင်များကို အခြားတရားရုံးများက အလိုအလျောက် ပြစ်ဒဏ်ချမှတ်နိုင်မည်မဟုတ်ပေ။ သက်ဆိုင်ရာအမှုအလိုက် တရားစီရင်ပိုင်ခွင့်၊ သက်သေအထောက်အထားနှင့် စွပ်စွဲခံရသူတဦးချင်းစီ၏ တာဝန်ရှိမှုကို စစ်ဆေးရမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအမှုတွင် ICJ က လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ကို မည်သို့သုံးသပ်မည်၊ မည်သည့်သက်သေအထောက်အထားများကို အလေးထားမည်၊ နိုင်ငံ၏ တာဝန်ရှိမှုကို မည်သို့ဆုံးဖြတ်မည်ဆိုသည့်အချက်များသည် အခြားအမှုများအတွက်လည်း အရေးပါသည့် ဥပဒေရေးရာ ကိုးကားချက်များ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံအတွက်မူ နိုင်ငံ၏ တာဝန်ရှိမှုသည် အုပ်ချုပ်သူများ ပြောင်းလဲသွားရုံဖြင့် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ အနာဂတ်တွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာပါကလည်း နိုင်ငံတကာဥပဒေအရ တည်ရှိနေသည့် တာဝန်များနှင့် ကုစားရေးအမိန့်များကို အစိုးရသစ်က ဆက်လက်ကိုင်တွယ်ရမည်ဖြစ်သည်။

ရိုဟင်ဂျာများအတွက် တရားမျှတမှုကိုမူ စီရင်ချက်တရပ် ရရှိခြင်းတခုတည်းဖြင့် တိုင်းတာ၍ မရပေ။ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ခြင်း၊ အခြေခံအခွင့်အရေးများ အပြည့်အဝရရှိခြင်း၊ ဆုံးရှုံးခဲ့သည့် ဘဝနှင့် ပိုင်ဆိုင်မှုများအတွက် ကုစားမှုရရှိခြင်း၊ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများ အဆုံးသတ်ခြင်းတို့ကသာ ၎င်းတို့၏ နေ့စဉ်ဘဝကို ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက် စီရင်ချက်က မြန်မာနိုင်ငံ၏ ဥပဒေအရ တာဝန်ရှိမှုကို အဆုံးအဖြတ်ပေးမည်ဖြစ်သော်လည်း နစ်နာသူများအတွက် တရားမျှတမှု မည်မျှဆောင်ကြဉ်းပေးနိုင်မည်ဆိုသည်ကိုမူ စီရင်ချက်အပြီးကာလ မြန်မာဘက်က လိုက်နာ ဆောင်ရွက်မှုနှင့် ထိုသို့လိုက်နာဆောင်ရွက်အောင် တွန်းအားပေးနိုင်မှုများနှင့်သာ ဆက်လက်တိုင်းတာရမည်ဖြစ်သည်။

စာရေးသူ ကိုကျော်လွင်သည် ရှေ့နေ၊ ဥပဒေပညာရှင်နှင့် လူ့အခွင့်အရေးသုတေသီတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှ လူ့အခွင့်အရေးမဟာဘွဲ့နှင့် ချင်းမိုင် တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒမဟာဘွဲ့တို့ ရရှိထားပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်တွင် သုတေသနလုပ်ဆောင်နေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။