အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်ရှိ ဘုန်းကြီးကျောင်းများကို ခံကတုတ်အဖြစ် စစ်တပ်အသုံးချလာ

နေပြည်တော်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် စစ်သားများဝင်ရောက်တပ်စွဲထားပြီး ညပိုင်းတွင်ကင်းလှည့်ကာ လူငယ်များကိုစစ်မှုထမ်းရန် ပစ်မှတ်ထားဖမ်းဆီးနေသည်။

စစ်ဗိုလ်ချုပ်များ ရုံးထိုင်သည့် နေပြည်တော်ရှိ သာသနာ့အဆောက်အုံများနှင့် ဘုန်းကြီးကျောင်းများတွင် စစ်တပ်ကနေရာယူ တပ်စွဲလာပြီး စစ်ရေးအတွက် အကာအကွယ်ပေးမည့် ခံကတုတ်အဖြစ် အသုံးချလာကြသည်ဟု နေပြည်တော်နေ ဒေသခံများထံမှ စုံစမ်းသိရသည်။

ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ ထိုဘုန်ကြီးကျောင်းများတွင် တပ်စွဲလာပြီး ညပိုင်းတွင်ကင်းလှည့်ကာ လူငယ်များကိုစစ်မှုထမ်းရန် ပစ်မှတ်ထားဖမ်းဆီးနေကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် နေပြည်တော်ဒေသခံ ၅ ဦးထက်မနည်းက ဆိုသည်။

လယ်ဝေးမြို့နယ်ရှိ မကျည်းကုန်း၊ ကြို့ပင်၊ ကွေ့ကြီး၊ ညိုပင်၊ ဝက်က္ကမူ၊ အေလာမြို့ရှိပိတောက်ချောင်းကျေးရွာ ရေလယ်ကွေ့ဘုန်းကြီးကျောင်း၊ ဂိုဏ်းထောက်ဘုန်းကြီးကျောင်းအပါအဝင်ကျေးရွာ ၁၀ရွာထက်မနည်းရှိ ဘုန်းကြီးကျောင်းများတွင် တပ်စွဲ၍ နေထိုင်နေကြသည်ဟု စုံစမ်းသိရသည်။

၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်၍ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိမြို့နယ်များရှိဘုန်းကြီးကျောင်းများတွင် အင်အား ၂၀ နီးပါးစီဖြင့် တပ်စွဲနေထိုင်လာကြသည်ကို မြင်တွေ့လာရကြောင်း အသက်၄၀ကျော်အရွယ် ပုဗ္ဗသီရိမြို့နယ် ဒေသခံ အမျိုးသားက ပြောသည်။

“ခုက လယ်ဝေးက ရွာ ၁၅ရွာလောက်မှာ စစ်တပ်ကတပ်လာစွဲထားတာ၊ အဓိကကတော့နေပြည်တော် လေဆိပ်လုံခြုံရေးပဲ၊ ဆိုင်ကယ်တွေနဲ့ နံနက်သွားညပြန်နဲ့ စစ်ယူနီဖောင်းဝတ်ပြီးသွားလာနေကြတာ၊ နှစ်လလောက်ရှိပြီ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက်စားသောက်ရေးကို ရဲဘော်များက ချက်ပြုတ်ပြီး စစ်ကားများဖြင့် တစ်လတစ်ကြိမ် ရိက္ခာလာပို့သည်ကိုတွေ့မြင်ရကြောင်း လယ်ဝေးမြို့နယ်မှ အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

 စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ငွေရလမ်းပေါက်အနေဖြင့် ဒေသခံ လောင်းကစားဒိုင်များ၊သစ်လုပ်သူလုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံတတ်ကြပြီး ၎င်းတို့ကိုထောက်ခံသည့်နေအိမ်များတွင် သောက်စားနေထိုင်တတ်ကြကြောင်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရွာထဲမှာက ဂျင်ဝိုင်းထောင်တာ ခွင့်ပြုပြီး ငွေရှာတယ်၊ သစ်သမားတွေဆီကလည်း ငွေတောင်းတယ်၊ရွာသားတွေကိုတော့ ဖမ်းတာဆီးတာတော့ မလုပ်ဘူး။ ရွာပြင်လမ်းမမှာ ကင်းလှည့်လို့တွေ့ရင်တော့စစ်မှုထမ်းအတွက် ဖမ်းသွားတာမျိုးတော့ရှိတယ်”ဟု ယင်းအမျိုးသမီးက ဆိုသည်။

ပျဉ်းမနားမြို့နယ်ရှိ သက်ကယ်ချင်း ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ထက်မနည်းတပ်စွဲနေထိုင်ကြပြီး စစ်ကားနှစ်စီးဖြင့် လုံခြုံရေးယူရမည့်နေရာများသို့ ညနေပိုင်းတွင် လိုက်ပို့ကာနံနက်ပိုင်းတွင် ပြန်လည်ကြိုပို့လေ့ရှိသည်။

“သူတို့လည်းလာတုန်းကတော့ မြို့နယ်လုံခြုံရေးအတွက်ဆိုပြီးလာတာ၊ ပြီးတော့ ညဘက်ကင်းပတ်သလိုနဲ့ တွေ့တဲ့သူ ပေါ်တာဆွဲတာ၊ တစ်လထဲကို ဆယ်ယောက်ကျော်လောက်ပါသွားပြီ”  ဟု ယင်းမြို့နယ်မှ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။

တပ်စွဲထားသည့် စစ်သားများသည် အရပ်သားများကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲမည်ကို စိုးရိမ်၍ ဘုန်းကြီးကျောင်းအချို့က လက်မခံသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြေအတင် ဖြစ်ခဲ့သည်များလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

ပျဉ်းမနားမြို့နယ်၏ အစည်းကားဆုံးနှင့် အကြီးဆုံးဈေးဖြစ်သည့် အာဟာရသုခဈေးအနီးရှိသူဌေးကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် စစ်တပ်မှတပ်စွဲနေထိုင်ရန် လက်မခံခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိရှိသူ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ပထမက ဆရာကြီး(တပ်ကြပ်ကြီး) အဆင့်တွေပဲလာတာ၊ ဘုန်းကြီးက လက်မခံတော့ ကားနဲ့ ဗိုလ်ကြီး ဆိုသူတွေ လာပြီးပြောတော့လည်း ဘုန်းကြီးကလည်း ပိုင်တယ်ထင်တယ်၊ လုံးဝလက်မခံဘူး၊ အဲဒါနဲ့ပြန်သွားကြတာပဲ” ဟု ၎င်းက ပြောသည်။

ပျဉ်းမနားမြို့နယ်ရှိ သူဌေးကုန်းအပါအဝင် လူပြတ်လပ်သည့် ရွာများတွင်လည်း ဧည့်စာရင်းစစ်သည်ဆိုကာ ဖမ်းဆီးမှုများကြောင့် လူငယ်အများစုမှ လယ်ယာထဲတွင် ရွှေ့ပြောင်းအိပ်ရသည့် အခြေနေများကြောင့်လည်း ဘုန်းကြီးကျောင်းတွင် တပ်စွဲရန် လက်မခံခြင်းဖြစ်ကြောင်း ယင်းအမျိုးသားက ဆက်ပြောသည်။

စစ်ရုံးချုပ်အနီးရှိ အောင်ဇေယျာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင်လည်း ကျောင်းထိုင်ဘုန်းကြီးက အထိုင်တပ်စခန်းအဖြစ် နေထိုင်ခွင့်မပေးဘဲ ယာယီအဖြစ် လုံခြုံရေးယူခွင့်ပေးထားသည်ဟု ဒေသခံ အသက် ၄၀ကျော်အရွယ် အမျိုးသမီးက ဆိုသည်။

တော်လှန်ရေးအင်အားစုများက ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်လေ့ရှိသည့် ပျဉ်းမနားမြို့နယ် နေပြည်တော်လေဆိပ်ကို လေဆိပ်အနီးရှိ ရွာများတွင်လည်း ကင်းပုန်းဝပ်ကာ လုံခြုံရေးရယူလာကြသည်ဟု ဒေသခံများက ဆိုသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်နှင့် နှင်းဆီးပန်းအဝိုင်းအနီးရှိ ရာဇာဌာနေလမ်းပေါ်ရှိ ကင်းစခန်းများတွင်မူ လုံခြုံရေးလျော့ရဲနေပြီး ကင်းစခန်း ထိုလမ်းများပေါ်ရှိ ကင်းစခန်း ၅ ခုထက်မနည်း ပျက်စီးယိုယွင်းနေပြီး လုံခြုံရေးတပ်ဖွဲ့များ မရှိတော့သည်ကို တွေ့မြင်ရသည်ဟု ဒေသခံများက ဆိုသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီအနီးရှိ ငွေလျှံကုန်းဘုန်းကြီးကျောင်းနှင့် ရာဇဌာနီလမ်းမကြီးဘေး၊ ကိုးရွာသပြေကုန်းရွာအနီးရှိ စစ်ဗိုလ်ချုပ်များကိုးကွယ်သည့် လက်လုပ်တောင်စေတီတော်တို့ရှိ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၂၀၂၄ခုနှစ်ကတည်းက လုံခြုံရေးယူ တပ်စွဲထားသည်။

နေပြည်တော်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တွင် ကရင်အမျိုးသား အစည်းအရုံးနှင့် PDFတော်လှန်ရေး အင်အားစုများက လှုပ်ရှားနေကြပြီး နေပြည်တော်လုံခြုံရေးကို ခြိမ်းခြောက်လာနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button