အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့လယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးညီအစ်မ ပစ်သတ်ခံရ

မန္တလေးမြို့လယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး စျေးဝယ်ထွက်စဉ် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ပစ်သတ်လိုက်သည်၊ ပစ်ခတ်မှုမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စခန်းတည်ရှိရာ ကျုံးအနီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မန္တလေး၊ အောင်မြေသာစံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ညီမဖြစ်သူနှင့်အတူ ယမန်နေ့ (ဩဂုတ် ၆) နံနက်ပိုင်းက စျေးဝယ်ထွက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ထိုမြို့နယ် ၁၈ လမ်း နှင့် ၈၂ လမ်းထောင့်သို့ ကားဖြင့် ရောက်လာသော မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်မှာ ပစ်ခတ်မှုအတွင်း  ပွဲချင်းပြီး သေဆုံးသည်၊ ညီမဖြစ်သူ ဒေါ်ခင်ဖုန်းဆုသည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင်  သေဆုံးသည်ဟု သိရကြောင်း ထိုမြို့နယ်တွင် နေထိုင်သည့် ဒေသခံအမျိုးသားက ပြောသည်။

“နှစ်ဦးစလုံး ဆုံးသွားပါပြီ၊ ဒေါ်ဖြိုးသန္တာအောင်က ကားပေါ်မှာ ပွဲချင်းပြီးဆုံးတယ်။ သူ့ညီမက ဆေးရုံမှာ ဆုံးသွားတာ၊ ဆိတ်သားဆိုင်ရှေ့မှာ ဝယ်ပြီး ပြန်အထွက် ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ဦးက ပစ်သွားတာလို့ ပြောကြတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဒေါ်ဖြိုးသန္တာအောင်သည် ယာမျက်လုံးဘေး ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရထားသည်၊ ဒေါ်ခင်ဖုန်းဆုသည် နောက်စေ့နှင့် ဦးခေါင်းတွင် ထိမှန်သွားသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်သွားခဲ့ကြရာ မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ပါဝင်သည်။ ဒေါ်ဖြိုးသန္တာအောင်က ထိုလစ်လပ်နေသည့် အုပ်ချုပ်ရေးမှူးရာထူးအတွက် စစ်တပ်အရာရှိများထံ ချဉ်းကပ်ကာ လုပ်ပိုင်ခွင့်တောင်းယူခဲ့ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

စစ်ကောင်စီ၏ ၂၀၂၁ ဩဂုတ် ၁၄ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်ခုတွင် သူ့ကို ထိုရပ်ကွက်၏ အုပ်ချုပ်ရေးမှူးအဖြစ် ဖော်ပြထားသည်။

ဒေါ်ဖြိုးသန္တာအောင်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာသည့်အခါ ရပ်ကွက်နေ စစ်အာဏာရှင်ဆန့်ကျင်သူဟု ယူဆရသူများကို ဖမ်းဆီးရာတွင် ဦးဆောင်သည်၊ ဧည့်စာရင်းအကြောင်းပြ ငွေတောင်းခံသည်၊ လူငယ်များကို အာဏာသိမ်းတပ်၏စစ်သားသစ်အဖြစ် စုဆောင်းသည်ဟုလည်း ဒေသခံများက ဆိုသည်။

ထိုလုပ်ငန်းများမှာ နိုင်ငံအနှံ့ စစ်ကောင်စီခန့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ကိုင်ရသည့် အလုပ်မျိုး ဖြစ်သည်။ ဖမ်းဆီးခံရသူများ နှိပ်စက် ထောင်ချခံရပြီး အများအပြား သေဆုံးခြင်း၊ စစ်သားသစ်အဖြစ် စုဆောင်းခံရသူများ သင်တန်းအပြီး ရှေ့တန်းထွက်ရခြင်းတို့နှင့် အဆုံးသတ်​ရသည်။

ဒေါ်ဖြိုးသန္တာအောင် ပစ်ခတ်ခံရသည့် နေရာသည် မြို့၏ အထင်ကရ ကျုံးမြို့ရိုးသို့ ၅ မိနစ်လမ်းလျှောက်ရုံမျှဖြင့် ရောက်နိုင်သည့် အကွာအဝေးတွင် တည်ရှိပြီး ကျုံးမြို့ရိုးအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိသည်။

Generation Z Power (GZP) ခေါ် ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်တို့ကို ပစ်ခတ်ခဲ့ခြင်းကြောင်း ယမန်နေ့ ညပိုင်းတွင် Facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်တွင် တည်ထောင်ခဲ့ပြီး မြို့ခံလူငယ်များ ဦးဆောင်သည့် ထိုအဖွဲ့သည် မန္တလေးမြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများကို အဓိကထား လုပ်ဆောင်လေ့ရှိသည်။

အဖွဲ့တည်ထောင်သည့် ၂ နှစ်ပြည့် ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ်မှုများအတွက် လေးစားအသိအမှတ်ပြုကြောင်း ရေးသားထားသည်။

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ မူဝါဒများတွင် စစ်အုပ်ချုပ်ရေးကို တဖြည်းဖြည်း အသက်သွင်းရန် ကြိုးပမ်းနေသည့်ယန္တရား မလည်ပတ်နိုင်ရေးအတွက် တားဆီးမည်၊ “ယင်းယန္တရား ပြိုပျက်သွားစေရန် ထိရောက်သည့် နည်းလမ်းမျိုးစုံ ကျင့်သုံး ဖော်ဆောင်သွားမည်” ဟု ပါရှိသည်။

စစ်တပ်ဒေါက်တိုင် သတင်းပေးဒလန်များ၊ အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲနေသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းဌာနများသို့ ထုတ်ဖော်ပြောထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button