အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

RCSS နှင့် SSPP အပစ်ရပ်ကြောင်း ပူးတွဲထုတ်ပြန်

ရှမ်းအင်အားကြီးလက်နက်ကိုင်တပ်များဖြစ်သည့် SSPP နှင့် RCSS တို့က စစ်ရေးတင်းမာမှုကို အဆုံးသတ်လိုက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

ရှမ်းတိုင်းရင်းသား အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS တို့သည် ၎င်းတို့ကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုကို အဆုံးသတ်ကာ အပစ်အခတ်ရပ်စဲကြောင်း ယနေ့ (နိုဝင်ဘာ ၂၉) တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

ယခုသဘောတူညီချက်မှတစ်ဆင့် အနာဂတ်တွင် တပ်နှစ်တပ် ပေါင်းစည်းနိုင်သည်အထိ ဖြစ်လာရန် ရည်ရွယ်သည်ဟုလည်း SSPP ပြောခွင့်ရ ဗိုလ်မှုး စိုင်းဖုန်းဟန်က Myanmar Now ကို ပြောသည်။

“တစ်ချိန်ချိန်မှာ ပေါင်းစည်းနိုင်ဖို့အထိ ဆန္ဒရှိပါတယ်။ ခုလောလောဆယ်ကတော့ ယုံကြည်မှုကို တည်ဆောက်ဖို့ပေါ့။ ယုံကြည်မှု မထိခိုက်ဖို့က ကာလတစ်ခုအနေနဲ့ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ရည်ရွယ်ချက် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

RCSS တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Tai Freedom)

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) တို့သည် သုံ့ပန်းလဲလှယ်ရန်၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ နယ်မြေဖြတ်သန်းရာတွင် ကြိုတင်အကြောင်းကြားကြရန် အစရှိသည့် အချက်များကိုလည်း သဘောတူခဲ့ကြသည်ဟု ဗိုလ်မှုး စိုင်းဖုန်းဟန်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရှမ်းတပ်နှစ်တပ်အကြား စစ်ရေးတင်းမာမှုသည် ယခုနှစ် ဧပြီလအထိ ရှိခဲ့သည်။

နှစ်ဖက်တပ်များအကြား တပ်နေရာချထားရေး အပါအဝင် အခြားအချက်များကို ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ၂ လ ၁ ကြိမ် ပုံမှန်တွေ့ဆုံကြရန် သဘောတူညီမှုလည်း ရခဲ့သည်ဟု SSPP ပြောခွင့်ရ ဗိုလ်မှုးစိုင်းဖုန်းဟန်က ဆက်ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ၁၉၇၁ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ရှိသည်။

ထိုတပ်ဖွဲ့သည် အင်အား ၁ သောင်းအထက်ရှိပြီး မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမောက်၊ ပင်လုံနှင့် ရပ်စောက်တို့တွင် အဓိက လှုပ်ရှားသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

SSPP သည် ညီနောင်သုံးဖွဲ့ဖြစ်သော ရခိုင်တပ် AA, တအာင်းတပ် TNLA, ကိုးကန့်တပ် MNDAA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။

သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိပေ။

SSPP တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – SSPP Info)

သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) ကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းဒေသတွင် ဌာနချုပ်အခြေစိုက်သည်၊ အင်အား ၈၀၀၀ အထက်ရှိသည်ဟု ISP-Myanmar က ဖော်ပြထားသည်။

စစ်ကောင်စီက ဆက်လက်စွဲကိုင်ထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို RCSS က လက်မှတ်ထိုးထားသော်လည်း SSPP က လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။

SSPP တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – SSPP Info)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button