အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့နယ်ရှိ ပြည်သူ့စစ်စခန်းကို PDF နှင့် ပကဖ ဝင်စီး

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ်၏ ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့က ဝင်တိုက်ရာ နှစ်ဖက် သေဆုံးမှုရှိသည်ဟု သိရသည်၊ လက်နက်များ သိမ်းပြီး စခန်းမီးရှို့ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့ရှိ ပျူစောထီး ခေါ် ပြည်သူ့စစ် အထိုင်စခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၀) နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

နံနက် ၄ နာရီခန့်တွင် မြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ မကျီးတုံရွာရှိ ထိုစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

တစ်နာရီခန့်အကြာ တိုက်ပွဲအပြီး လက်နက်ငယ်အမျိုးအစားစုံ ၁၃ လက်၊ လက်နက်ကြီး ၃ လက် သိမ်းယူနိုင်ခဲ့သည်ဟု မြို့နယ်ပကဖ တာဝန်ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ အတော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်၊ စစ်ဆင်ရေးက အောင်လည်း အောင်မြင်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲဘော် လေးယောက်လည်း ထိခိုက်ခဲ့ပါတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

PDF တပ်စိတ်မှူးတစ်ဦး အပါအဝင် သုံးဦး၊ ပကဖတပ်စိတ်မှူးတစ်ဦး သေဆုံးခဲ့သည်၊ ပျူစောထီးစခန်းတွင် ရှိနေသူ ၁၅ ဦးခန့် သေဆုံးသည်ဟု ဆိုသည်။

နှစ်ဖက်သေဆုံးမှုအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပေ။

စခန်းအတွင်းရှိ အဆောက်အအုံနှင့် ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်သား ၁၀ ဦးနှင့် ပျူစောထီး ၇၀ ခန့် တပ်စွဲထားသည့် အထိုင်စခန်းဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“ကတုတ်ကျင်းတွေ ရှိတယ်။ ဘန်ကာကတော့ တော်တော်ကို လုပ်ထားတော့ လက်နက်ကြီးနဲ့ တော်တော်လေးကို ခက်ခက်ခဲခဲ ပစ်ဖွင့်ယူရတယ်။ မမျှော်လင့်ဘဲ ခက်ခဲသွားတာ” ဟု ထိုသူက ပြောသည်။

စခန်းစီးနင်းခံရစဉ် စစ်သားများနှင့် ပျူစောထီးများက ထွက်ပြေးကြကြောင်း PDF နှင့် ပကဖများက ဆိုကြသည်။

စီးနင်းမှုအတွင်း ခင်ဦးအရှေ့ခြမ်းမှ ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသည့် မကျီးတုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြူးမောင် ဆိုသူ သေဆုံးကြောင်း အထက်ပါ ရဲဘော်က ဆက်ပြောသည်။

“ပြူးမောင်က ထွက်ပြေးတာ ၊ မကျီးတုံနဲ့ ခင်ဦးကြားမှာတင် ရှင်းခံလိုက်ရတာ” ဟု သူက ဆိုသည်။

ကန့်ဘလူမြို့နယ်အတွင်း တွေ့ရသော ပျူစောထီးများ။

ဦးပြူးမောင်သည် ခင်ဦးမြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကို ဦးဆောင်ခဲ့သူဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုကြသည်။

ခင်ဦးမြို့အတွင်း စစ်သားအင်အားအများအပြား တပ်စွဲထားသော်လည်း တိုက်ပွဲဖြစ်နေချိန် စစ်ကူများ ရောက်မလာကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။ ထို့အတူ စစ်ကောင်စီထောက်ခံသည့် မီဒီယာတချို့တွင်လည်း စစ်ကူများ ရောက်ရှိမလာကြောင်း ဖော်ပြထားသည်။

ယနေ့မနက်ပိုင်းတွင် ရွှေဘိုမြို့အနီးရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်ဘက်မှ စစ်သား ၁၀၀ ခန့် ခင်ဦးမြို့နယ်ထဲသို့ ဝင်ရောက်လာကြောင်း ဒေသခံကာကွယ်ရေးသတင်းရင်းမြစ်တို့က ဆိုသည်။

နိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းများကို ပြင်းပြင်းထန်ထန် ဝင်တိုက်နေချိန်တွင် စစ်ကိုင်းတိုင်းရှိ မြို့နယ်တချို့တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။ 

ညီနောင်သုံးဖွဲ့ ဦးဆောင်တိုက်ခိုက်နေသည့် “၁၀၂၇ စစ်ဆင်ရေး” အစိတ်အပိုင်းအဖြစ် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ စစ်ရေးအရ အရေးပါသည့် နေရာများကို အောက်တိုဘာ ၂၇ မှစ၍ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ယနေ့ မွန်းတည့်ချိန်၌ ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button