အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ကုတ် ANP ဒုဥက္ကဋ္ဌအပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

ရခိုင်အမျိုးသားပါတီ(ANP)၏ တောင်ကုတ်မြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း အပါအဝင် ၃ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်လိုက်သည်။

ယနေ့(မေ ၁၁)မနက် ၉ နာရီခွဲခန့်က ဦးဝေသောင်းကို နေအိမ်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် မြို့နယ်စည်ပင်ဥက္ကဋ္ဌဟောင်း ဦးဆန်းငွေတို့ကိုမူ မေ ၉ ရက်နှင့် ၁၀ ရက်နေ့များက ဖမ်းဆီးထားခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နှင့် အမှုဖွင့်ထားသော ၎င်းတို့သုံးဦးကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တရားရုံးတွင် ယနေ့ချုပ်ရမန်ရယူခဲ့ပြီး မြို့နယ်ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ မသိင်္ဂီမောင်က ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သောပုဒ်မဖြစ်သည်။

ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း အပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ ဗဟိုသတင်းဌာန စသည့် လူမှုကွန်ရက်အကောင့်များဖြင့် မဟုတ်မမှန်သတင်းများ အဆက်မပြတ် တင်ပြနေသည့်အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းများအရ သိရသည်။

သို့သော် ဒုဥက္ကဋ္ဌ ဦးဝေသောင်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကိုမူ အတည်ပြုချက် မရသေးပေ။

အစိုးရကအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ပတ်သက်သည်ဆိုကာ ၎င်း၏အမျိုးသားကို ဖမ်းသည်ဟုထင်ကြောင်း ဦးဇေယျကျော်၏ဇနီး မဟန်စုက ပြောဆိုသည်။

“ကျွန်မယောက်ျားက ရပ်ရွာအလုပ်တွေပဲ တက်တက်ကြွကြွလုပ်နေတာပါ အကြမ်းဖက်တာနဲ့ပတ်သက်လို့ ဘာမှလုပ်တာလည်းမရှိပါဘူး” ဟု မဟန်စုက ပြောသည်။

ANP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကမူ ဦးဝေသောင်း အဖမ်းခံထားရမှုကို ပါတီအနေနှင့် တာဝန်ခံပြီး လိုက်ပါဆောင်ရွက်ပေးမည်ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ရဲစခန်းကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

၎င်းတို့ ၃ ဦးကို ရန်ကုန်မြို့သို့ခေါ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေပြီး တရားလွှတ်တော်ရှေ့နေ မသိင်္ဂီမောင်ကမူ နေရာပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု ကြားသိရသော်လည်း မည်သည့်နေရာကိုပြောင်းမည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များက ANP ပါတီမှာ AA နှင့်ပတ်သက်သည်ဟု လူမှုကွန်ရက်တွင် ရေးသားနေ၍ဟုဆိုကာ တောင်ကုတ်မြို့နယ် ANP ပါတီက မေ ၆ တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ၎င်းတို့ပါတီမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ပတ်သက်မှုမရှိဘဲ တောင်ကုတ်မြို့နယ် NLD ပါတီ ခေါင်းဆာင်ပိုင်းတချို့က ၎င်းတို့ပါတီအား နိုင်ငံရေးအရ တိုက်ခိုက်ရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များကို သိထားသော်လည်း တောင်ကုတ်မြို့နယ် NLD ပါတီက ဌာနချုပ်သို့ ဆက်သွယ်လာခြင်းမရှိသလို ဗဟိုအလုပ်အမှုဆောင်ကော်မတီက မည်သို့တုံ့ပြန်မည်ဆိုသည်ကိုလည်း မသိသေးကြောင်း ဗဟိုပြန်ကြားရေးကော်မတီ တာဝန်ခံ မုံရွာအောင်ရှင်ကဆိုသည်။

တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်များမှာ ခြိမ်းခြောက်ခံရခြင်း၊ ရဲအယောင်ဆောင်ပြီး ဖမ်းဆီးရန် လုပ်ဆောင်ခြင်းများ ခံနေရကြောင်း ယခင် ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က RFA သတင်းဌာနကို မေ ၇ က ပြောဆိုထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button