အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းနှင့် ကယားဒေသကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ များပြား

ယနေ့ (မတ် ၃၀ ) နံနက်ပိုင်းက ချင်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း အရပ်သားအများအပြားရှိသည့် နေရာများကို လေတပ်က သွားရောက်တိုက်ခိုက်ရာ ထိခိုက် သေဆုံးမှု များပြားသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ခွာဖိုးရွာကို လေယာဉ်က လေးကြိမ်တိုင် ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

ရွာအနီး တိုက်ပွဲမရှိသည့် အခြေအနေတွင် ဗုံးကြဲတိုက်ခိုက်သွားခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုကြောင်း RFA အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

“ဒဏ်ရာရသူတွေလည်း တော်တော်များတယ်။ စာရင်းကတော့ ကောက်နေတုန်း၊ လောလောဆယ် သေဆုံး ၁၀ ဦးနဲ့ ဒဏ်ရာရ ၂၀ ဦး ရှိတယ်” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အာဏာသိမ်းတပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နေ့လယ်ပိုင်း ကယားပြည်နယ်တွင် လေတပ်က တိုက်ခိုက်ခဲ့သည့် နေရာမှာ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် ဖြစ်သည်။

စစ်လေယာဉ် ၂ စီး ဗုံးကြဲတိုက်ခိုက်စဉ် ကရင်နီအမျိုးသားများကွယ်ရေးတပ်မတော် (KNDF) အဖွဲ့ဝင် ၁ ဦး သေဆုံးကြောင်း သိရသည်။

စစ်လေယာဉ်များက နွေဦးဂုရုလေးများစာသင်ကျောင်းနှင့် ဆေးရုံကိုလည်း ပစ်မှတ်ထားခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

ယနေ့ ကျောင်းပိတ်ထားခြင်းကြောင့် စစ်ရှောင်ကလေးများ ကျောင်းတွင် ရှိမနေဟု အဆိုပါ အဖွဲ့က ပြောသည်။

“လေကြောင်းကနေ ပစ်ပြီး လက်နက်ကြီးနဲ့ပါ ပစ်တာ။ ထီးဖိုးကလိုကျေးရွာအစပ်နားမှာ ထိတယ်လို့ သိရတယ်။ အဲ့နားမှာရှိတဲ့ ထီးဖိုးကလိုးဆေးခန်းကို မဲပြီးပစ်တာလို့ သိရတယ်” ဟု ထိုအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူက ပြောသည်။

စစ်လေယာဉ်က ဗုံးကြဲချခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုကြောင့် ထီးဖိုးကလိုးဆေးရုံအတွင်းရှိ ဒေသခံစစ်ရှောင်များ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေကြရကြောင်း မြေပြင်သတင်းရင်းမြစ်က မြန်မာစံတော်ချိန် ည ၇ နာရီခန့်တွင် Myanmar Now ကို ပြောသည်။

ထီးဖိုးကလိုးဆေးရုံနှင့် အနီးရှိ ဗုံးခိုကျင်းများထဲသို့ လေကြောင်းမှ ဗုံးကြဲချခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်သွားသူများက ပြောသည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် စစ်ရှောင်အရေအတွက်နှင့် ဒေသအခြေအနေအသေးစိတ်ကို Myanmar Now က စုံစမ်းနိုင်ခြင်း မရှိသေးပါ။

“အခု တစ်နေရာမှာ ခိုနေရတယ်။ လက်နက်ကြီးနဲ့ ဆက်ပစ်တယ်။ လေယာဉ်နဲ့ လက်နက်ကြီးနဲ့ မြေလှန်သလိုကို ပစ်တာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာ” ဟု လေကြောင်းရန်မှ ပုန်းခိုနေရသည့် အမျိုးသားတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ထီးဖိုးကလိုးကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာ တောတွင်းရှိ စစ်ရှောင်စခန်းများတွင် သွားရောက်နေထိုင်နေကြရပြီး နေအိမ်စောင့်ကျန်နေခဲ့သူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သွားသည့် ကားတစ်စီး (ဓာတ်ပုံ – ပေးပို့)

အာဏာသိမ်းစစ်ခေါင်းဆောင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ၎င်းတို့ကို ထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ယခုလ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် ပြောခဲ့သည်။

ထိုသို့ပြောကြားပြီး ၃ ရက်အကြာ မတ်လ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ခုခံသူများကို စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုများသည် နာမည်ဆိုးဖြင့် ကျော်ကြားပြီး လေယာဉ်လောင်စာဆီ ထောက်ပံ့နေသည့် မြန်မာခရိုနီများနှင့် လက်နက်ပွဲစားများကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ယခုလ နောက်ဆုံးပတ်တွင် ကြေညာထားသည်။

“ပိတ်ဆို့မှုများသည် မြန်မာစစ်တပ်၏ လောင်စာနှင့် စစ်ရေးဆိုင်ရာပစ္စည်းများ ရနိုင်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်သည်” ဟု ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button