ရန်ကုန်၊ ရန်ကင်းမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၅) နံနက်ပိုင်းက ပြုလုပ်သော ပြောက်ကျားဆန္ဒပြပွဲအပြီး အနီးရှိ လူငယ်အမျိုးသားတစ်ဦး ဖမ်းဆီးခံရသည်ဟု ဦးဆောင်ပြုလုပ်သည့် Yangon Revolution Force – YRF ၏ Soft Strike Community တာဝန်ရှိသူက အတည်ပြုသည်။
“သင်ကိုယ်တိုင်ပါဝင်ပါက တော်လှန်ရေးမုချအောင်မည်” ဟူသော စာသားကိုင်စွဲသည့် ဆန္ဒပြပွဲကို သတ်မှတ်ချိန်ထက်စော၍ ကျင်းပရာ စစ်ကောင်စီ၏ ယာဉ်တစ်စီး လာနေသည်ဟု သတင်းရ၍ လူစုခွဲလိုက်နိုင်သော်လည်း ထိုနေရာအနီးတွင်ရှိနေသူမှာ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ယူဆချက်အရ သူက သပိတ်ထဲမှာတော့ မပါဝင်လိုက်ဘူးဗျ။ လမ်းသွားလမ်းလာထဲမှာ အရပ်ဝတ်နဲ့လူငယ်မို့ စစ်ဆေးပြီး ဖမ်းလိုက်တဲ့သဘောဖြစ်မယ်” ဟု Soft Strike Community တာဝန်ရှိသူက ဆိုသည်။
“လောလောဆယ် ရန်ကင်းရဲစခန်းကို ခေါ်သွားတယ်လို့ သိရတယ်။ ဆက်ပြီးတော့ စုံစမ်းနေတယ်”
ဖမ်းဆီးခံရသည့် လူငယ်မှာ အသက်၂၀ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းရသော်လည်း အခြားအချက်အလက်အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကင်းမြို့နယ်တွင် နေထိုင်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ယနေ့ နံနက် ၉ နာရီကျော်တွင် မိုးကောင်းလမ်းပေါ်ရှိ Noodle Bowl ဆိုင်ရှေ့တွင် လက်နောက်ပြန် လက်ထိတ်ခတ် အဖမ်းခံထားရသည့် လူငယ်တစ်ဦးကို တွေ့သည်ဟု အတည်ပြုသည်။
ဆန္ဒပြပွဲပြုလုပ်ခဲ့သည့် ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခြင်း၊ နေ့ခင်းကြောင်တောင် ဧည့်စာရင်းစစ်၍ ခြိမ်းခြောက်ကြိမ်းမောင်းခြင်းများ ပြုလုပ်နေသည်ဟု Soft Strike Community မှ အထက်ပါ တာဝန်ရှိသူကလည်း ပြောသည်။
“ဖမ်းမိလည်း ဖမ်းမိ၊ မဖမ်းမိလည်း ပစ်သတ်မယ်။ အသေအလောင်းရရ ဘာဖြစ်ဖြစ်ဆိုပြီး ပြောနေတာမျိုးရှိတယ်လို့ အနီးနားကလူတွေက ပြောကြတယ်” ဟု တစ်ဆင့်စကားကို ကိုးကား၍ ၎င်းက ဆိုသည်။
ထိုဆန္ဒပြပွဲတွင် လူတန်းစား၊ လူမျိုး၊ ဒေသပေါင်းစုံ၊ ကျေးလက်၊ မြို့ပြမကျန် ပြည်သူအားလုံး စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ကြရန်၊ လှုပ်ရှားမှုများကို အရှိန်မြှင့်ကြရန် တိုက်တွန်းကြွေးကြော်ခဲ့သည်ဟု Soft Strike Community တာဝန်ရှိသူထံမှ သိရသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်၊ ရိုက်နှက်၍ အသက်သေဆုံးသည်အထိ ပြုမူနေသော်လည်း လူငယ်ထုက စစ်ကောင်စီကို နည်းမျိုးစုံဖြင့် အန်တုနေဆဲဖြစ်သည်။
လမ်းပေါ်၌ ပြောက်ကျားဆန္ဒပြမှုတစ်ခုတည်းတင်မကဘဲ လှုံ့ဆော်စာများဝေခြင်း၊ အများပြည်သူမြင်ကွင်း၌ ကြွေးကြော်သံပိုစတာများကပ်ခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် ဟောပြောခြင်းတို့ကို သပိတ်အင်အားစုများက လုပ်ဆောင်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



