နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံ ကုမ္ပဏီတစ်ခုဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့အခြေစိုက် Chubb ကုမ္ပဏီသည် အာဏာသိမ်းစစ်ကော်မရှင်ကို လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး ရုံးခွဲပိတ်သိမ်းကာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဧပြီလတွင် နိုင်ငံခြား အသက်အာမခံကုမ္ပဏီ ငါးခုကို လုပ်ပိုင်ခွင့်ချပေးခဲ့ရာ Chubb ကုမ္ပဏီလည်းပါဝင်သည်။ ထို့နောက် စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးကြာမြင့်လာချိန် ဆက်လက်ရပ်တည်ရန် မဖြစ်တော့နိုင်ဟုဆိုကာ Chubb က မြန်မာမှ ထွက်ခွာရန်စီစဉ်ခြင်းဖြစ်သည်။
လုပ်ငန်းပိတ်သိမ်းထွက်ခွာရန် စစ်ကော်မရှင်၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက်ရှိ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့(IBRB) ကို ယခုလဆန်းပိုင်းတွင် တင်ပြထားသည်ဟု သိရကြောင်း ထိုကုမ္ပဏီတွင် အသက်အာမခံထားလိုသူများကို ရှာဖွေပေးနေသည့် အာမခံအေးဂျင့် အမျိုးသမီးနှစ်ဦးက Myanmar Now ကို ပြောသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှစ၍ ရောင်းချထားပြီးသော အာမခံပေါ်လစီများကို ရပ်ဆိုင်းဖျက်သိမ်းပြီး ပေးသွင်းထားသည့် အာမခံကြေးများကို လာမည့်နှစ်ဆန်းတွင် ပြန်လည်ပေးရန် စီစဉ်ထားသည်ဟု သိရကြောင်း အမည်မဖော်လိုသည့် အာမခံအေးဂျင့် အမျိုးသမီးတစ်ဦးကပြောသည်။
“စာရင်းတွေ အကုန်လုံးရှင်းပြီးသွားပြီးဆိုရင် Customer (အာမခံဝယ်ယူထားသူ) အလိုက်ပေါ့ သူရသင့်တဲ့ဟာ အကုန်လုံးကို ရှင်းပေးသွားမှာပေါ့နော်” ဟု ၎င်းက ဆိုသည်။
“ပျော်ပျော်ရွှင်ရွင် တက်တက်ကြွကြွ အားလုံးချစ်ချစ်ခင်ခင်နဲ့ အလုပ်လုပ်သွားခဲ့ကြတာပဲ။ ဒါက သူတို့ အပေါ်ပိုင်းတွေရဲ့ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်လိမ့်မယ်ထင်တယ်နော်။ ကျွန်မတို့က တစ်လျှောက်လုံးမှာ ပျော်ရွှင်ခဲ့ကြတာချည်းပဲ” ဟု ၎င်းက ဆိုသည်။
Chubb ကုမ္ပဏီထွက်ခွာမှုနှင့်ပတ်သက်၍ Chubb ကုမ္ပဏီရုံးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲသို့ Myanmar Now က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်မှုမရှိသေးပေ။
ပေါက်ကြားလာသော IBRB ၏ ဒီဇင်ဘာလ ၁၇ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်ခုတွင် ကုမ္ပဏီသည် လုပ်ငန်းလည်ပတ်ရာတွင် ကြုံရသောစိန်ခေါ်မှုများနှင့် နိုင်ငံရေး၊ စီးပွားရေးပတ်ဝန်းကျင်အခြေအနေတို့ကို ကျော်လွှားနိုင်ခြင်းမရှိတော့သဖြင့် ထွက်ခွာခွင့်ပြုရန် တင်ပြလာကြောင်းဖော်ပြထားသည်။
နိုင်ငံပေါင်း ၅၀ ကျော်တွင် အာမခံလုပ်ငန်းလုပ်ကိုင်နေသော Chubb သည် မြန်မာတွင် Chubb Life Insurance Myanmar အမည်ဖြင့်ဝန်ဆောင်မှုပေးနေသည်။ စစ်တပ်အာဏာသိမ်းထားသော မြန်မာနိုင်ငံမှ ပထမဆုံးထွက်ခွာခဲ့သော နိုင်ငံခြား အသက်အာမခံကုမ္ပဏီလည်းဖြစ်သည်။
သို့ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်သော အခြားအသက်အာမခံကုမ္ပဏီများအဖြစ် ဟောင်ကောင်အခြေစိုက် AIA, အမေရိကန်အခြေစိုက် Prudential, ကနေဒါအခြေစိုက် Manulife နှင့် ဂျပန်အခြေစိုက် Dai-ichi Life ကုမ္ပဏီများ လည်ပတ်လုပ်ကိုင်နေသည်။
နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသော စစ်ကော်မရှင်သည် နှစ်စဉ် စစ်အသုံးစရိတ်တိုးမြှင့်သုံးစွဲနေပြီး ငွေကြေးလိုအပ်ချက်မြင့်တက်လျှက်ရှိရာ အရေးပေါ် ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များဆက်တိုက်ထုတ်ဝေရောင်းချကာ ပြည်တွင်းရှိငွေကြေးဆိုင်ရာ အဖွဲ့အစည်းများထံမှ အဓိကထားငွေချေးယူနေရသည်။
စစ်ကောင်စီ ရောင်းချသော ကျပ်သန်းထောင်ပေါင်းများစွာတန်ကြေးရှိသည့် ထိုငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ပြည်တွင်းပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူသည့်နည်းတူ မြန်မာတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် နိုင်ငံတကာ အာမခံကုမ္ပဏီကြီးများလည်း ပါဝင်ဝယ်ယူနေကြောင်း Myanmar Now က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။



