သတင်း

မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း MNDAA ပြော

မူဆယ်မြို့နယ်အတွင်း တည်ရှိသော၊ မြန်မာ-တရုတ်နယ်စပ်မျဉ်းပေါ်တွင် ရှိသော မုံးကိုးကို ၃ ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး၊ အုပ်ချုပ်ရေး လုပ်ကိုင်နေပြီဟု MNDAA က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့အတွင်း နယ်မြေရှင်းလင်းရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောခွင့်ရသူက ပြောသည်။

စစ်တပ်၏ အရေးပါသည့် မုံးကိုးဗျူဟာကုန်းကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက နိုဝင်ဘာ ၅ မှ စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ (နိုဝင်ဘာ ၇) မွန်းလွဲ ၁ နာရီခန့်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စစ်စခန်းတွင်းမှ ဘရာဇီးနိုင်ငံထုတ် EE9-ဘီ အမျိုးအစား သံချပ်ကာယာဉ်တစ်စီး အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်၊ ဟောင်ဝစ်ဇာအမြောက်နှစ်လက်ကို ဖျက်ဆီးခဲ့သည်ဟု MNDA က သတင်းထုတ်ထားပြီး ၎င်း၏ စစ်ရေးသတင်းများ ဖော်ပြနေသော The Kokang Page တွင်လည်း ရုပ်သံဖိုင် ထုတ်ပြန်ထားသည်။

အဆိုပါ စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်နယ်စပ်ဂိတ်တွင် MNDAA တပ်မတော်၏ အလံကို လွှင့်တင်ခဲ့ကြောင်း၊ မုံးကိုးမြို့ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း MNDAA ၏ ပြောခွင့်ရ လီကျာဝင်းက ပြောသည်။

“မုံးကိုးကိုတော့ အခု ပိုင်ပိုင်နိုင် သိမ်းပိုက်ထားနိုင်ပြီပေါ့နော်၊ စကစတပ်တွေတော့ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

“ဒေသခံတွေတော့ မပြန်လာကြသေးပါဘူးဗျ၊ ဘာလို့ဆိုတော့ ကျွန်တော်တို့ မနေ့ကမှ သိမ်းထားတာဆိုတော့ ရှင်းလင်းရေးတွေ ဘာတွေ လုပ်နေရတုန်းပဲ”

မုံးကိုးဒေသတွင်းရှိ  အခြားစစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မုံးကိုးနယ်စပ်ဂိတ်ကို သိမ်းယူပြီးနောက် MNDAA တပ်ဖွဲ့ဝင်များ သန့်ရှင်းရေးလုပ်နေကြစဉ်။ (ဓာတ်ပုံ – The Kokang)

မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲများ စတင်ခဲ့ပြီးနောက် ဒေသခံအများအပြား မြို့ကို စွန့်ခွာထွက်ပြေးသွားကြပြီး တရုတ်နိုင်ငံနှင့် နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်နေ့က အစပြုသည့် Operation 1027 စတင်ပြီးနောက် မုံးကိုးဒေသတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က သိမ်းပိုက်ခဲ့ကြသည်။

မုံးကိုးမြို့၏တောင်ဘက်တွင် ရှိပြီး စစ်ရေးအရ အရေးပါသည့် ပန်လုံဗျူဟာကုန်းစခန်းကို ရက္ခိုင့်တော် (AA) ဦးဆောင်သည့် တပ်များက နိုဝင်ဘာ ၅ တွင် သိမ်းပိုက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးဝင်နေသည့် တပ်မ (၉၉) မှ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် သေဆုံးခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

Operation 1027 စတင်အကောင်အထည်ဖော်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ MNDAA နှင့် ‌AA တို့ သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၁၀ ခန့် ရှိနေပြီဖြစ်ပြီး TNLA တပ်များနှင့် ပေါင်းပါက စစ်တပ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) သိန္နီ စသည့် မြို့နယ်များကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များနှင့် KIA, AA မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ကြသည်။

မုံးကိုးဗျူဟာကုန်းမှ သိမ်းယူခဲ့သော EE9-ဘီ အမျိုးအစား သံချပ်ကာယာဉ်။ (ဓာတ်ပုံ-The Kokang)

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်သူ လူငယ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်သင်တန်းများအပြင် လက်နက်ခဲယမ်းများပါ ထောက်ပံ့ခဲ့သလို စစ်ရေးအရ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြသည်။

MNDAA နှင့် AA သည် လွန်စွာ ရင်းနှီးသည့် မဟာမိတ်များ ဖြစ်ကြသည်။

၂၀၀၉ တွင် AA တပ်ဖွဲ့ကို လူ ၂၆ ယောက်ဖြင့် စတင်တည်ထောင်ချိန်၌ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က သေနတ်အလက် ၁၀၀ နှင့် RPG ပခုံးထမ်းလောင်ချာ နှစ်လက် လက်ဆောင်ပေးခဲ့သည်ဟု AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ဟာ အဲဒီသေနတ် ၁၀၀ ရယ်၊ RPG နှစ်လက်ရယ်၊ အဲဒါကို ကိုင်ပြီးမှ ရခိုင်ပြည်ကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ ရခိုင်တော်လှန်ရေးအတွက် အင်မတန်အရေးပါတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

AA ခေါင်းဆောင်က ယမန်နှစ် မတ်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အသက် ၉၄ နှစ်အရွယ် ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားတွင် ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button