စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ယခုလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ လက်နက်များအပ်နှံ၍ အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
အဖွဲ့ဝင်အချို့ စစ်တပ်ထံ လက်နက်ချသွားပြီးနောက် အဖွဲ့ခေါင်းဆောင် ပစ်သတ်ခံခဲ့ရသဖြင့် ကျန်တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် ယခုကဲ့သို့ NUG ထံ လက်နက်အပ်ကာ အဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အနီးတွင်လှုပ်ရှားသည့် ဆားတောင်မိုးကြိုးအဖွဲ့ အပါအဝင် ဒေသခံ တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စက်တင်ဘာလ တတိယပတ်တွင် စစ်တပ်ထံ လက်နက်ချခဲ့ကြသည်။
ထိုစဉ်က စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဆားတောင်မြို့အနီးတွင်လှုပ်ရှားသည့် ဒေသခံအဖွဲ့တစ်ခု၏ တပ်ဖွဲ့ဝင်များဖြစ်သော အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး သုံးဦး၊ ဆားတောင်မိုးကြိုး အမည်ရှိ အဖွဲ့မှ တပ်ဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး သုံးဦး၊ မိသားစုဝင် အမျိုးသမီး သုံးဦးတို့ လက်နက် ၁၃ လက်နှင့်အတူ ဆားတောင်ရဲစခန်းသို့ စက်တင်ဘာလ ၂၂ ရက်တွင် လက်နက်ချခဲ့ကြောင်း ဖော်ပြထားသည်။
လက်နက်မချမီက ထိုသူများသည် စက်တင်ဘာလအတွင်းက ဆားတောင်မြို့အထွက် starlink အင်တာနက် ဆက်သွယ်ရေးစက်နှင့်အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိပြီး ရဲစခန်းမှူးထံ ငွေ ၁၀ သိန်း (သို့မဟုတ်) ကျည်ဖြင့် ပြန်ရွေးရန် ဖုန်းဆက်တောင်းခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် အဆိုပါဖြစ်စဉ်ရုပ်သံဖိုင် ပျံ့နှံ့ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုဒေသအခြေစိုက် NUG တာဝန်ရှိသူတို့က အရေးယူရန် ပြင်ဆင်နေစဉ် ထိုသူများက စစ်တပ်ထံ လက်နက်ချသွားခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ စစ်တပ်ထံ လက်နက်ချမှုနှင့်ပတ်သက်၍ ဒေသတွင်း မကျေနပ်မှုများ ပေါ်ပေါက်လာပြီး အောက်တိုဘာလ ၅ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ် သာဇင်ကျေးရွာ အုပ်စု၊ အိုင်းဓမ္မရွာ အင်တာနက်ဆိုင်တွင် ထိုအဖွဲ့ခေါင်းဆောင် အသက် ၃၀ အရွယ် ကိုမိုးကြိုး ပစ်သတ်ခံရသည်။
ဒေသအတွင်း လှုပ်ရှားသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုက အင်အား ၂၀ ခန့်ဖြင့် ရောက်ရှိလာပြီး ၁၀ ဦးခန့်က လမ်းမတွင်နေရာယူကာ ကျန် ၁၀ ဦးခန့်က စတားလင့်ခ်ဆိုင်အတွင်း ဝင်ရောက်၍ ပစ်သတ်သွားခြင်း ဖြစ်သည်။
ကိုမိုးကြိုးသည် သေနတ်ဒဏ်ရာအများအပြားနှင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ထိုသူများက ၎င်း၏ သေနတ်တစ်လက်နှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများအဆိုအရ သိရသည်။
အဖွဲ့ခေါင်းဆောင် ကိုမိုးကြိုး ပစ်သတ်ခံရပြီးနောက် ကျန်အဖွဲ့ဝင်များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေး စိုးရိမ်သဖြင့် ဆားတောင်မိုးကြိုးအဖွဲ့မှ ရဲဘော် ၂၅ ဦးသည် အောက်တိုက်ဘာလ ၁၃ ရက်တွင် NUG က ပေးထားသည့် သေနတ် ၁၁ လက်နှင့် အခြားပစ္စည်းများကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ အပ်နှံလိုက်ပြီး အဖွဲ့ဖျက်သိမ်း လိုက်ကြောင်း အဆိုပါအဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦးထံက သိရသည်။
“လက်နက်ချပြီး အကုန်နားလိုက်ပြီ။ (MOD ကို) လက်နက်တွေ အပ်လိုက်ပြီ။ တော်လှန်ရေးကို မလုပ်တော့ဘူးလို့ (ကျန်တပ်ဖွဲ့ဝင်တွေက) ပြောတယ်။ ဆားတောင်မိုးကြိုးကို မရှိစေချင်လို့ တော်တဲ့ကောင်ကို သတ်တာပဲ၊။ အမှန်တရားပဲ လိုချင်တယ်။ အခုက နောက်ကျည် ကြောက်နေရတာ“လို့ အဆိုပါ အမျိုးသားက ပြောသည်။
NUG /MOD လက်အောက်ခံမဟုတ်သော ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ အနေဖြင့်သာ လှုပ်ရှားခဲ့သည့် ဆားတောင်မိုးကြိုးအဖွဲ့မှ ရဲဘော်များသည် ယခင်က အခြားတော်လှန်ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်း၊ ပြင်ဦးလွင်စသည့် စစ်မြေပြင်များတွင်လည်း ထိုအဖွဲ့မှ ရဲဘော် ၁၈ ဦးပါဝင်ခဲ့ကာ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ကိုမိုးကြိုး၏ နာရေးအစီအစဉ် ပြုလုပ်နေချိန်တွင်လည်း တော်လှန်ရေးအဖွဲ့အချို့၏ ခြိမ်းခြောက်မှုများ ရှိသည့်အတွက် ကျန်ရစ်သူဇနီးနှင့် ကလေးနှစ်ဦးအပါအဝင် ဆားတောင်မိုးကြိုးအဖွဲ့ဝင်များ၏ လုံခြုံရေး စိုးရိမ်ခဲ့ရသည်ဟု အထက်ပါ နီးစပ်သူက ပြောသည်။
ပစ်သတ်ခံရသူ ကိုမိုးကြိုးသည် စစ်တပ်အာဏာသိမ်းစဉ်ကတည်းက တော်လှန်ရေးတွင် တစိုက်မတ်မတ် ပါဝင်ခဲ့သူဖြစ်ပြီး ဆားတောင်နယ်မြေတဝိုက်အခြေပြုကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
တော်လှန်ရေးလုပ်ပ်နေသူအချင်းချင်း လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းကို လုံးဝဆန့်ကျင်ပြီး လက်သင့်မခံနိုင်ကြောင်း၊ ဥပဒေအရ ဖြေရှင်းသင့်ကြောင်း စစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကမှတ်ချက်ပြုသည်။
“တရားဥပဒေကြောင်းနဲ့ ဖြေရှင်းဖို့ဆိုတာကလည်း မှန်မှန်ကန်ကန် တရားဥပဒေကို အသုံးချဖို့ လိုတယ်ပေါ့။ တရားဥပဒေအထက်မှာ ငါတို့ရှိတယ် ဆိုတဲ့ပုံစံမျိုးနဲ့ ဖြေရှင်းတဲ့ဟာမျိုးဆိုရင်လည်း အဆင်ပြေမှာတော့ မဟုတ်ဘူး။ ဘယ်လိုပြစ်ဒဏ်တွေကျူးလွန်တယ် ဘယ်လိုအကြောင်းအရာမျိုးကို အရေးယူကြမယ်ဆိုတာမျိုးကို သေချာစနစ်တကျနဲ့ အရေးယူဆောင်ရွက်တာမျိုးတွေ (NUG) အစိုးရသစ်တရပ်အနေနဲ့ ပီပြင်အောင် လုပ်ဆောင်လာနိုင်မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ လက်နက်ကိုင်အချင်းချင်းမှာ ပဋိပက္ခတွေမဖြစ်လာဖို့ တားနိုင်တဲ့နည်းနဲ့ တားဖို့လုပ်ရလိမ့်မယ်” ဟု အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။
ဆားတောင်မြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးထားပြီး အင်အား ၃၀၀ ခန့်ဖြင့် ဒေသတွင်းကိုလည်း နေ့စဉ်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ကိုမိုးကြိုး သတ်ဖြတ်ခံရသည့်ကိစ္စ၊ ဘုတလင်မှ တပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စတို့နှင့် ပတ်သက်၍ အောက်တိုဘာလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဌာန ဒုဝန်ကြီး ဦးကျော်နီကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း အဖြေမရသေးပေ။




