တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်သည်။ ကိုဗစ်နိုင်တင်းကြောင့် သေဆုံးခဲ့သူများကို ကိုးကွယ်ရာအလိုက် ဘာသာရေးဓလေ့ထုံးစံများအတိုင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ခွင့်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကြောင့် သေဆုံးခဲ့သည့် အစ္စလာမ်ဘာသာဝင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဦးဆောင်လျက် ထိန်ပင်သုသာန်ရှိ ဆွန္နီ သင်္ချိုင်းတွင် မြှုပ်နှံပေးလျက်ရှိသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် ကွယ်လွန်သူများအနက် အစ္စလာမ်သာသာဝင်များကို မြှုပ်နှံရေးကော်မတီအတွင်းရေးမှူး ဟာဂျီဦးဘရွှေကို Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။
မေး – ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေကို ဆောင်ရွက်ပေးနေရတဲ့အနေအထားမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ – ကျွန်တော်တို့က ကိုဗစ်နဲ့ (Covid-19) Positive (အတည်ပြုလူနာ) ဖြစ်သွားတဲ့လူတွေကို နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကူညီဆောင်ရွက်ပေးနေပါတယ်။ လူအင်အားနဲ့ ကားအင်အားကတော့ရှိပေမဲ့ အခုဆို ကားအင်အားက နည်းသွားပြီ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကြားမှာ လူတွေကလည်း ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်တဲ့အပေါ် နားသွားတဲ့လူတွေလည်း များသွားတော့ လုပ်ရတာက အခက်အခဲရှိတာပေါ့။ အဲ့ဒါတွေက ဝန်ပိတယ်။ တော်တော်ရှင်းယူရတယ်။ ကားကနည်းသွားတော့ တစ်ခါတည်းလုပ်ရမယ့်ကိစ္စကို နှစ်ခါလုပ်ရတာမျိုးပေါ့။
မေး – ကူညီဆောင်ရွက်ပေးနေတဲ့ မော်တော်ယာဉ်နဲ့ စေတနာ့ဝန်ထမ်း ဘယ်လောက်ရှိခဲ့လဲ။ အခုရော ဘယ်လောက်ကျန်နေပါသလဲ။
ဖြေ – ပထမကတော့ ကားက ခြောက်စီးရှိတယ်။ အခုတော့ ကားက နှစ်စီးပဲ ကျန်တော့တယ်။ စေတနာ့ဝန်ထမ်းအင်အားက အရင်က အပြင်အင်အားက ၁၅ ယောက်ရှိတယ်။ အနီးကပ်လုပ်ဖို့ ကွာရန်တင်းဝင်ထားတဲ့ အင်အားက ၁၁ ယောက်ရှိတယ်။ အခုတော့ ကွာရန်တင်းဝင်ထားတာက ၈ ယောက်ပဲ ရှိတော့တယ်။ အပြင်အင်အားကတော့ ၁၀ ယောက်လောက်ရှိသေးတယ်။
မေး – အစ္စလာမ်ဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေအပြင် တခြားဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေရော ကူညီဆောင်ရွက်ခဲ့တာမျိုးရှိပါသလား။
ဖြေ -တခြားဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေပေါ်မှာလည်း ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ ခရစ်ယာန်လည်းဆောင်ရွက်ပေးဖူးတယ်။ ဗုဒ္ဓသာဘာကိုလည်း ဆောင်ရွက်ပေးဖူးတယ်။ ရှီအာလည်း လုပ်ပေးဖူး တယ်။ အဟ်မဒီယာဆိုတာလည်း လုပ်ပေးဖူးပါတယ်။
မေး – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းတွေနဲ့အညီ နာရေးကိစ္စဆောင်ရွက်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဖြေ – အခက်အခဲကတော့ အများကြီးပေါ့။ တချို့တွေက ကိုယ့်မိသားစုကို ကြည့်ချင်တယ်၊ ကိုင်ချင်တယ်။ ကျန်းမာရေးအရ အနားကပ်ခွင့်မရှိလို့ တားရတာတွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း အဝေးမှာ ထားရတာတွေဆိုတော့ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ သူတို့လည်း နောက်ဆုံးအနေနဲ့ ထိချင်ကိုင်ချင်မှာပဲလေ။ သူတို့အပေါ်လည်း နားလည်ပါတယ်။ ကျွန်တော်တို့ အင်္ကျီတွေဆို ပင်မင်းသွားပေးရင် လက်မခံတော့ဘူး။ တော်ရုံတန်ရုံ ကျွန်တော်တို့နဲ့ စကားမပြောချင်တာမျိုးတွေလည်း ရှိတယ်။ အနားမကပ်ချင်ကြတာလည်းရှိတယ်။ ကျွန်တော်တို့က နားလည်ပါတယ်။ ကျန်းမာရေးအရဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။
မေး – လက်ရှိအချိန်ထိ ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသွားတဲ့သူ ဘယ်လောက် မြှုပ်နှံပေးခဲ့ပြီးပြီလဲ။
ဖြေ – အခုအချိန်အထိ ကျွန်တော်တို့ သယ်ထားခဲ့တာက အစ္စလာမ်ဘာသာဝင်ပေါင်း ၁၄၂ ယောက် မြှုပ်နှံ သင်္ဂြိုဟ်ပြီးသွားပါပြီ။ ခရစ်ယာန်တစ်ယောက်၊ ဗုဒ္ဓဘာသာတစ်ယောက်၊ ရှိအာနှစ်ယောက်၊ အဟ်မဒီယာတစ်ယောက်အတွက်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
မေး – ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသွားတဲ့လူတွေ မြှုပ်နှံသင်္ဂြိုဟ်ပေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆက်သွယ်ညွှန်ကြားတာလား၊ မိသားစုဝင်တွေက တိုက်ရိုက်ဆက်သွယ်တာလား။
ဖြေ – ကိုဗစ်နဲ့ သေဆုံးသွားတဲ့နာရေးအတွက် မိသားစုတွေက အကြောင်းကြားတာလည်း ရှိတယ်။ ဆေးရုံက အကြောင်းကြားတာလည်း ရှိတယ်။ ဆေးရုံက အကြောင်းကြားပေးတာမျိုးဆိုရင် ဖုန်းနံပါတ်တွေကတစ်ဆင့် မိသားစုနဲ့ ချိတ်ဆက်ပြီး နာရေးကိစ္စလုပ်ကြတယ်။ တချို့ကိစ္စတွေမှာ ပိုင်ရှင်တွေ မလိုက်နိုင်တာတွေရှိတယ်။ ကွာရန်တင်းဝင်နေတာတွေ ဘာတွေဖြစ်နေတော့ မလိုက်နိုင်တာမျိုးတွေ ရှိတယ်။
မေး – ကိုဗစ်နိုင်တင်းနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေရတာဆိုတော့ ဒီစေတနာ့ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်ရော ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ – ရှိပါတယ်။ ဒီမှာ (ထိန်ပင်သုသာန်) ကွာရန်တင်းစင်တာတွေ လုပ်ပေးထားပါတယ်။ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ သီးခြားနေထိုင်ဖို့လည်း နေရာထိုင်ခင်းတွေ လုပ်ပေးထားပါတယ်။ ရုပ်အလောင်းကိုင်တွယ်တဲ့လူတွေနဲ့လည်း ကင်းကင်းရှင်းရှင်းနေနိုင်ကြဖို့ လုပ်ထားပါ တယ်။ ကာကွယ်ရေးပစ္စည်းတွေအတွက်လည်း လာလှူဒါန်းထားတာတွေရှိပါတယ်။ လိုအပ်ရင်လည်း ဝယ်ပေးလိုက်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်က ဒီကလူတွေကို အပြင်လူနဲ့ သိပ်မဆက်ဆံခိုင်းဘူးလေ။ ကိုယ့်ကြောင့် သူများတစ်ဖက်သား ဒုက္ခရောက်မှာကို ကျွန်တော်တို့လည်း မလိုလားဘူး။ ကျွန်တော်တို့နားကို လာကပ်ရင်လည်း မကြိုက်ဘူး။ ကျွန်တော်တို့က သွားလာလုပ်ကိုင်နေကြတာဆိုတော့ ကျွန်တော်တို့မှာ ရောဂါပိုး ရှိမယ်၊ မရှိဘူးဆိုတာ ပြောလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ကျွန်တော်တို့အနားကို မလာစေချင်တာပဲ။
သေဆုံးသွားတဲ့ မိသားစုတွေကို ကိုယ်ချင်းစာမိတယ်။ သူတို့တွေက သေဆုံးသွားတဲ့သူအပေါ် ထိတွေ့ခွင့်မရှိတာ၊ မမြင်ရတာတွေဖြစ်တဲ့အပေါ် ကိုယ်ချင်းစာမိတယ်။ ဒါကြောင့် ကျန်းမာရေးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။