သတင်း

အောင်ဝင်းခိုင်ရဲ့ကားကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့က နေအိမ်ရှေ့မှာတွေ့ရ

ရန်ကုန် – ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ပြီး လွတ်မြောက်နေသူတစ်ဦးအဖြစ်  အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့ ဦးအောင်ဝင်းခိုင် ရန်ကုန်မြို့နေအိမ်ကနေ ထွက်ပြေးဖို့ အချိန် ဘယ်လောက် ရပါသလဲ။

ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းထဲက ဦးအောင်ဝင်းခိုင်ရဲ့ နေအိမ်ရှေ့မှာ သူစီးနေကျ အနက်ရောင် ဟာရီယာကား ရပ်နားထားတာကို  ဖေဖော်ဝါရီ ၁ဝ ရက်နေ့က တွေ့ခဲ့ရပါတယ်။  

ရန်ကုန်လေဆိပ်အတွင်း လုပ်ကြံမှုဖြစ်ပွားစဉ်က ကားနံပါတ် YGN 9C – 6725 တပ်ဆင်ထားတဲ့ ဒီကားထဲ ဦးအောင်ဝင်းခိုင် မောင်းနှင်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို  အစိုးရရဲ့ ဖေဖော်ဝါရီ ၁၅ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။  အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီမော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပါဘူး။

ကားမောင်းနေတဲ့ ဦးအောင်ဝင်းခိုင်ကို ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ် လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားပါတယ် (ဓာတ်ပုံ – သမ္မတရုံး)

ဒီကားကို  ဦးအောင်ဝင်းခိုင်သာ မောင်းနှင်လေ့ရှိတာကို သတိထားမိကြောင်း၊ ရန်ကုန်လေဆိပ် လုပ်ကြံမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒီကားကို အိမ်ရှေ့မှာပဲ ရပ်နားထားတာ တွေ့ရကြောင်း အိမ်နီးချင်းတချို့က ပြောပါတယ်။

“သူတို့အိမ်က ကျွန်မတို့ရပ်ကွက်ကလူတွေနဲ့ သိပ်ရောရောနှောနှော မရှိဘူး။ ကျွန်မတို့ သူ့နာမည်တောင် မသိခဲ့ဘူး။ အခု သတင်းထွက်လာတော့မှ သူ့နာမည်ကို သိတာ။

သူတို့အိမ်ရှေ့မှာတော့ အများအားဖြင့် အဲ့ဒီကားတစ်စီးတည်း ရပ်ထားတာပဲ” လို့  ဦးအောင်ဝင်းခိုင်နဲ့ သုံးအိမ်ကျော်က ရာအိမ်မှူးဦးမြအောင်ရဲ့ မိသားစုဝင်တစ်ဦးက   ပြောပါတယ်။


“သူတို့ဒီအိမ်မှာ နေတာ သိပ်မကြာသေးဘူး။ ဒီအိမ်ဆောက်နေတဲ့အချိန်တုန်းက မဏ္ဍိုင်လမ်းထိပ်က အိမ်မှာ ငှားနေခဲ့သေးတယ်”

ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်က ရဲတပ်ဖွဲ့ဝင်တွေ ဦးအောင်ဝင်းခိုင်ရဲ့နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှာ ဦးအောင်ဝင်းခိုင်ကို မတွေ့ခဲ့ရဘူး၊ မော်တော်ယာဉ်ကိုတော့  စစ်ဆေးခဲ့တယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီထွေးက  ပြောပါတယ်။

ဒီကားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က နောက်ဆုံး တွေ့လိုက်ရတယ်၊ ကားကို ဦးအောင်ဝင်းခိုင် မောင်းနှင်လေ့ရှိတယ် လို့ သူက ဆက်ပြောပါတယ်။ ဦးအောင်ဝင်းခိုင်ရဲ့ သားနှစ်ဦးက ၁၈ နှစ် မပြည့်သေးတာကြောင့် ယာဉ်မောင်းလိုင်စင် မရနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

“သူတို့အိမ်မှာ အဲ့ဒီကားတစ်စီးတည်းပဲတွေ့ဖူးတယ်။ တခြားကားတွေ မတွေ့ဖူးဘူး။ ရဲတွေ လာစစ်တော့လည်း အမျိုးတွေမို့ လာစစ်တာလို့ပဲ ထင်ထားတာ။ အခု ထုတ်ပြန်ချက်တွေ့မှ တိတိကျကျ သိရတာ” လို့ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

“ဦးအောင်ဝင်းခိုင်ကို ဇန်နဝါရီ ၂၈၊ ၂၉ လောက်ဖြစ်မယ်။ စနေ၊ တနင်္ဂနွေနေ့ တစ်ရက်ရက်ပဲ။ မနက်ပိုင်း လမ်းလျှောက်ထွက်တာကို မြင်လိုက်ရတာ နောက်ဆုံးတွေ့တာပဲ”

၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ နုတ်ထွက်ခဲ့တယ်ဆိုတဲ့ ဦးအောင်ဝင်းခိုင်ဟာ ဇနီး၊  ၁၇ နှစ် နဲ့ ၁၂ နှစ်အရွယ် သားနှစ်ဦးတို့နဲ့အတူ ဒေါပုံမြို့ နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေ အဲဒီအိမ်မှာ ဆက်လက်နေထိုင်နေပေမယ့် အိမ်တံခါး ပိတ်ထားတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

ဦးကိုနီကိုလုပ်ကြံဖို့ ငွေထုတ်ပေးပြီး ခိုင်းစေသူဟာ  ဦးအောင်ဝင်းခိုင်ဖြစ်တယ်လို့ အာဏာပိုင်တို့က ယူဆနေပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဝင်းဇော်က သေနတ်သမား  ဦးကြည်လင်းကို ငှားရမ်းခဲ့တယ်၊ လုပ်ကြံခါနီး အချိန်အထိ သူတို့ညီအစ်ကိုနှစ်ဦး ဖုန်းနဲ့ အဆက်အသွယ်ပြုလုပ်ပြီး စီစဉ်ခဲ့ကြကြောင်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေနတ်သမား ဦးကြည်လင်းကို ရန်ကုန်လေဆိပ်မှာ လုပ်ကြံမှု ပြီးပြီးချင်း ဖမ်းဆီးရမိခဲ့ပါတယ်။ သေနတ်သမားကို ငှားရမ်းသူလို့ ယူဆရတဲ့  ဦးအောင်ဝင်းဇော်ကိုလည်း ဖမ်းမိပြီးဖြစ်လို့ စစ်ဆေးနေကြောင်း အာဏာပိုင်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲဒီလို ကြေညာပြီး တစ်ပတ်အကြာမှာ Myanmar Now က ဒီကားကို ဦးအောင်ဝင်းခိုင်ရဲ့ နေအိမ်ရှေ့ မှာ တွေ့ရတာဖြစ်ပါတယ်။     ။

Show More

Related Articles

Back to top button