
အလုပ်ထုတ်ခံခဲ့ရသည့် ပုလိပ် ပန်ဒါချည်မျှင်စက်ရုံမှ အလုပ်သမား၂၀၀ကျော်သည် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် မန္တလေးတိုင်းဒေသကြီးအစိုးရရုံးရှေ့တွင် ယနေ့ (စက်တင်ဘာ၁၄) နံနက်မှစ၍ စုဝေးတောင်းဆိုခဲ့ကြသည်။
“အစ်မတို့အနေနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်တောင်းဆိုရတာဟာလည်း အလုပ်ပြန်လည်ခန့်ထားဖို့ အလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့ပါဘဲ”ဟု အလုပ်သမားအဖွဲ့အလုပ်အမှုဆောင် မဇာဇာလတ်က ပြောသည်။
၎င်းတို့သည် အစိုးရပိုင် စက်မှု(၁)ချည်မျှင်စက်ရုံမှ ဝန်ထမ်းဟောင်းများဖြစ်ပြီး စက်ရုံကို နှစ်ရှည်ငှားရမ်းခဲ့ပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင်လက်အောက်တွင် ဆက်လက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
“အစ်မတို့အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ယုတ်လျော့စေတဲ့ တစ်ဖက်သတ်စာချုပ်ကို ချုပ်ဆိုဖို့ ခိုင်းတယ်၊ မချုပ်တဲ့အတွက် အလုပ်ထုတ်ခြင်း ဖြစ်နိုင်တယ်”ဟု အဆိုပါစက်ရုံမှ အချောကိုင်ပန်းရိုက်တာဝန်ခံ မဇာဇာလတ်က ပြောသည်။
အလုပ်သမားများနှင့် ကုမ္ပဏီအကြား အငြင်းပွားမှုကို ကြားဝင်ဖြေရှင်းရန် ဝန်ကြီးချုပ်က ကုမ္ပဏီထံ စာပို့ အကြောင်းကြားလိုက်ကြောင်း အစိုးရက တုံ့ပြန်ခဲ့ပြီးနောက် ဝန်ထမ်းများသည် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရရုံးရှေ့မှ ပြန်လည် ထွက်ခွာသွားကြသည်။