
(ရန်ကုန်) – မော်တော်ယာဉ်များ တင်သွင်းမှုတွင် ငွေကျပ် သိန်းသောင်းနှင့်ချီကာ ရယူခဲ့သည့်ဟု စွပ်စွဲခံရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အကောက်ခွန်အရာရှိ ၁၂ ဦးကို ယနေ့ (သြဂုတ် ၇) တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာတွင် တရားစွဲဆိုသူကို စတင်စစ်ဆေးခဲ့သည်။
တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးစိုးသန်းကို စတင်စစ်ဆေးစဉ် ဥပဒေအရာရှိနှင့် တရားသူကြီးတို့က တိုင်ကြားသူ၏အမည်ကို ထည့်သွင်းရန် ပြောဆိုရန် တောင်းဆိုခဲ့သော်လည်း ကော်မရှင်ကအရာရှိက ငြင်းဆန်ခဲ့သည်။
“ကျွန်တော်တို့ ကော်မရှင်အနေနဲ့ တိုင်ကြားတဲ့သူကို ဘယ်သူဘယ်ဝါက တိုင်ကြားတယ်ဆိုတာ ပြောလို့မရပါဘူး။ တိုင်ကြားစာအရ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ အဖွဲ့ဝင် ၇ ဦးဖွဲ့ကာ စုံစမ်းစစ်ဆေးတယ်။ စစ်ဆေးချက်အရ အဂတိလိုက်စားတယ်ဆိုတာ ပေါ်ပေါက်လာလို့ အမှုဖွင့်တယ်” ဟု သူက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။
မော်တော်ယာဉ်များကို တင်သွင်းရာတွင် ငွေတောင်းယူသည့်အပြင် အစိုးရ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေး ကော်မရှင်မှ ပိတ်ပင်ထားသည့် ယာဉ်အမျိုးအစားများကို တင်သွင်းခွင့်ပြုခဲ့ကြောင်း၊ အဆိုပါကိစ္စ စိစစ်ပေါ်ပေါက်ချက်အရ အကောက်ခွန်အရာရှိ ၁၂ ဦးလုံးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နှင့် ၆၃ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
တရားစွဲဆိုခံရသူများမှာ အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ဦးဝင်းလှိုင်နှင့် ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်းရှရွယ်၊ ဒေါ်နန်းသဉ္ဇာ၊ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်းနှင့် ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေးနှင့် ဒုတိယလက်ထောက် အကောက်ခွန်မှူး ဦးသိန်းဝင်းတို့ ဖြစ်ကြသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပိုသော ပြစ်ဒဏ်ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ တွင် မည်သူမဆို ဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
“ဒီအမှုက ၂၀၁၈ ခုနှစ်အတွင်းမှာ အဂတိတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ပထမဆုံးအမှုတွေပဲ” ဟု ရန်ကုန်တိုင်းတရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
ယနေ့ရုံးချိန်းတွင် တရားစွဲဆိုသူကို စတင်စစ်မေးနေခြင်းသာဖြစ်ပြီး စွပ်စွဲထားသည့်အမှုများနှင့် ပတ်သက်ပြီး မိမိတို့ဘက်က ပြန်လှန်မေးခွန်းများ မေးမြန်းခြင်းမရှိသေးသည့်အတွက် အမှုနှင့်ပတ်သက်သည့် အလုံးစုံမပါသေးကြောင်း၊ အမှုကိစ္စ အလုံးစုံ ပြီးစီးမှသာ မည်သူက မည်သို့ပြစ်မှုကျူးလွန်သည်ကို သိရမှာဖြစ်ကြောင်း စွပ်စွဲခံထားရသည် အကောက်ခွန်ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၏ ရှေ့နေ ဦးဝဏ္ဏဇော်က တရားခွင်အပြီးတွင် ပြောသည်။
“လက်ရှိအချိန်မှာ ကားတင်သွင်းတာကနေမှ အဂတိလိုက်စားပါတယ်ဆိုပြီး စွပ်စွဲပြီးတော့လုပ်တာ။ ဘယ်သူက ဘယ်ပုဒ်မဆိုတာ အကုန်လုံး ပြောလို့မရသေးဘူး။ တိုင်စာမှာပါပေမဲ့ စွပ်စွဲချက်အဆင့်ပဲ ရှိသေးတယ်။ အမှုဖွင့်တာကလည်း တစ်နှစ်ကျော်ကြာပြီးတော့မှ ဖွင့်တာ” ဟု သူက ဆိုသည်။
စွပ်စွဲခံရသူများသည် အင်းစိန်ထောင်မှ တိုင်းတရားလွှတ်တော်သို့ ရောက်လာသည့်အချိန်တွင် မျက်နှာဖုံးများကို တပ်ထားပြီး တရားခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
တရားခွင်အပြီးအပြန်တွင် စွပ်စွဲခံရသူဘက်မှ အမျိုးသမီးတစ်ဦးက တရားရုံးပရိဝုဏ်အတွင်းတွင်ပင် ဖုန်းကိုဖွင့်ကာ သတင်းလာယူသော သတင်းထောက်များဘက်သို့ လှည့်ပြီး ဓာတ်ပုံရိုက်ကူးသူများကို တရားစွဲမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် သတင်းထောက်တချို့နှင့် စကားများခဲ့ကြသည်။
တရားရုံးပရိဝုဏ်အတွင်းမှ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများရိုက်ကူးခွင့်ကို တားမြစ်ထားသော်လည်း အဆိုပါ အမျိုးသမီးသည် ဓာတ်ပုံ(သို့မဟုတ်) ရုပ်သံ ရိုက်ကူးခြင်းရှိမရှိကို စစ်ဆေးပေးရန် သတင်းထောက်များက တရားရုံးရှိ တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့သည်။