၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် မင်းအောင်လှိုင်ပြဿနာ
မြန်မာစစ်အုပ်စုက အာဆီယံကို အသုံးချရန် ကြိုးပမ်းနေသော်လည်း လာမည့်နှစ် အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည့် စင်ကာပူက ပို၍ ပြတ်ပြတ်သားသား ကိုင်တွယ်မည့်အလားအလာ ရှိနေသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တစ်နှစ်တာ တာဝန်များအနက် အရေးပါဆုံးသော ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့တော်၌ နိုဝင်ဘာလ ၁၅- ၁၇ ရက်များတွင် ကျင်းပခဲ့ပြီး၊ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံထံ လွှဲပြောင်းပေးရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်ပြဿနာကို ဖြေရှင်းရန် ဖိလစ်ပိုင်နိုင်ငံ၏ တစ်နှစ်တာ ကြိုးပမ်းမှုများက ယခင်အလှည့်ကျဥက္ကဋ္ဌများနည်းတူ ရေရာသေချာသော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိပါ။
၂၀၂၇ ခုနှစ်တွင် စင်ကာပူနိုင်ငံသည် ခုနစ်နိုင်ငံမြောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူကာ မင်းအောင်လှိုင်ပြဿနာကို ဆက်လက် ဖြေရှင်းရတော့မည် ဖြစ်သည်။ မင်းအောင်လှိုင်ပြဿနာဟု သုံးနှုန်းရခြင်းမှာ ယနေ့အချိန်ထိ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားသော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်အာဏာသိမ်းခဲ့သူ၊ နိုင်ငံအနှံ့ ဖြစ်ပွားနေသော စစ်ပွဲများကို အဓိကဖန်တီးခဲ့သူ၊ ပြည်သူ သုံးပုံနှစ်ပုံကို ဆင်းရဲမွဲတေသွားအောင် လုပ်ဆောင်ခဲ့သူ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
အာဆီယံအဖွဲ့ကြီးနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ဖြစ်ပွားနေသော ပြဿနာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သော ပြည်တွင်းရေးပြဿနာသက်သက်မဟုတ်ဘဲ၊ အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများ ကို ချိုးဖောက်ခဲ့သော ပြဿနာဖြစ်သဖြင့် အာဆီယံခေါင်းဆောင်များ မဖြစ်မနေအရေးယူခဲ့ရမည့် အရေးကိစ္စ ဖြစ်လာခဲ့သည်။ ထိုအချက်က အာဆီယံခေါင်းဆောင်များ အဘယ်ကြောင့် ၎င်းတို့ချမှတ်ခဲ့သည့် “တူညီဆန္ဒ ၅ ချက်” ကို တစ်လက်မမျှ မရွှေ့မပြောင်းဘဲ ခိုင်ခိုင်မာမာရပ်တည်နေပုံ၏ အရေးကြီးမှုကို ပြသနေပါသည်။
အာဆီယံခေါင်းဆောင်များ တူညီဆန္ဒ ၅ ချက်ကို စွန့်လွှတ်၍မရသော အကြောင်းရင်း
၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အာဆီယံခေါင်းဆောင်များ တူညီဆန္ဒ ၅ ချက် ချမှတ်ခဲ့ပုံကို ပြန်လည် ဆန်းစစ်သုံးသပ်သည့်အခါ ထိုအချိန်က လက်နက်ကိုင်အကြမ်းဖက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသူမှာ အာဏာသိမ်းစစ်တပ်တစ်ခုတည်း ဖြစ်သည်။ ထိုအချိန်က စစ်တပ်သည် နိုင်ငံအနှံ့ လမ်းမများပေါ်တွင် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရာနှင့်ချီသော အရပ်သားပြည်သူများ၏ ဦးခေါင်းတည့်တည့်ကို ပစ်ခတ်သတ်ဖြတ်ထားပြီး၊ အကြမ်းဖက်သတ်ဖြတ်မှုများကို အရှိန်မြှင့်ကျူးလွန်ရန် ကြိုးပမ်းလျက်ရှိသည်။
ထို့ကြောင့် လူ့အသက်များကို အကာအကွယ်ပေးရန်မှာ အာဆီယံခေါင်းဆောင်များအတွက် အရေးအကြီးဆုံး အချက်ဖြစ်ပြီး၊ တူညီဆန္ဒ ၅ ချက်၏ ထိပ်ဆုံးတွင်ထည့်သွင်း၍ ပြည်သူများကို သတ်ဖြတ်နေမှုချက်ချင်း ရပ်တန့်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် မင်းအောင်လှိုင်ကို တရားဝင် အရပ်သားအစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆွေးနွေးအဖြေရှာရာတွင် အာဆီယံ အနေဖြင့် တရားမျှတစွာ ကြားဝင်စေ့စပ်ညှိနှိုင်း ကူညီဖြေရှင်းရန် သို့မဟုတ် အာဆီယံ၏ ကြီးကြပ်မှုဖြင့် ဖြေရှင်းရန် အဓိကရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် အာဆီယံပဋိညာဉ်စာတမ်းကို ချိုးဖောက်ခဲ့သော မင်းအောင်လှိုင်အား ပြဿနာကို ငြိမ်းချမ်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ ဖြေရှင်းနိုင်ရန် အာဆီယံခေါင်းဆောင် များက လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့အချိန်ထိ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံအကြီးအကဲအဖြစ် အာဆီယံအဖွဲ့ကြီးက အသိအမှတ်မပြုခြင်းနှင့် အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ရောက်ခွင့်မပေးခြင်းနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြသည်။ ထိုအမြင်များထဲ အာဆီယံပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံတစ်ခုက ချိုးဖောက်ခြင်းကြောင့် အာဆီယံခေါင်းဆောင်များက မျက်နှာလွှဲထား၍မရဘဲ အရေးယူခဲ့ခြင်းကို ဥပဒေဆိုင်ရာအခြေခံပေါ်မှ သုံးသပ်ပြောဆိုမှု နည်းပါးသည်ကို သတိပြုမိသည်။ မင်းအောင်လှိုင်စစ်အုပ်စုကလည်း ထိုအချက်ကို ဖုံးဖိထားခဲ့ပြီး၊ အာဆီယံက မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေဟန် ဝါဒဖြန့်မှုများက ဥပဒေဆိုင်ရာ ရှုမြင်သုံးသပ်မှုများကို အားနည်းစေခဲ့သည်။
စင်စစ် အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများကို ချိုးဖောက်ခဲ့သူ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ခေါင်းဆောင်များက အသိအမှတ်ပြုမည်လား၊ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများကို ဥပဒေကဲ့သို့စည်းနှောင်မှုရှိ သော ပဋိညာဉ်စာတမ်းအား ကာကွယ်စောင့်ထိန်းမည်လား ဆိုသည့် အလွန်အရေးကြီးသော အကျပ်အတည်း နှင့် အာဆီယံခေါင်းဆောင်များ ကြုံတွေ့နေရသည်မှာ ယခုအခါခြောက်နှစ်ခန့် ရှိလာပြီ ဖြစ်သည်။
၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မစတင်မီ အာဆီယံခေါင်းဆောင်များက ၎င်းတို့ချမှတ်ခဲ့သော တူညီဆန္ဒ ၅ ချက်ကို ဖြေလျှော့မှုများ ပြုလုပ်တော့မည်လားဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် မျှော်လင့်ထားခဲ့သည့်အတိုင်း တူညီဆန္ဒ ၅ ချက်ကို အာဆီယံခေါင်းဆောင်များ ပြန်လည်လေ့လာသုံးသပ်မှု ကြေညာချက် ထုတ်ပြန်ချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ ရပ်တည်ချက် မပြောင်းလဲကြောင်း အခိုင်အမာ ပြသခဲ့ကြသည်။ တနည်းအားဖြင့် အာဆီယံကို လျှော့တွက်ခဲ့ပြီး အတုအယောင် ရွေးကောက်ပွဲဖြင့် အာဆီယံခေါင်းဆောင်များ၏ အသိအမှတ်ပြုမှုကို လှည့်စား၍ ပြန်လည်ရယူရန် မင်းအောင်လှိုင် ကြိုးပမ်းခဲ့သမျှ အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူ၏ မြန်မာ့ပြဿနာကိုင်တွယ်လာမည့် အလားအလာ
၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည့် စင်ကာပူနိုင်ငံ၏ မြန်မာပြဿနာ ကိုင်တွယ်ဖြေရှင်းမည့် ပုံသဏ္ဌာန်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan သည် ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်း ကတည်း က စတင်ပြင်ဆင်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဇူလိုင်လ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မင်းအောင်လှိုင် ခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ဝန်ကြီး Vivian တက်ရောက် ခဲ့ပြီး၊ ဆွေးနွေးပွဲအပြီး ၎င်း၏ ဆိုရှယ်မီဒီယာ Facebook စာမျက်နှာမှတဆင့် အာဆီယံ၏ ရပ်တည်ချက် (၃) ချက်ကို ပြောကြားခဲ့ခြင်းက ထူးထူးခြားခြား ဖြစ်ခဲ့သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan အထူးပြုဖော်ပြခဲ့သည့် အာဆီယံ ရပ်တည်ချက် (၃) ချက်မှာ (၁) အရပ်သားပြည်သူများကို အကြမ်းဖက်မှုများ အပြီးတိုင်ရပ်စဲရေး၊ (၂) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် (၃) နိုင်ငံရေးအရကွဲပြားမှုကို အခြေမခံသော လိုအပ်ချက် ရှိသည့် နိုင်ငံအနှံ့ရှိ ပြည်သူများအားလုံးထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အာဆီယံ၏ AHA Center က ကူညီနိုင်ရေး တို့ဖြစ်သည်။
ဝန်ကြီး Vivian ၏ ဒုတိယမြောက် တောင်းဆိုချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် အာဆီယံ တူညီဆန္ဒ ၅ ချက် ချမှတ်ခဲ့စဉ်ကတည်းက နံပါတ် ၆ အချက်အဖြစ် စင်ကာပူနိုင်ငံ လိုလားသော တောင်းဆိုချက် ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ ခေါ်ယူတွေ့ဆုံပြီးနောက် ထိုစဉ်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ရာတွင် မြန်မာ စစ်အာဏာသိမ်းမှုကို ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များအကြား ဆုံးဖြတ်ချက် ၆ ချက် ချမှတ်ခဲ့သည်ဟု အတိအလင်း ဖြေကြားခဲ့ဖူးသည်။
သို့သော် အာဆီယံ၏ တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်လာသည့်အခါ အချက် ၅ ချက်သာ ပါဝင်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအချက်ကို မင်းအောင်လှိုင်စစ်အုပ်စုက ခါးခါးသီးသီးကန့်ကွက်ခဲ့သဖြင့် ကြေညာချက်၏ စာပိုဒ်တစ်ခုထဲတွင်သာ ထည့်နိုင်ခဲ့ပြီး၊ ဘုံသဘောတူညီ ချက်အဖြစ် မထည့်သွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ ထိုဖြစ်စဉ်ကို ထောက်ရှုခြင်းဖြင့် မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ဈေးဆစ်ခဲ့ပြီးမှ အချက် ၅ ချက်ကို သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။
ထို့ကြောင့် စင်ကာပူနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည့်အခါ နိုင်ငံခြားရေးဝန်ကြီး Vivian သည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို အခြားအဖွဲ့ဝင်နိုင်ငံများထက် ပို၍အာရုံစိုက်ဆောင်ရွက် လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ အကြောင်းမှာ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းနှင့် နိုင်ငံခြားရေးဝန်ကြီး Vivian တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်ကောင်းမွန်သော ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ကြခြင်းကြောင့် ဖြစ်သည်။
အာဆီယံ၏တစ်ဦးတည်းသောသက်တော်ရှည်နိုင်ငံခြားရေးဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီး Vivian သည် အာဆီယံ ၁၁ နိုင်ငံထဲတွင် တစ်ဦးတည်းသောသက်တော်ရှည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲတွင် ထင်ရှားသော အရပ်သားနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုထောက်ခံမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော သတင်းကြားသိရချိန်တွင် Vivian လည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ပူပူနွေးနွေး စတင်ရယူခဲ့သည်မှာ တစ်လစွန်းစွန်းမျှသာ ရှိသေးသည်။
ထို့နောက် မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်များ၏ ရာစုနှစ်တစ်ဝက်ကျော် အာဏာချုပ်ကိုင်ထားခဲ့မှုကို အဆုံးသတ်စေမည့် မြန်မာနိုင်ငံမှ သမိုင်းဝင်အလှည့်အပြောင်းကို ဝန်ကြီး Vivian မျက်ဝါးထင်ထင် စောင့်ကြည့် လေ့လာခွင့်ရရှိခဲ့သည်။ အရပ်သားအစိုးရသစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသောအခါ Vivian သည် လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် အာဆီယံအစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခွင့်ရရှိခဲ့ပြီး၊ စင်ကာပူ- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ ကောင်းစွာမြှင့်တင်နိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရလက်ထက် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများကို Vivian မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဈေးကွက်မှ မြန်မာနိုင်ငံထဲ စီးဝင်ခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာရှိခဲ့ပြီး၊ အစဉ်အဆက် တရုတ်နိုင်ငံ ရယူထားခဲ့သော နံပါတ်တစ် နေရာကိုပင် ကျော်ဖြတ်ရယူနိုင်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ယနေ့အချိန်ထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် မြန်မာနိုင်ငံ မည်မျှပျက်စီးဆုတ်ယုတ်နေသည်ကို တွေ့မြင်နေရသော တစ်ဦးတည်းသော အာဆီယံ၏ သက်တော်ရှည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။
ထို့ကြောင့် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည့် စင်ကာပူနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရာထူးကို ဝန်ကြီး Vivian ကိုယ်တိုင်ရယူမည်လား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုရှိပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အကျယ်လောင်ဆုံး တောင်းဆိုနေသော ဝန်ကြီး Vivian နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးက မည်ကဲ့သို့ရှိလာမည်နည်း ဆိုသည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်သင့်ပါသည်။
မင်းအောင်လှိုင်၏ အတုအယောင်လွှတ်တော်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထားရှိ ခြင်းကို ကန့်ကွက်ထားခြင်းသည် စင်ကာပူနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်ကို ရည်ရွယ်၍ ကြိုတင် ကန့်ကွက်ခဲ့ခြင်းလား စဉ်းစားစရာ ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်များအနက် မင်းအောင်လှိုင်နှင့် ပတ်သက်၍ သဘောထား အတင်းမာဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်သည်ဟု သုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ပြီး၊ ယနေ့ အချိန်ထိ နှစ်နိုင်ငံဆက်ဆံရေးတွင် စင်ကာပူနိုင်ငံသည် မင်းအောင်လှိုင်နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းကို ရှောင်ရှားပြီး၊ အာဆီယံ တူညီဆန္ဒ ၅ ချက်နှင့် ပတ်သက်၍ အခိုင်မာဆုံး ရပ်တည်နေသော နိုင်ငံဖြစ်သည်။
စည်းမျဉ်းအခြေပြုအာဆီယံအသင်းကြီးဖြစ်လာရေးစင်ကာပူခေါင်းဆောင်များလိုလား
စင်ကာပူနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် မြို့ပြနိုင်ငံ (City State) ဟု ခေါ်ရလောက်အောင် အလွန် သေးငယ်သော နိုင်ငံငယ်လေး ဖြစ်သော်ငြားလည်း စီပွားရေးအရ ဖွံ့ဖြိုးမှုအရှိဆုံးနှင့် ချမ်းသာ ကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။ စင်ကာပူနိုင်ငံကို တည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုသည် ဩဇာအရှိန်အဝါကြီးသော ခေါင်းဆောင်တစ်ဦးအဖြစ် အာဆီယံအသင်းကြီးကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
လက်ရှိ စင်ကာပူမျိုးဆက်သစ် ခေါင်းဆောင်များသည် အတိတ်က အကျိုးစီးပွားအခြေပြု အာဆီယံ (Interest-based ASEAN) မှ လမ်းခွဲ၍ နိုင်ငံတကာစနစ်ကြီးထဲ သိက္ခာရှိစွာ ရပ်တည်သော စည်းမျဉ်းအခြေပြုအာဆီယံ (Rule-based ASEAN) အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် အာဆီယံတွင် စင်ကာပူနိုင်ငံသည် အကျိုးစီးပွားကို အခြေခံပြီး မူဝါဒအမျိုးမျိုးပြောင်းလဲတတ် သော နိုင်ငံအစား၊ မူဝါဒ တသတ်မှတ်တည်း ကျင့်သုံးသော သိက္ခာရှိသည့် နိုင်ငံရုပ်သွင်ကို လက်ရှိခေါင်းဆောင်များ ပုံဖော်နေကြောင်း လေ့လာ တွေ့ရှိရသည်။
ဥပမာအားဖြင့် မလက္ကာရေလက်ကြား၏ထိပ်တွင် တည်ရှိနေသော စင်ကာပူနိုင်ငံ၏ အသက်သွေးကြောသည် ရေကြောင်းကုန်သွယ်ရေးဖြစ်ပြီး၊ နိုင်ငံ၏ချမ်းသာကြွယ်ဝမှုသည် ပထဝီစီးပွားရေး အချက်အချာကျသော ရေလက်ကြားနေရာတွင် တည်ရှိခြင်းက အဓိကကျသည်။ အမေရိကန်- အီရန်စစ်ပွဲ စတင်ဖြစ်ပွားသည့်အခါ မလက္ကာရေလက်ကြားကဲ့သို့ အချက်အချာကျသော ဟော်မုဇ် ရေလက်ကြား၏ ကံကြမ္မာကို မျက်ဝါးထင်ထင် တွေ့မြင်နေရသော စင်ကာပူခေါင်းဆောင်များသည် မလက္ကာရေလက်ကြားတွင် အလားတူအဖြစ်ဆိုးမျိုး ကြုံတွေ့လာပါက စင်ကာပူ၏ နိုင်ငံတစ်ခုအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး သေရေးရှင်ရေးကိစ္စဖြစ်ပြီး၊ နေချင်း ညချင်း စင်ကာပူနိုင်ငံ ပျောက်ဆုံးသွားနိုင်ကြောင်း လက်ရှိခေါင်းဆောင်များ ကောင်းစွာသိမြင်ထားပုံရသည်။
ထို့ကြောင့် အမေရိကန်- အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ဟော်မုဇ်ရေလက်ကြားကို နှစ်ဖက် အပြန်အလှန် ပိတ်ဆို့မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian က ပြသခဲ့ပြီး၊ မလက္ကာရေလက်ကြားဆိုင်ရာ စင်ကာပူနိုင်ငံ၏ ရပ်တည်ချက်နှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာကြရန် ကမ္ဘာကြီးအား ကြေညာအသိပေးခဲ့သည်။ အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းအသုံးပြုနေသည့် မည်သည့်ရေယာဉ်ကိုမဆို အခွန်ကောက်မည်ဟု ကြေညာသည့်အခါ စင်ကာပူသည် ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မလက္ကာရေလက်ကြားသည် လွတ်လပ်စွာဖြတ်သန်း သွားလာနိုင်သော ရေလက်ကြားဖြစ်ရမည်ဟု အာမခံခဲ့သည်။
နိုင်ငံတကာအရေးအခင်းများတွင် စင်ကာပူခေါင်းဆောင်များ၏ တုံ့ပြန်မှုများက နိုင်ငံတကာဥပဒေများကို အဓိက အားကိုးအားထားပြုပြီး၊ စင်ကာပူနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတည်တံ့ရေးကို ကာကွယ်နိုင် သော အကောင်းဆုံးအင်အားမှာ စစ်အင်အားမဟုတ်ဘဲ နိုင်ငံတကာဥပဒေများဖြစ်သည်ကို စင်ကာပူ၏ မျိုးဆက်သစ်ခေါင်းဆောင်များက ကောင်းကောင်းသိရှိထားကြသည်။ ထို့ကြောင့် အာဆီယံအသင်းကြီး အတွင်း ရင်ဆိုင်နေရသော ပြဿနာများကိုလည်း စင်ကာပူခေါင်းဆောင်များသည် အာဆီယံပဋိညာဉ် စာတမ်းကို တိတိကျကျ လိုက်နာအကောင်အထည်ဖော်ခြင်းဖြင့် သိက္ခာရှိသော ဒေသဆိုင်ရာအသင်းကြီး ဖြစ်လာရန် ကြိုးပမ်းကြလိမ့်မည် ဖြစ်သည်။
၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမည့် စင်ကာပူနိုင်ငံသည် မြန်မာ့ပြဿနာကို ဦးဆောင် ဖြေရှင်းရာတွင် စံနှုန်းအမျိုးမျိုးဖြင့် အကျိုးစီးပွားဦးစားပေးသော၊ မျက်နှာများသော ခေါင်းဆောင်မှုမျိုးထက် အာဆီယံ၏ ဂုဏ်သိက္ခာကို အလေးထားသော၊ အာဆီယံပဋိညာဉ်စာတမ်းကို တိတိကျကျ ကျင့်သုံးသော နိုင်ငံအဖြစ် ပြသနိုင်သည်ဟု ယူဆပါသည်။
စင်ကာပူနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများကို ချိုးဖောက်၍ စစ်အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်ကို အလျှော့ပေးဆက်ဆံလိမ့်မည်ဟု မယူဆပါ။ ထို့အတူ ထိုင်းနိုင်ငံကဲ့သို့ မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေ၍ အကျိုးစီးပွားတွင် အခြေခံပြီး မင်းအောင်လှိုင်ကို ပြန်လည်ထိတွေ့ဆက်ဆံရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများ လက်ခံလာစေရန် အတင်းအကျပ်တွန်းတင်နေခြင်းကို စင်ကာပူနိုင်ငံ ခေါင်းဆောင်များက တုံ့ပြန်မည့် အခြေအနေမှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်လေ့လာသင့်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။



