အလုပ်မှ ပြန်လာပြီးနောက် ညစာစားရန် ပြင်ဆင်နေချိန် လက်နက်ကိုင်အင်အား၂၀ ခန့်က ကိုအောင်* (အမည်လွှဲ) ၏နေအိမ်ကို ဝင်ရောက်စီးနင်းပြီး စစ်ဆေးမေးမြန်းရန်ရှိသဖြင့် ခဏလိုက်ခဲ့ရန် ခေါ်ဆောင် သွားကြသည်။
၎င်းနေထိုင်ရာ အရပ်တွင် ပေါ်တာဆွဲမှုများ မရှိတော့ကြောင်း အုပ်ချုပ်ရေးမှူးမှတဆင့် သတင်းစကားများ ဖြန့်ဝေလာသည့်အတွက် ယခုလ လလယ်တွင် အရဲစွန့်၍ စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်နေအိမ်၌ ပြန်လည်နေထိုင်ခဲ့သည်။ ယင်းနောက် သီတင်းတစ်ပတ်အကြာ ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် ကိုအောင်က ပြောသည်။
“ကားကိုလမ်းထိပ်မှာထားပြီး ခြေလျင်အဖွဲ့လိုက်ကြီး ဝင်စီးတာ။ အင်အား ၂၀ လောက်နဲ့ လက်နက်အပြည့်အစုံနဲ့ ဝင်ဖမ်းတာ။ ညီလေးရေ ခဏလိုက်ခဲ့ပါဦး၊ အစ်ကိုတို့ စစ်ဆေးစရာလေးရှိလို့၊ မေးမြန်းစရာလေးရှိလို့ဆိုပြီး ဒီအတိုင်းခေါ်လာတာ။ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုတွေ အကုန်သိမ်းပြီးခေါ်တာ”ဟု ကိုအောင်က ဖမ်းဆီးခံရစဉ် အခြေအနေကို ပြန်ပြောပြသည်။
ထိုဖြစ်ရပ်မတိုင်ခင်တွင် ကိုအောင်သည် စစ်မှုထမ်း အသက်အပိုင်းအခြားတွင် အကျုံးဝင်သဖြင့် စိုးရိမ်ထိတ်လန့်ကာ လွန်ခဲ့သည့် ငါးလခန့်ကတည်းက မြို့ပေါ်တွင်မနေတော့ဘဲ အနီးဝန်းကျင်ကျေးရွာတစ်ခု၌ ရှောင်တိမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်း(အရပ်အခေါ် ပေါ်တာဆွဲခြင်း) ခံလိုက်ရပြီး ညတွင်းချင်းပင် ရေဦးမြို့ အောင်ဇေယျရပ်ကွက် အမှတ် (၂) အထက်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်တစ်ခုသို့ ပို့ဆောင်လိုက်ကြသည်။
အဆိုပါ စာသင်ဆောင်ထဲတွင် ရောက်နှင့်နေပြီးသည့်သူများနှင့် စကားစပ်မိမှသာ ပြည်သူ့စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲခံလာရခြင်းဖြစ်ကြောင်း ကိုအောင် သိရှိခဲ့ရသည်။ နှစ်ထပ်ဆောင်၏ မြေညီထပ်ရှိ အလုံပိတ်ထားသော စာသင်ခန်းတစ်ခုတွင် ကိုအောင် အပါအဝင် ၂၂ ဦး အထိရှိသည်။ ၎င်းတို့မှာ နေအိမ်၌ နေထိုင်ရင်း ဖမ်းဆီးခံရသူများရှိသကဲ့သို့ မြို့ပေါ်တွင် သွားလာရင်း ပေါ်တာဆွဲခံရသူများလည်း ပါဝင်သည်။
တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံရသည့် အမျိုးသား၂၂ ဦးကို ချုပ်နှောင်ထားရာ စာသင်ဆောင်အခန်းနှင့် ပင်မစာသင်ကျောင်း ကြားထဲတွင် ဘောလုံးကွင်းတစ်ခုသာခြားပြီး ကျောင်းမှာ ပုံမှန်ဖွင့်လှစ်ထားသည်ဟု ဆိုသည်။
“ကျောင်းက ပုံမှန်အတိုင်းဖွင့်တယ်။ ကလေးတွေကိုတော့ အဲ့ဒီအဆောင်ဘက် အလာမခံဘူးဗျ။ အဆောင် နှစ်ဆောင်ရဲ့ကြားမှာ ဘောလုံးကွင်း ခြားထားတယ်။ ဘောလုံးကွင်းမှာတော့ ကလေးတွေ အသွားအလာ ရှိတယ်။ အချုပ်အနှောင်အခန်းဘက်ကိုတော့ ကလေးတွေလာခွင့်မရှိဘူး”ဟု ကိုအောင်က ဆိုသည်။
၎င်းတို့ကို စောင့်ကြပ်သည့် ပျူစောထီးများနှင့် စစ်တပ် လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား တစ်ဒါဇင်ကျော်ခန့်ရှိပြီး နေ့လယ်ဘက်တွင် ထိုသူများက စာသင်ဆောင်အပေါ်ထပ်တွင် နေရာယူလေ့ရှိပြီး ညနေပိုင်းတွင် လက်နက်ကိုင် စောင့်ကြည့်နေကြသည်။
ထိုသူများက နှစ်နှစ်သာ စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တာဝန်ပြီးဆုံးပါက ဝါသနာပါရာလုပ်ငန်း လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း စည်းရုံးရေးစကားများ ဆိုကြသော်လည်း မယုံကြည်သည့်အတွက် အခွင့်သာလျှင် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြောင်း ကိုအောင်က ဆိုသည်။
ထိုသို့စောင့်ကြပ်နေသည့်ကြားမှ နိုဝင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ၂၂ ဦးအနက် ကိုအောင်အပါအဝင် ၁၀ ဦးခန့်မှာ ကြိုတင်ကြံစည်ထားသည့်အတိုင်း လက်နက်ကိုင်အစောင့်များကို အာရုံလွှဲပြီး တံခါးကို ရိုက်ချိုးဖွင့်လှစ်ကာ ထွက်ပြေးခဲ့ကြသည်။
“သူတို့ (အစောင့်များ) ကင်းချိန်မှာ အခန်းထဲကို ဘုရားမီးပူဇော်တဲ့မီးသီးလေးကို အားသွင်းခိုင်းပြီးတော့ သူတို့အားသွင်းတဲ့အချိန်ကို ကျွန်တော်တို့ အဖွဲ့လိုက် တံခါးကြီးကို ရိုက်ချိုးပြီးတော့ ကျောင်းသားတွေနဲ့ ရောပြီးတော့ ထွက်ပြေးလာတာ”ဟု ထွက်ပြေးခဲ့သည့်အတွေ့အကြုံကို ကိုအောင်က ပြန်ပြောပြသည်
အဆိုပါစာသင်ကျောင်းဝင်းမှ လွန်မြောက်သည်နှင့် နှစ်ဖွဲ့ခွဲပြီး အလျှိုလျှို ထွက်ပြေးခဲ့ကြသည်။ ထွက်ပြေးစဉ် ရင်းနှီးသည့်တော်လှန်ရေးမိတ်ဆွေအချို့ကို ချိတ်ဆက်ခဲ့သည်။ ထွက်ပြေးပြီး နှစ်နာရီခန့်အကြာ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ရေဦးမြို့ပြင်ရှိ တော်လှန်ရေးအင်အားစုများထံ ဘေးမသီရန်မခ ရောက်ရှိခဲ့သည်။
စစ်တပ်က ရေဦးမြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး မြို့အနီးဝန်းကျင်ရွာများအပါအဝင် ကျေးရွာပေါင်း ၁၉၀ ကျော်မှာ တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားနိုင်သည့်အခြေအနေဖြစ်သည်။
“ အခုချိန်ထိကို မလှုပ်နိုင်သေးဘူး။ ခြေထောက်တွေလည်း စုတ်ပြတ်လို့ ပြေးလိုက်ရတာ”ဟု ကိုအောင် က ဆိုသည်။
အထက (၂) တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၂ ဦးအနက် ကျန်းမာရေး မကောင်းသူ၊ ခြေထောက် မကောင်းသူတို့မှအပ ၁၀ ဦးလုံး ထွက်ပြေးလွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အနက် အများစုမှာ ရေဦးမြို့ခံများဖြစ်ကြပြီး ထိုအထဲမှ သုံးဦးမှာ တန့်ဆည်၊ ကလေးနှင့် ရေစကြိုတို့မှဖြစ်ပြီး ရေဦးမြို့ပေါ် ရောက်ရှိနေစဉ် စစ်မှုထမ်းအတွက် အဓမ္မ ဖမ်းဆီးပြီး စုဆောင်းခံရခြင်းဖြစ်သည်။
“(ထွက်ပြေးလာသူတွေကို) ကျွန်တော်တို့လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းထားတယ်။ ပြီးတော့မှ မိဘထံ ပြန်အပ်မယ်”ဟု ရေဦးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက အခြေအနေကို ပြောပြသည်။
ထို ၁၀ ဦး၏ နေရပ်ပြန်ရေးအခြေအနေအသေးစိတ်များကိုမူ လုံခြုံရေးအခြေအနေကြောင့် လတ်တလော မသိရသေးပေ။
အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်တပ်ခန့် စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now ကဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်းမရခဲ့ပါ။
စစ်တပ်ထိန်းချုပ်ထားသည့် ရေဦးမြို့တွင် စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးထားသည့် လူငယ်များကို ရဲစခန်းအနီးရှိ အမှတ် (၁) အထက်တန်းကျောင်းနှင့် အောင်ဇေယျရပ်ကွက်ရှိ အမှတ် (၂) အထက်တန်း ကျောင်းတို့တွင် ထိန်းသိမ်းလေ့ရှိပြီး ထိုသို့ထိန်းသိမ်းထားစဉ် ထွက်ပြေးလွတ်မြောက်လာသည်မှာ သုံးကြိမ်မြောက် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ဒုတိယပတ်တွင် အထက (၁) တွင်ထိန်းသိမ်းခံထားရသည့် လူငယ် ၁၉ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ယခုနှစ် စက်တင်ဘာလတွင်လည်း အထက (၂) တွင် ထိန်းသိမ်းခံထားရသည့် လူငယ် ၁၂ ဦး အစောင့်များ အလစ်အငိုက်တွင် လွတ်မြောက်ခဲ့ကြသည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့်စစ်တပ်သည် အင်အားလိုအပ်ချက်ဖြည့်တင်းရန်အတွက် စစ်မှုမထမ်း မနေရ ဥပဒေကို အသက်သွင်းပြီး အပတ်စဉ်တစ်ခုလျှင် လူဦးရေ ငါးထောင်နီးပါး စစ်မှုထမ်းစုဆောင်းလျက်ရှိရာ နှစ်နှစ်ကျော်ရှိလာပြီး စစ်သားအင်အား တစ်သိန်းတစ်သောင်းကျော် စုဆောင်းထားနိုင်ကြောင်း CDM စစ်သားများဖြင့် ဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က နိုဝင်ဘာလ ပထမပတ်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပေါ်တာဆွဲစစ်မှုထမ်းအများစုကို ခြေလျင်တိုက်ခိုက်ရေးတပ်များသို့ ပို့ဆောင်လျက်ရှိပြီး ခြေလျင်တပ်ရင်း၊ တပ်မများ၏ စစ်ဆင်ရေးအင်အား ၈၀ ရာခိုင်နှုန်းကျော်မှာ ထိုသူများဖြစ်သည်ဟု ဆိုသည်။
စစ်တပ်၏ တပ်သားသစ် အဓမ္မစုဆောင်းမှုရန်ကြောင့် လူငယ်များအစုလိုက်အပြုံလိုက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ရသလို မြို့ပေါ် ကျန်နေသူများမှာလည်း စိုးရိမ်ထိတ်လန့်စွာဖြတ်သန်းနေကြရသည်။
စစ်တပ်ကမူ လစဉ်စစ်မှုထမ်းသင်တန်းသားပြည့်မီရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးစုဆောင်းနေပြီး ၇၀ ရာခိုင်နှုန်းကျော်မှာ အဓမ္မဖမ်းဆီးစုဆောင်းခံရမှုများဖြစ်သည်ဟု MDSI က ဆိုသည်။
ခရီးသွားလူငယ်များကို စစ်ဆေးဖမ်းဆီးခြင်း၊ အလုပ်သွား/ပြန်ချိန် ဖမ်းဆီးခြင်း၊ အလုပ်ခေါ် လိမ်ညာလှည့်ဖြား စုဆောင်းခြင်း၊ လူမိုက်ဂိုဏ်းများအသုံးပြု ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါး ထောင်ချောက်ဆင်ခြင်းစသည့် နည်းလမ်းများဖြင့်ဖမ်းဆီးစုဆောင်းနေသည်ဟု အစီရင်ခံစာက ဆိုသည်။
ကာလရှည်ကြာလာသော ပြည်တွင်းစစ်ပွဲအတွက် စစ်တပ်သည် တပ်သားသစ်အဓမ္မစုဆောင်းနေခြင်းဖြစ်ပြီး ယခုအခါ အပတ်စဉ် (၃၀) အထိ ရောက်ရှိနေပြီဖြစ်သည်။
စစ်တပ်ဘက်ကမူ တရားမဝင်ငွေကြေးကောက်ခံသူများနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူများအား အရေးယူ လျက်ရှိပြီး ယခုနှစ် အောက်တိုဘာလကုန်အထိ ငွေကြေးဆိုင်ရာ အမှု ၄၉ မှု၊ အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှုအတွက် ၁၉၉ ဦးကို အရေးယူထားပြီးဖြစ်သည်ဟု စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)တွင် ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ဆောင်ရန် ကြပ်မတ်ထားသည်ဟု ဆိုပြီး အဓမ္မ ခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့် လူစားထိုးဆင့်ခေါ်ခြင်း၊ ရပ်ကွက်ကျေးရွာများတွင် တရားမဝင်ငွေကြေးကောက်ခံခြင်းများ ပပျောက်စေရန် အရေးယူသွားမည် ဖြစ်ကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ထားသော်လည်း စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများကပါ ပေါ်တာဆွဲမှုများကို ကျူးလွန်နေကြကြောင်း မြို့ပေါ်နေသူ အများစုက ဆိုထားကြသည်။



