၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ ကြောင်း ICJ ၏ ဆုံးဖြတ်မှုအပြီးတွင် ဗြိတိန်အစိုးရက ယင်းဖြစ်ရပ်ကို တရားဝင် အသိအမှတ် ပြုလိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာဦးအပါအဝင် အဆင့်မြင့် မြန်မာစစ်ဘက် အရာရှိ ငါးဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။
နိုဝင်ဘာလ ၂၃ ရက်တွင် အထက်ပါဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လူမျိုးသုဉ်းသတ်ဖြတ်မှု သမိုင်းဝင် စီရင်ချက်ချမှတ်သည့် နိုဝင်ဘာလ ၁၉ ရက်တွင် ဗြိတိန်က လန်ဒန်ရှိ မြန်မာစစ်သံမှူးကို နိုင်ငံမှ နှင်ထုတ်ရန် အမိန့်ပေးခဲ့ပြီး မြန်မာသံရုံး ယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ခဲ့သည်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် စစ်ဆင်ရေးများအတွင်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး လက်ရှိသမ္မတရာထူး ရယူထားသည့် ဦးမင်းအောင်လှိုင်နှင့် ပတ်သက်၍ “ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှု အများအပြားအတွက် သူ့မှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်”ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက တနင်္လာနေ့တွင် အောက်လွှတ်တော်၌ ပြောသည်။ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဗြိတိန်က ၂၀၂၁ ခုနှစ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့ထားသည်။
“မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ရပါမယ်။ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး၊ တရားစွဲဆိုပြီး အပြစ်ပေးရပါမယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တော့မှ ထပ်မဖြစ်အောင်လည်း တားဆီးရပါမယ်”ဟု မီလီဘန်းက ပြောသည်။
“လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ တိုက်ပွဲတွေကို ချက်ချင်း ရပ်နားရပါမယ်။ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးသဘောတူညီချက် ရရှိဖို့ ဆွေးနွေးရပါမယ်” ဟုလည်း ၎င်းက ပြောသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူများမှာ ဗိုလ်ချုပ် ကျော်စိုး (အနောက်ပိုင်းတိုင်း တိုင်းမှူးမှာ ဗိုလ်မှူးချုပ် ကျော်ဇော ဖြစ်သဖြင့် ဗြိတိန်အစိုးရထုတ်ပြန်ချက်တွင် အမည်မှားယွင်းနေသည်ဟု ယူဆရပြီး အချက်အလက်မှန်ကို အတည်ပြုနေဆဲဖြစ်ပါသည်။)၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာဦး၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ်ဟောင်း မြတ်သက်ဦးနှင့် ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့ ဖြစ်သည်။ ပိတ်ဆို့မှုများတွင် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ဆို့ခြင်း၊ ဗြိတိန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း တို့ ပါဝင်သည်။
ရခိုင်ပြည်နယ် မြောက်ဦးပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအတွက် ထိုစဉ်က အနောက်ပိုင်းတိုင်းမှူးတွင် တာဝန်ရှိသည် ဟု သံသယရှိရန် ခိုင်လုံသော အကြောင်းပြချက်များ ရှိကြောင်း ဗြိတိန်က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် နို့စို့အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူတွေကို သေစေနိုင်တဲ့ လေကြောင်းအင်အားသုံးပြီး စနစ်တကျ တိုက်ခိုက်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်”ဟု မီလီဘန်းက ပြောသည်။ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ဖြန့်ဖြူးမှုကို ပိတ်ပင်မည့် ဥပဒေကြမ်းကို လာမည့်လများအတွင်း တင်သွင်းမည်ဟုလည်း ၎င်းက ပြောသည်။
ဗြိတိန်က ထပ်မံပေးမည့် လူသားချင်းစာနာမှု အကူအညီ ပေါင်ငါးသန်းဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် အခြားဒေသခံ စုစုပေါင်း ၃၅၀,၀၀၀ ခန့်ကို ကူညီရန် ရည်ရွယ်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်၊ သက်သေအထောက်အထားများ စုဆောင်းထိန်းသိမ်းရန်နှင့် အသက်ရှင်ကျန်ရစ်သူများ တရားမျှတမှုရရှိရေး ကူညီရန် ပေါင်သုံးသန်းအထိ ထောက်ပံ့မည်ဟု ဗြိတိန်က ကြေညာသည်။
ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါနှင့် အမှုစွဲဆိုခဲ့သည့် ဂမ်ဘီယာတို့အပါအဝင် ၁၄ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း နိုဝင်ဘာလ ၂၃ ရက် ပူးတွဲထုတ်ပြန်ချက်တွင် ICJ စီရင်ချက်ကို မြန်မာနိုင်ငံက လိုက်နာရန် ဥပဒေအရ တာဝန်ရှိကြောင်း ဖော်ပြပြီး အပြည့်အဝ လိုက်နာရန် တောင်းဆိုခဲ့သည်။
ပူးတွဲထုတ်ပြန်ချက်တွင် ဘယ်လ်ဂျီယံ၊ ဆိုက်ပရပ်စ်၊ ချက်၊ အက်စ်တိုးနီးယား၊ အိုက်စလန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယူးဇီလန်၊ ပေါ်တူဂီနှင့် စပိန်တို့လည်း ပါဝင်သည်။ ရိုဟင်ဂျာဒုက္ခသည်များ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရန်နှင့် ပြန်ရောက်ပြီးနောက် ရေရှည်နေထိုင်နိုင်ရန် လိုအပ်သည့် အခြေအနေများ ဖန်တီးပေးရေးမှာ မရှိမဖြစ် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
ဗြိတိန်က ICJ စီရင်ချက်ကို ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အရေးပေါ် တင်ပြမည်ဖြစ်ပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာ့အရေး သီးသန့်အစည်းအဝေး ကျင်းပရန်လည်း တောင်းဆိုထားကြောင်း မီလီဘန်းက လွှတ်တော်တွင် ပြောသည်။
ဒဏ်ခတ်ပိတ်ဆို့ခံရသည့် စစ်အရာရှိ ၅ ဦး
ဗိုလ်ချုပ် ကျော်စိုး သည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ကွပ်ကဲခဲ့သူ ဖြစ်သည်။
ဗြိတိန်က ဗိုလ်ချုပ်ကျော်စိုးကို၂၀၂၆ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးများကို ကွပ်ကဲသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဖော်ပြထားသော်လည်း စစ်တပ်၏ ယခုနှစ် ဇွန်လမှ စတင်၍ ထုတ်ပြန်ချက်များအရ အနောက်ပိုင်းတိုင်း တိုင်းမှူးမှာ ဗိုလ်မှူးချုပ် ကျော်ဇော ဖြစ်သဖြင့် ဗြိတိန်အစိုးရထုတ်ပြန်ချက်တွင် အမည်မှားယွင်းနေသည်ဟု ယူဆရပြီး အချက်အလက်မှန်ကို အတည်ပြုနေဆဲဖြစ်ပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာဦး သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဇွန်လမှစတင်၍ အနောက်ပိုင်းတိုင်းမှူးရာထူးကို ဗိုလ်မှူးချုပ် ကျော်ဇောက ဆက်ခံခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာဦးသည် လက်ရှိ ဦးမင်းအောင်လှိုင် အစိုးရအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။
ဗိုလ်ချုပ် မျိုးမင်းထွန်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် လွိုင်လင်ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မျိုးမင်းထွန်း၏ လက်ရှိတာဝန်မှာ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဟု စစ်ဘက်သတင်းအချက်အလက်များအရ သိရသော်လည်း ယင်းအချက်နှင့် ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးပေ။



ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် သည် ၂၀၂၁ ခုနှစ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် ချင်းပြည်နယ် ဟားခါးမြို့၌ အခြေစိုက် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် မကွေးတိုင်း ဂန့်ဂေါခရိုင် ကျောမြို့အခြေစိုက် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး သတ်ဖြတ်ခံရပြီးနောက် စက်ရုံမှူးနှင့် ဒုတိယစက်ရုံမှူးအပါအဝင် တာဝန်ရှိသူများကို တာဝန်ပေါ့လျော့မှု စွပ်စွဲချက်ဖြင့် စစ်ဆေးသည့် ခုံအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ယခုနှစ် ဩဂုတ်လအထိ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲတွင် ဒုတိုင်းမှူးအဖြစ် တက်ရောက်ခဲ့သည်ကို တွေ့ရပြီး လက်ရှိတွင် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်း ရှိမရှိ အတည်မပြုနိုင်သေးပေ။
ချင်းပြည်နယ် ထန်တလန်တွင် ကျူးလွန်ခဲ့သည့်အမှုများနှင့်ပတ်သက်၍ ချင်းလူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်သည့် Chin Human Rights Organization (CHRO) က ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၁၀ ဦးကို တရားစွဲဖို့ လျှောက်ထားသည့်အမှု ဖြစ်စဉ်၌ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်လည်း ပါဝင်သည်။
ဗိုလ်ချုပ်ဟောင်း မြတ်သက်ဦး သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခံရပြီး ကရင်နှင့် မွန်ပြည်နယ်တို့ရှိ စစ်ဆင်ရေးများကို ကွပ်ကဲခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေစဉ် ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းတွင် မြတ်သက်ဦးသည် အရှေ့တောင်တိုင်းမှူးအဖြစ် တစ်နှစ်မပြည့်မီ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ နှစ်လကျော်အကြာ ဇွန်လ ၁၆ ရက်တွင် စစ်ကောင်စီက ၎င်းကို လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မြတ်သက်ဦးကို နေပြည်တော်သို့ ပြန်လည်ခေါ်ယူကာ သံအမတ်ရာထူးမှ ဖယ်ရှားခဲ့ပြီး စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ လက်ရှိတွင် အကျဉ်းကျနေဆဲ ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။





