အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၊ အမည်းရောင်စီးပွားရေးနှင့် စစ်အာဏာရှင်များ ပျော်မွေ့ရာမြေ

ငွေမည်းထုတ်လုပ်ရာ မူးယစ်ဆေးနှင့် ကျားဖြန့်လုပ်ငန်း ဆက်လက်ကြီးထွားနေချိန်တွင် နေ့စဉ် စစ်အသုံးစရိတ် မည်သည့်နေရာက ရနေသနည်းဟူသော မေးခွန်း ပေါ်ပေါက်လာသည်။

မြန်မာနိုင်ငံသည် တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ အဓိကခြေကုပ်ယူ ပြန့်ပွားရာ အရှေ့တောင်အာရှဒေသ၏ နာမည်ဆိုးဖြင့်ကျော်ကြားလာသည့် နိုင်ငံဖြစ်လာသည်။ ထိုဂိုဏ်းများ၏ ပြဿနာသည် အွန်လိုင်းငွေလိမ်ရာဇဝတ်မှု တစ်ခုတည်းမဟုတ်ဘဲ၊ ငွေလိမ်ဂိုဏ်းများတွင် အတင်းအကျပ် စေခိုင်းရန် လူကုန်ကူးခြင်း၊ လိမ်လည်ရရှိခဲ့သောငွေများကို နည်းလမ်းအမျိုးမျိုးဖြင့် ငွေကြေးခဝါချခြင်း စသည့် နိုင်ငံတကာရာဇဝတ်မှုကြီးများနှင့် အမည်းရောင်စီးပွားရေးတို့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်ပတ်သက်လျက် ရှိသည်။  

မြန်မာနိုင်ငံသည် အိမ်နီးချင်းတရုတ်နိုင်ငံမှ ထွက်ပြေးခိုလှုံလာသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ကျူးလွန်သော ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ခြေကုပ်ယူပျော်မွေ့ရာ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်နေမှန်း ၂၀၂၃ ခုနှစ် နှောင်းပိုင်း မြောက်ပိုင်းညီနောင် သုံးဖွဲ့ ဟု လူသိများသော ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ အာရက္ခ တပ်တော် (AA) တို့ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ တရုတ်- မြန်မာနယ်စပ် ကိုးကန့်ဒေသရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမှုများ ရုတ်တရက်ထွက်ပေါ်လာခဲ့ချိန်မှ ပြည်သူအများစု သိရှိခဲ့ကြရသည်။ 

“၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှစ၍ မြန်မာ့မြေပေါ်တွင် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းလာခဲ့သော်လည်း လျော့ပါးသွားသည့် အရိပ်လက္ခဏာ တွေ့မြင်ရခြင်းမရှိပါ။ အကြောင်းရင်းမှာ ကျားဖြန့်ဂိုဏ်းများကို အဓိက အကာအကွယ်ပေးနေသော လက်နက်ကိုင်အဖွဲ့များမှာ မြန်မာစစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့် တပ်များ သို့မဟုတ် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်နေကြောင်း လေ့လာတွေ့ရှိရသည်။

မြန်မာတွင် ကျားဖြန့်ဂိုဏ်းများ အဓိက အခြေစိုက်ရာ ဒေသနှစ်ခုမှာ မြန်မာ- တရုတ်နယ်စပ်နှင့် မြန်မာ- ထိုင်း နယ်စပ်ဒေသများ ဖြစ်သည်။ မြန်မာ- တရုတ်နယ်စပ် နယ်မြေများမှာ ကိုးကန့်၊ “ဝ” နှင့် မိုင်းလားဒေသများ ဖြစ်သည်။ “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ မြန်မာ- တရုတ်နယ်စပ်ဒေသရှိလက်နက်ကိုင်အဖွဲ့များအားလုံး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားခြင်း သို့မဟုတ် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့က ကြီးစိုး ထိန်းချုပ်ထားသည့်အခြေအနေတွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ဝင်ရောက်အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ မြန်မာ- ထိုင်းနယ်စပ် နယ်မြေများမှာ ကရင်ပြည်နယ် မြဝတီမြို့ရှိ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ၊ စစ်တပ်နှင့် အပစ်ရပ်စဲထားသော ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေများတွင် ကျားဖြန့်ဂိုဏ်းများ ဝင်ရောက်အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုအခါ မြန်မာ- တရုတ်နယ်စပ်ဒေသမှ ကျားဖြန့်ဂိုဏ်းများသည် သံလွင်မြစ်ကမ်းတလျှောက် ရှမ်းပြည်နယ် အတွင်းပိုင်းထဲသို့ ရွှေ့ပြောင်း အခြေစိုက်လာသည်။  မြန်မာ- ထိုင်းနယ်စပ်ဒေသတွင်လည်း ကျားဖြန့် ဂိုဏ်းများသည် မြဝတီနယ်စပ်ဒေသမှ တောတောင်ထူထပ်သော အတွင်းပိုင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းပြီး ဆက်လက်ရှင်သန် ကြီးထွားနေကြဆဲ ဖြစ်သည်။ 

ထို့အချင်းအရာကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်၏ ဟန်ပြကျားဖြန့် နှိမ်နင်းရေးများ မည်သို့ပင် လုပ်ဆောင်နေစေကာမူ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များနှင့် အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်တပ်ဖွဲ့ အချို့၏ အကူအညီဖြင့် ကျားဖြန့်ဂိုဏ်းများ  တနေရာမှ တနေရာသို့ ပြောင်းရွှေ့ပြီး၊ ရှင်သန်ရပ်တည်နေနိုင်ဆဲ ဖြစ်သည့် အထောက်အထားများကို တွေ့မြင်နေရသည်။ ထိုအချက်ကို မင်းအောင်လှိုင်စစ်အုပ်စု ငြင်းဆိုနိုင်မည် မဟုတ်ပါ။

ကျားဖြန့်ငွေကြေးများ မြန်မာ့စီးပွားရေးထဲ မည်မျှစီးဝင်နေ

ယခုအခါ အသစ်ပေါ်ထွက်လာသော မေးခွန်းမှာ ကျားဖြန့်လုပ်ငန်းမှ ငွေကြေးများ မြန်မာ့စီးပွားရေးထဲ မည်မျှ စီးဝင်နေသနည်း ဆိုသည့်အချက် ဖြစ်သည်။ အဘယ်ကြောင့် ထိုမေးခွန်း အရေးကြီးသနည်းဆိုလျှင် ဇွန်လ ၁၉ ရက်နေ့ Financial Action Task Force (FATF) အဖွဲ့ကြီးက ငွေကြေးခဝါချမှု အန္တရာယ်မြင့်မားသော သုံးနိုင်ငံနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ ပါဝင်နေသည်။ အခြား နှစ်နိုင်ငံမှာ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ ဖြစ်သည်။

FATF အဖွဲ့ကြီးသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (Anti-Money Laundering- AML)၊ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Combating the Financing of Terrorism- CFT) လုပ်ငန်းများကို ဦးဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု အန္တရာယ်မြင့်မားသောနိုင်ငံအဖြစ် FATF အဖွဲ့ကြီးက စာရင်းသွင်းခဲ့သည်မှာ နှစ်ကာလအချို့ ရှိနေပြီဖြစ်သော်လည်း၊ နောက်ဆုံး ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံတွင် ကျားဖြန့်အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိပြီး၊ ယင်းနှင့်ဆက်နွယ်သော တရားမဝင် ငွေကြေးစီးဆင်းမှုအန္တရာယ်များ မြင့်မြင့်မားမား ဖြစ်ပေါ်လျက်ရှိနေသည်ကို FATF အဖွဲ့ကြီးက မှတ်သားထားသည်” ဟု ပါရှိသည်။ 

ထို့ကြောင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုကို လာမည့် အောက်တိုဘာလအထိ အချိန်ပေးထားပြီး၊ ထိုအချိန်ထိ FATF အဖွဲ့ကြီးက အကြံပြုထားသော အရေးယူဆောင်ရွက်မှုများကို သိသာထင်ရှားစွာ ပြုလုပ် ခြင်းနှင့် တိုးတက်မှုများ ပြသနိုင်ခြင်းမရှိလျှင် တုံ့ပြန်အရေးယူ ဆောင်ရွက်မှုများ (Countermeasures) ပြုလုပ်မည်ဟု သတိပေးထားသည်။

ထို့ကြောင့် မင်းအောင်လှိုင်သည် သမ္မတတုရာထူး ရယူခဲ့သည့် ရက် ၁၀၀ ပြည့်မြောက်ခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့တွင် “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ တနေ့တည်းတွင် စစ်အုပ်စု၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က FATF ၏ ကြေညာချက်ကို တုံ့ပြန်သည့် ကြေညာချက်တစ်စောင်အား တစ်လကျော်နောက်ကျပြီးမှ ထုတ်ပြန်ခဲ့သည်။

စင်စစ်စစ်အာဏာသိမ်းချိန်ကတည်းက ထိုးစိုက်ကျဆင်းနေသော မြန်မာ့စီးပွားရေးသည်  FATF ကြေညာချက်ကြောင့် ပို၍အထိနာစေပါသည်။ အထူးသဖြင့် မင်းအောင်လှိုင် ကြိုးပမ်းဆွဲဆောင်နေသော  နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို  ကြီးမားသော အဟန့်အတား ဖြစ်စေပါသည်။

သို့ရာတွင် မင်းအောင်လှိုင်စစ်အုပ်စုသည် ၎င်းတို့၏ အရိုးစွဲအမူအကျင့်များအတိုင်း ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ငွေကြေးများ မြန်မာ့စီးပွားရေးထဲ ဝင်ရောက်ခြင်းမရှိကြောင်း၊ ပြည်ပငွေကြေးစနစ်များ ကိုသာ အသုံးပြုလျက်ရှိကြောင်း တုံ့ပြန်ကာ FATF ၏ ကြေညာချက်ကို ဆန့်ကျင် ငြင်းဆိုနေသည်။ သို့သော် FATF နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပါမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

FATF ၏ ထုတ်ပြန်ချက်သည် ကြေညာချက်သက်သက်မဟုတ်ဘဲ လက်တွေ့အကျိုးသက်ရောက်မှုများ ရှိနေပြီ ဖြစ်သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအနှံ့တွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား အများအပြား၏ ဘဏ်အကောင့်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးမူဝါဒများအောက် စောင့်ကြည့်ခံနေရသော အခြေအနေသို့ ရောက်ရှိနေသည်။ မကြာခဏ ဆိုသလိုပင် အကြောင်းရင်း အတိအကျ မသိရဘဲ ၎င်းတို့၏ သာမန် ငွေအလွှဲအပြောင်း လုပ်ဆောင်ရန် ခက်ခဲလာခြင်းကို တွေ့ကြုံလာရသည်။

ထိုအချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်း ဦးဆက်အောင် က “မြန်မာနိုင်ငံ ဟာ FATF ရဲ့ အမည်မည်းစာရင်း (Blacklist) ထဲမှာရှိနေတာကြောင့် ဖြစ်ပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် သုံးသပ် ရေးသားထားသည်။

“FATF ရဲ့ Blacklist ထဲမှာ ပါနေတဲ့နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ငွေကြေးဆိုင်ရာလုပ်ငန်း (Financial Transactions) တွေကို ကမ္ဘာတဝန်းက ဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်း (Financial Institutions) တွေက ပုံမှန် Customer Due Diligence (CDD) ထက် ပိုမိုတင်းကျပ်တဲ့ Enhanced Due Diligence (EDD) ကို မဖြစ်မနေ လုပ်ရပါတယ်။ EDD လုပ်တဲ့အခါ ငွေဘယ်ကလာတာလဲ (Source of Funds)၊ ဘာအတွက်လွှဲတာလဲ (Purpose of Transaction)၊ ငွေလက်ခံသူနဲ့ ပေးပို့သူရဲ့ ဆက်နွှယ်မှု (Relationship)၊ ဝင်ငွေအရင်းအမြစ် (Source of Wealth) စတဲ့ အချက်အလက်တွေကို အသေးစိတ် စစ်ဆေးရပါတယ်” ဟု ဦးဆက်အောင်က ရှင်းပြထားသည်။

၅နှစ်ခွဲကြာ ပြည်တွင်းစစ် အသုံးစရိတ် မင်းအောင်လှိုင် ဘယ်ကရသနည်း

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာသော နောက်ဆက်တွဲ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွဲမှုများနှင့် ပြည်တွင်းစစ်မီး ကျယ်ပြန့် စွာ တောက်လောင်လာခြင်း၊ မင်းအောင်လှိုင်သည် မအောင်မြင်သော အာဏာသိမ်းမှုတွင် အာဏာလက်လွှတ် ဆုံးရှုံးမှု မရှိစေရန် တိုင်းပြည်ဘဏ္ဍာများကို စစ်ရေးတွင် အကန့်အသတ်မရှိ  ပုံအောသုံးစွဲလာခြင်းစသည့် အကျပ်အတည်းပေါင်းစုံကြောင့် မြန်မာ့စီးပွားရေး ထိုးစိုက်ကျဆင်းလျက်ရှိသည်။ 

မြန်မာကျပ်ငွေတန်ဖိုးသည် စစ်အာဏာမသိမ်းမီ အခြေအနေနှင့်နှိုင်းယှဉ်ပါက အဆများစွာ ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ဆက်တိုက်ကျဆင်းနေသော စီးပွားရေးအခြေအနေအောက်တွင် မည်သည့် ဝင်ငွေရင်းမြစ်များ သုံးစွဲပြီး မင်းအောင်လှိုင် ပြည်တွင်းစစ်ကို ကျားကန်နေသနည်း ဆိုသည့်အချက်က သံသယဖြစ်ဖွယ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

တိုင်းပြည်တစ်ခု၏ အဓိကဝင်ငွေသည် ကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ပြီး၊ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင် သော မြန်မာ့ထွက်ကုန် မယ်မယ်ရရ မရှိခြင်းကြောင့် နိုင်ငံခြားငွေ အမြောက်အမြား ရရှိသော လမ်းကြောင်းမှာ သဘာဝဓာတ်ငွေ့တစ်ခုသာ ကျန်ရှိပြီး၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျဆင်းလာသည်။ အခြားပို့ကုန်များဖြစ်သော ကျောက်မျက်ရတနာ၊ ဆန်၊ ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထွက်ကုန်အချို့ ရောင်းချခြင်းစသည့် လက်ချိုးရေတွက်၍ရသော ဝင်ငွေလမ်းကြောင်းရှိသော်လည်း စစ်ရေးအသုံးစရိတ်ကို ကျားကန်ပေးနိုင်လောက်သည့် နိုင်ငံခြားငွေ အမြောက်အမြား ရရှိနေခြင်းမျိုး မဟုတ်ပါ။   

ထို့ကြောင့် ကုန်သွယ်ရေးပမာဏမှာ စစ်အာဏာမသိမ်းမီ အခြေအနေထက် များစွာလျော့နည်းသွားပြီး၊ ယခုအခါ ကုန်သွယ်ရေးပမာဏကျဆင်းနေသော ကိန်းဂဏန်းများကို သတင်းဌာနများက လေ့လာသိရှိ သတင်း ရေးသားမည်ကို စိုးရိမ်သောကြောင့် စစ်အုပ်စုသည် အဆိုပါအင်တာနက်စာမျက်နှာကို အများပြည်သူ ကြည့်ရှုခွင့်မရစေရန် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ပိတ်ပင်ခဲ့သည်။ 

သို့သော် မင်းအောင်လှိုင်သည် အာဏာတည်မြဲရေးအတွက် နိုင်ငံအနှံ့ နေ့စဉ် စစ်ခင်းနေသည့် ငါးနှစ်ခွဲအတွင်း နိုင်ငံ့ဘဏ္ဍာငွေကို စိတ်တိုင်းကျ သုံးဖြုန်းလျက်ရှိသည်။ အရပ်သားပြည်သူများ သေကျေပျက်စီးရသည့် လေကြောင်းတိုက်ခိုက်မှုများမှာ  ကုန်ကျစရိတ်ကြီးမားလှသည်။ ယခုအခါ လေယာဉ်အုပ်စုများဖြင့် ပို၍ အရှိန်မြှင့် ဗုံးကြဲလာခြင်းကြောင့် ယခင်ကထက် စစ်အသုံးစရိတ် ပိုများပြားလာသည်။

ထို့ကြောင့် စီးပွားရေးနည်းနာအရ ရိုးရှင်းစွာ မေးခွန်းထုတ်မည်ဆိုလျှင် တိုင်းပြည် စီးပွားရေး ကျဆင်းနေခြင်းကို ဂရုမစိုက်ဘဲ အာဏာ ဆက်လက်တည်မြဲရန် ပြည်သူကို နေ့စဉ် စစ်ခင်းနေသော အသုံးစရိတ်များအတွက် မည်သည့်ဝင်ငွေများဖြင့် ပြန်လည်ဖြည့်တင်းနေသနည်း ဆိုသည့် မေးခွန်းဖြစ်သည်။ 

တိုင်းပြည်တွင် ကြီးမားသော စီးပွားရေးအကျပ်အတည်းကြီး ကြုံတွေ့နေပါလျက် ဘဏ်လုပ်ငန်းများသည် အခြေမပျက် တုတ်တုတ်မျှမလှုပ် ပကတိတည်ငြိမ်နေခြင်းက သမရိုးကျမဟုတ်သော သံသယဖြစ်ဖွယ် အခြေ အနေပင် ဖြစ်သည်။ သံသယ ဖြစ်ဖွယ်အကောင်းဆုံးအချက်မှာ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းမှ “ငွေမည်း” များကို ခဝါချသည့် နည်းလမ်းဖြင့် မြန်မာ့စီးပွားရေးထဲ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေနိုင်ပြီး မြန်မာ့ဘဏ်လုပ်ငန်းများသည် ထိုငွေကြေးများဖြင့် ကျားကန်ရပ်တည်နေရနိုင်သော ဖြစ်နိုင်ခြေ အလွန်မြင့်မားသည် ဆိုသည့်အချက် ဖြစ်သည်။   

အဆိုပါ အခြေအနေများအားလုံးကို ခြုံငုံသုံးသပ်လျင် FATF အဖွဲ့ကြီးက တွက်ဆထားသည့်အတိုင်း မြန်မာ့စီးပွားရေးထဲ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ငွေမည်းများ အကြီးအကျယ် စီးဝင်နေနိုင်သော ယူဆချက် ကျယ်ကျယ်ပြန့်ပြန့် ရှိလာခြင်း ဖြစ်နိုင်ပါသည်။ သို့သော် မြန်မာ့ဘဏ်လုပ်ငန်းနယ်ပယ်ထဲက ငွေကြေးခဝါချမှု အခြေအနေမှန်ကို လက်တွေ့ စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်သော နည်းလမ်း နိုင်ငံတကာတွင် ရှိမနေခြင်းက ကြီးမားသော လစ်ဟာချက် ဖြစ်နေသည်။ 

မြန်မာ့မြေပေါ်က နိုင်ငံတကာရာဇဝတ်မှုများ တရုတ်နှင့် အမေရိကန် ပူးပေါင်းနှိမ်နင်းနိုင်မည်လား

မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းများအရေးသည် အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်လာသည်။ ထိုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ညွှန်ကြားရေးမှူး Kash Patel သည် ဇူလိုင်လကုန်ပိုင်းတွင် အာရှ သုံးနိုင်ငံ ခရီးစဉ် သွားရောက်ခဲ့သည်။ သို့သော် FBI ညွှန်ကြားရေးမှူး၏ ခရီးစဉ်တွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါ။ ထိုင်း၊ ကမ္ဘောဒီးယားနှင့် တရုတ် နိုင်ငံတို့ ပါဝင်သည်။

ထိုခရီးစဉ်သည် ထိုင်း- မြန်မာ၊ ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ဒေသများတွင် ခြေကုပ်ယူသောင်းကျန်းလျက် ရှိသော တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းဖြိုခွင်းရန် အမေရိကန်အစိုးရ၏ သိသာထင်ရှားစွာ ကြိုးပမ်းလာသော ခြေလှမ်းတရပ် ဖြစ်သည်။ 

အထူးသဖြင့် တရုတ်နိုင်ငံခရီးစဉ်အတွင်း FBI ညွန်ကြားရေးမှူးသည် တရုတ်အစိုးရ၏ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong နှင့် ဘေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ “ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း၊ ငွေကြေးခဝါချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုခြင်းနှင့် ကျူးလွန်သော ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရေးအတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီမှု ရယူနိုင်ခဲ့သည်” ဟု ဝါရှင်တန်အခြေစိုက် တရုတ်သံရုံး၏ ထုတ်ပြန်ချက်  အရ သိရှိရသည်။ 

အမေရိကန်နှင့် တရုတ် အင်အားကြီးနှစ်နိုင်ငံသည် နယ်ပယ်စုံတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်၊ ကျားဖြန့်ဂိုဏ်း များအရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်က ရှားပါးသော ပူးပေါင်းဆောင်ရွက်မှု အဖြစ် တွေ့မြင်လာရသည်။ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ဆယ်စုနှစ်ချီသော မူးယစ်ဆေးဝါးပြဿနာကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သော အမေရိကန်အစိုးရသည် ယခုအခါ အသစ်ပေါ်ထွက်      လာသော ကျားဖြန့်ပြဿနာကို တရုတ်အစိုးရနှင့် ပူးပေါင်း နှိမ်နင်းနိုင်မည့်နည်းလမ်း ရှာဖွေလာခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို အာဏာသိမ်းခဲ့ခြင်းကြောင့် အမေရိကန် အစိုးရသည် စစ်ခေါင်းဆောင်နှင့် စစ်တပ်ကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ထားခဲ့ပြီး၊ သံတမန် ဆက်ဆံရေး လျှော့ချထားခဲ့သည်။ ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များ၊ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ဖြင့် တရုတ်ကျားဖြန့်ဂိုဏ်းများ လွတ်လပ်စွာခြေကုပ်ယူ လှုပ်ရှားနေခြင်းက ကျားဖြန့်ဂိုဏ်းများကို ထိရောက်စွာ နှိမ်နင်းလိုသည့် အမေရိကန်အစိုးရအတွက်  အဓိကပြဿနာ ဖြစ်လာနေသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဒေသတွင်းလုံခြုံရေးပြဿနာကို ပြပါဆိုလျှင်  အရှေ့တောင်အာရှဒေသတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနှင့် ငွေကြေးခဝါချမှု စသည့် နိုင်ငံတကာ ရာဇဝတ်မှုကြီးများ၏ ဗဟိုချက်တစ်ခု မြန်မာနိုင်ငံတွင် အလျင်အမြန် ဖြစ်လာနေခြင်းကို ပြရမည်ဖြစ်သည်။ 

နိုင်ငံတကာက နှိမ်နင်းရန်ကြိုးပမ်းရာတွင် အခြေအနေကို ပိုမိုရှုပ်ထွေးစေသော အကြောင်းတရားမှာ မင်းအောင်လှိုင်၏ စစ်တပ်၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်၊ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထား သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထိုရာဇဝတ်ဂိုဏ်း များကို နည်းလမ်းအမျိုးမျိုးဖြင့် အကာအကွယ်ပေးထားခြင်းနှင့် အကျိုးအမြတ်များကို ခွဲဝေရယူခံစား နေခြင်းကြောင့် ဖြစ်သည်။  

ရေသောက်မြစ် ၃ သွယ် မဖြတ်တောက်သော ကျားဖြန့်နှိမ်နင်းမှုအလွဲ

မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်နှိမ်နင်းရေး နည်းလမ်းများကို လေ့လာကြည့်သည့်အခါ တရုတ်-မြန်မာ နယ်စပ် ‘ဝ’ ၊ ကိုးကန့် နှင့် မိုင်းလားဒေသများတွင် အခြေစိုက်သော အွန်လိုင်းငွေလိမ်စခန်းများကို စီးနင်း သိမ်းပိုက်ပြီး၊ ကျားဖြန့်ဂိုဏ်းတွင် လုပ်ကိုင်နေသူများ (တရုတ်နိုင်ငံသား အများစု)ကို အစုအပြုံလိုက် ဖမ်းဆီးခြင်းနှင့် နေရပ်ရင်းနိုင်ငံသို့ ပြန်ပို့ခြင်း၊ ကျားဖြန့်ဂိုဏ်းများ အသုံးပြုခဲ့သော အဆောက်အအုံများကို သိမ်းပိုက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း စသည့် နည်းလမ်းကို ဦးစွာ လေ့လာတွေ့ရှိရသည်။ 

ထိုနည်းလမ်းအတိုင်း ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသော ရွှေကုက္ကိုလ်မြို့သစ် နှင့် KK Park တို့ရှိ ကျားဖြန့်ဝင်းများကို အာဏာသိမ်းစစ်တပ်နှင့် BGF လက်ဝါးချင်းရိုက် ဝင်ရောက်စီးနင်းပြခဲ့ပြီး၊ အဆောက်အအုံများ ဖြိုချဖျက်ဆီး၍ ကျားဖြန့်ဂိုဏ်းများကို ထိထိရောက်ရောက် နှိမ်နင်းနေပြီ ဟု စစ်အုပ်စု ဝါဒဖြန့်သတင်းစာများက ဆက်တိုက် သတင်းရေးသား ဖော်ပြခဲ့ကြသည်။ ယင်းလုပ်ရပ်သည် ပလိုင်းပေါက်နှင့် ဖားကောက်သည့် နှိမ်နင်းမှုပုံစံ ဖြစ်နေသည်။  

တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် လစ်ဟာနေသောအချက်များကို တွေ့မြင်နေရသည်။ ၎င်းတို့မှာ (၁) ငွေလိမ်ဂိုဏ်းများ၏ အဓိက ခေါင်းဆောင်များကို ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း၊ (၂) ငွေလိမ်ဂိုဏ်းများအသုံးပြုသော နည်းပညာအခြေခံအဆောက်အအုံများဖြစ်သည့် အွန်လိုင်း အရင်းအမြစ်များကို ပိတ်သိမ်းဖျက်ဆီးနိုင်ခြင်း၊ (၃) အွန်လိုင်းမှ နည်းလမ်းမျိုးစုံဖြင့် လိမ်ယူခဲ့သော ငွေကြေးများကို ခြေရာခံဖော်ထုတ်သိမ်းဆည်းနိုင်ခြင်းတို့ ဖြစ်သည်။ အထက်ပါ အဓိကရေသောက်မြစ် သုံးခုကို ဖြတ်တောက် ဖျက်ဆီးရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အုပ်စု အလေးထားလုပ်ဆောင်နေကြောင်း အထောက်အထား  လုံးဝ မတွေ့ရသေးပေ။

ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက် ရက်စွဲဖြင့် “အွန်လိုင်းလိမ်လည်မှု တိုက် ဖျက်ရေးဆိုင်ရာ ဥပဒေ” ပြဋ္ဌာန်းသော်ငြားလည်း အထက်ပါ ရေသောက်မြစ် သုံးသွယ်ကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်သော သက်သေအထောက်အထားများ ထုတ်ဖော်ပြသနိုင်ခြင်းမရှိသရွေ့ FATF အဖွဲ့ကြီး၏ အန္တရာယ်မြင့်မားသော နိုင်ငံအဖြစ် သတ်မှတ်ချက်မှ လွတ်ကင်းမည်မဟုတ်ပါ။ ထို့အတူ မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ ခြေကုပ်ယူရှင်သန်ကြီးထွားနိုင်သော နယ်မြေ၊ မူးယစ် ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်ငွေကြေးများ ခဝါချနိုင်သော အမည်းရောင် စီးပွားရေး ထွန်းကားရာနယ်မြေနှင့် ထိုအကျိုးအမြတ်များကို ခံစားနေသော စစ်အာဏာရှင်စနစ် ပျော်မွေ့ရာမြေ ဆက်လက်ဖြစ်နေလိမ့်ဦးမည် ဟု သုံးသပ်တင်ပြလိုက်ရပါသည်။  

ဆက်စပ်ဖတ်ရှုသင့်သော ဆောင်းပါးများ

အမေရိကန် စုံစမ်းနေသော တရုတ်ကျားဖြန့်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဆက်နွှယ်မှု ဖြစ်နိုင်ခြေ 

တရုတ်၊ အမေရိကန်တို့၏ ကျားဖြန့်နှိမ်နင်းရေး ဆုံမှတ်နှင့် မြန်မာကျားဖြန့်အာဏာရှင် 

တရုတ်ကျားဖြန့်နှင့် တရုတ်အစိုးရ၏ ဒေသတွင်း ပထဝီနိုင်ငံရေးကစားကွက် အဆက်အစပ် 

မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button