သတင်း

ရမ်းဗြဲတွင် အင်တာနက်ဖွင့်ပေးရန် တောင်းဆိုသည့်လူငယ်ကို ငြိမ်းစုစီဖြင့် အမှုဖွင့်

ရခိုင်နှင့်ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ပြန်ဖွင့်ပေးရန် လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံများတင်ပြီး တောင်းဆိုခဲ့မှုကြောင့် ရမ်းဗြဲမြို့မှ လူငယ်အဖွဲ့တာဝန်ခံတစ်ဦးကို ငြိမ်းစုစီဥပဒေဖြင့် ယမန်နေ့တွင် သက်ဆိုင်ရာက အမှုဖွင့်ခဲ့သည်။ 

ဇွန် ၂၁ က ရခိုင်ပြည်နယ်၊ ရမ်းဗြဲလူငယ်ကွန်ရက်အဖွဲ့တာဝန်ခံ ကိုမျိုးမင်းထွန်းအပါအဝင် လူခုနှစ်ဦးသည် မြို့ဝင်ဆိုင်းဘုတ်ရှေ့တွင် “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ”စာတန်းပါ အနက်ရောင်တီရှပ်များကိုဝတ်ဆင်၍ အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်စာမျက်နှာများတွင် တင်ခဲ့ကြသည်။

ယင်းဓာတ်ပုံများကို ရဲတပ်ဖွဲ့က တွေ့ရှိသွားသဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်သည်ဟုဆိုကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉)ဖြင့် မြို့နယ်မှူး ဦးဇော်ဝင်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အင်တာနက်ဖြတ်တောက်ထားနဲ့ပတ်သက်လို့ အင်္ကျီဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ပြီးတော့ လိုင်းပေါ်မှာ တင်တဲ့အတွက် အမှုဖွင့်ခံရတာပါ။သူတို့(ရဲတပ်ဖွဲ့)ပြောတာကတော့ သူတို့ကို အကြောင်းကြားတာမရှိ၊ အသိပေးတာမရှိတဲ့အတွက် ငြိမ်းစုစီဥပဒေနဲ့ ငြိတယ်လို့ ပြောတယ် ”ဟု ကိုမျိုးမင်းထွန်းက Myanmar Now ကို ပြောသည်။

ကိုမျိုးမင်းထွန်းကို ယင်းနေ့တွင်ပင် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများမှ လူ ၃ ဦးက အာမခံသောကြောင့် အာမခံပေးလိုက်သည်ဟု သိရသည်။

အမှုကို ဥပဒေအရ ဆက်လက်ရင်ဆိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ အမှုဖွင့်ခြင်းသည် ရမ်းဗြဲမြို့နယ်မှာ နောက်နောင်တွင် ယခုကဲ့သို့ မပြုလုပ်အောင် ခြိမ်းခြောက်သည့် သဘောဟု အမှုဖွင့်ခံရသူ ကိုမျိုးမင်းထွန်းက ဝေဖန်သည်။

“အင်တာနက်ပိတ်ထားတာဟာ လုံးဝကို မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးဆိုတာ အစိုးရကို ပြောချင်တယ်။ အင်တာနက် ပိတ်ထားတဲ့ဒေသတွေမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေ၊ ပြီးတော့ သတင်းအချက်အလက်တွေကို မရရှိနိုင်ဘူး ”၄င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် စုစုပေါင်း ၉ မြို့နယ်တွင် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကို ၂၀၁၉ ဇွန် ၂၁ က စတင်ဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အင်တာနက်ပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ကာ လူမှုကွန်ရက်ပေါ်သို့ တင်သောကြောင့် အမှုဖွင့်ရခြင်းဖြစ်သည်ဟု ရမ်းဗြဲမြို့နယ်ရဲစခန်းမှူး ဒုရဲအုပ် မောင်မောင်က Myanmar Now ကို ပြောသည်။

“အင်တာနက်ပိတ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒဖော်ထုတ်ပြီး လိုင်းပေါ်ကိုတင်တယ်။ ငြိမ်းစုစီပေါ့ဗျာ။ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်တာပေါ့ဗျာ”ဟု ၄င်းက ဆိုသည်။

ရဲတပ်ဖွဲ့ပြောဆိုသကဲ့သို့ မိမိတို့ ဆန္ဒဖော်ထုတ်ခဲ့ခြင်းမရှိကြောင်းနှင့် မြို့အဝင်တွင် ဓာတ်ပုံရိုက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။ ခွင့်ပြုချက်မတင်ခြင်းမှာလည်း ခွင့်ပြုမိန့်ပေးမည်မဟုတ်ဟု ထင်မြင်သဖြင့် ခွင့်ပြုချက်မတောင်းခံခဲ့ခြင်းဟု ကိုမျိုးမင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ ဇွန်လ ၂၁ ရက်နေ့က တစ်နှစ်ပြည့်သွားပြီဖြစ်သည်။ ထို့ကြောင့် စစ်တွေအပါအဝင် မြို့နယ်အများအပြားတွင် အင်တာနက်ပြန်လည်ဖွင့်ပေးရန်အတွက် ကမ်ပိန်းများပြုလုပ်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများတင်ပြီးတောင်းဆိုခဲ့ကြသည်။

အင်တာနက်ဖြတ်တောက်ခံရသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားမှုရှိနေသည်။ 

ယခုနှစ် စက်တင်ဘာ ၁ တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၃ တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်ခဲ့သည်။ လက်ရှိတွင် ယင်း၉ မြို့နယ်အနက် မောင်တောမြို့နယ်တစ်ခုတည်းကိုသာ အင်တာနက်ပြန်ဖွင့်ပေးထားသည်။

အဆိုပါ မြို့နယ်များကို အင်တာနက်ဖြတ်တောက်ထားရခြင်းမှာ ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးနှင့် စစ်ရေးအကျိုးအမြတ်များအတွက် အင်တာနက်ကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်အတွက်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ယခုနှစ် ဧပြီ ၁၀ က ထုတ်ပြန်ခဲ့သည်။

အင်တာနက်ဖြတ်တောက်ခြင်းဖြင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို လျှော့ချရန် အထောက်အပံ့မဖြစ်ဟုဆိုကာ အင်တာနက်ပြန်ဖွင့်ပေးရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့အစည်းတို့က ဇွန် ၁၉ တွင် အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်။

Show More

Related Articles

Back to top button