သတင်း

သာသနာရေးဝန်ကြီးသစ်၏ ပြောဆိုချက်ကို အစ္စလာမ်အသိုင်းအဝိုင်း ကန့်ကွက်

ရန်ကုန် – အစိုးရသစ်၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည်  ဧပြီ ၁ ရက်နေ့ ရေဒီယိုအင်တာဗျူးတစ်ခုတွင် အငြင်းပွားဖွယ်အသုံးအနှုန်းတစ်ခု ထည့်သွင်းပြောဆိုခဲ့သောကြောင့် အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့များနှင့် အထင်ကရ မွတ်စလင်တချို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။

သူရဦးအောင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့က တွေ့ဆုံမေးမြန်းထုတ်လွှင့်သည့် ဗွီအိုအေမြန်မာဌာန၏ အင်တာဗျူးတွင် စစ်အစိုးရလက်ထက် “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုးတော့ မရှိခဲ့ပါဘူး” ဟူသော ပြောဆိုချက်ပါ အသုံးအနှုန်းမှာ လက်ခံနိုင်စရာမရှိဟု ကန့်ကွက်သူများက ဝေဖန်ကြသည်။

အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးးချုပ် ဦးဝဏ္ဏရွှေက “ဧည့်နိုင်ငံသား” ဟူသော စကားလုံးကြောင့် စိတ်ထိခိုက်ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို ဒီနိုင်ငံသားမဟုတ်ဘူးလို့ပြောတာ ကျွန်တော်တို့ရဲ့ နိုင်ငံချစ်စိတ်ကို စော်ကားတာပဲ။ ကျွန်တော်တို့ရဲ့ အခြေအနေမှန်ကို ထိခိုက်အောင် နာကျင်အောင်ပြောတာပဲ၊ ကျွန်တော်တို့  ခံရတော်တော်ခက်ပါတယ်” ဟု ရန်ကုန်မြို့ဇာတိ အသက် ၅ဝ ကျော်အရွယ် ဦးဝဏ္ဏရွှေက ပြောသည်။

ဦးဝဏ္ဏရွေတို့၏ကောင်စီအပါအဝင် နိုင်ငံအတွင်း အစ္စလာမ်အဖွဲ့အများအပြား ပူးပေါင်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဧပြီလ ၃ရက်နေ့တွင်  ကန့်ကွက်ကြောင်း ကြေညာလိုက်ပြီး အမြန်ဆုံး ဖြေရှင်းချက်ပေးရန် ဝန်ကြီးဌာနကို တောင်းဆိုလိုက်သည်။

အစိုးရသစ်၏ အနေအထားကို နားလည်သော်လည်း  ဘာသာမတူသူ နိုင်ငံသားများအကြား ရေရှည်တွင် သဘောထားကွဲစရာ ဖြစ်လာနိုင်သည့်အတွက် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကိစ္စမျိုး ဖြစ်နေတော့ မဖြစ်မနေ ပြောရတာပါ။ ကျန်တာဆိုရင်တော့ နိုင်ငံရဲ့ အခြေအနေအပေါ်လိုက်ပြီးတော့ နှုတ်ဆိတ်နေတာတွေ အများကြီးရှိပါတယ်“ ဟု သူက ဆိုသည်။

ဝန်ကြီး၏ အငြင်းပွားဖွယ်ဖြစ်နေသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို Myanmar Now က ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာပါ ဖြေရှင်းချက်ကိုသာ ညွှန်းဆိုခဲ့သည်။

ညွှန်းဆိုသည့် ဖြေရှင်းချက်တွင်  အစိုးရဟောင်း၏ သာသနာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့အစ္စလာမ်ဘာသာ” ဟု“ထပ်မံ ဖြည့်စွက်” ဖြေကြားကြောင်း ရေးသားထားသည်။

အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမားတို့၏ တုံ့ပြန်ချက်  

သူရဦးအောင်ကို၏ စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်ပြီး သူ့ကို ဝန်ကြီးအဖြစ် စိတ်ကြိုက် ရွေးချယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  တွင် တာဝန်ရှိသည်ဟု အစ္စလာမ်ဘာသာဝင်အများအပြားနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီ၏ ဥပဒေရေးရာ တာဝန်ခံ ဦးရန်နိုင်က ယူဆသည်။

“ပါတီမှာတာဝန်ရှိပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ ဒီဝန်ကြီးကို ခန့်ထားတယ်။ အခု ဒီဝန်ကြီးက ဒီလိုစကား ပြောလာတာ NLD က ပြောခိုင်းတာလား၊ NLD က တာဝန်ယူမှာလား၊ NLD ကအရေးယူမှာလား ဘယ်လို ဖြေရှင်းမလဲ၊ အဲဒါကိုလည်း စောင့်မျှော်နေပါတယ်”  ဟု ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလအထိ  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် NLD ၏ မြို့နယ်အဆင့် စည်းရုံးရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း  ဦးရန်နိုင်က ပြောသည်။

NLD ၏ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ရှေ့နေဦးကိုနီကလည်း သူရဦးအောင်ကို၏ ပြောကြားချက်သည် ပါတီ၏ မူဝါဒနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

“နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းက ဘာသာရေးနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူ့ပြောဆိုချက်တွေဟာ အခြေခံဥပဒေနဲ့လည်း မညီညွတ်ဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလောက်တော့ သိဖို့ကောင်းတယ်ဗျာ။ သူ့စကားကြောင့် ကျွန်တော်တို့ပါတီအပေါ်ကို အများကြီးရိုက်ခတ်မှုရှိနေတယ်” ဟု ဦးကိုနီက ပြောသည်။

ဝန်ကြီး၏ ပြောဆိုမှုများသည် ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာချက်ထုတ်ပြန် ရှင်းလင်းသင့်ကြောင်း NLD ကို တင်ပြထားသည်ဟု သူက ဆက်ပြောသည်။

တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဗဟိုအစိုးရဝန်ကြီး သူရဦးအောင်ကိုသည် ယခင်စစ်အစိုးရလက်ထက် သာသနာရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ကာလကြာရှည်စွာ တာဝန်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် သူရဦးရွှေမန်းနည်းတူ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင်  ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းနေရာမှ ဖယ်ရှားခံရသူလည်း ဖြစ်သည်။

သူရဦးအောင်ကိုက ၎င်းသည် ပြည်ခိုင်ဖြိုးတွင် ပါတီဝင် တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

Related Articles

Back to top button