အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အတွေးအမြင်

ICJ စီရင်ချက်ကို မြန်မာနိုင်ငံ လိုက်နာရေး ဂျပန်က ဖိအားပေးသင့်ပြီ

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဘန်ကောက်၌ ကျင်းပသည့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီအချို့က ကမကထပြုကူညီပေးခဲ့ပြီး ထိပ်တန်းစီးပွားရေးသမားများဖြစ်သည့် ဦးအောင်ကိုဝင်းနှင့် ဦးဇော်ဇော်တို့ကိုလည်း ၎င်းနှင့်အတူ တွေ့မြင်ခဲ့ရသည်။

မြန်မာစစ်တပ်က ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့သည့် အမှုနှင့်ပတ်သက်၍ ချမှတ်ခဲ့သော အဆိုပါ သမိုင်းဝင်စီရင်ချက်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သူများကို အပြစ်ပေးရန်နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရန် တာဝန်များအပါအဝင် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကို တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း (Genocide Convention) အရ လိုက်နာရမည့် အခြားတာဝန်ဝတ္တရားများကိုလည်း မြန်မာနိုင်ငံက ချိုးဖောက်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ခဲ့သည်။ တရားရုံး၏ စီရင်ချက်သည် အပြီးအပြတ်ဖြစ်ပြီး အယူခံဝင်၍ မရပေ။

အချို့သော နိုင်ငံများ၏ အစိုးရများက လျင်မြန်စွာ သဘောထားထုတ်ပြန်ခဲ့ကြသည်။ နိုဝင်ဘာလ ၂၃ ရက်တွင် ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ အိုက်စလန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်၊ ဂမ်ဘီယာနှင့် ဗြိတိန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် “တရားရုံး၏ ဆုံးဖြတ်ချက်အပါအဝင် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် တာဝန်ဝတ္တရားများကို အပြည့်အဝ လိုက်နာရန်” တိုက်တွန်းခဲ့ကြသည်။

ထိုနေ့တွင်ပင် ဗြိတိန်က မြန်မာစစ်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားသည့် နောက်ထပ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး ဥရောပသမဂ္ဂကလည်း “မြန်မာနိုင်ငံသည် ICJ ၏ စီရင်ချက်ကို နှောင့်နှေးခြင်းမရှိဘဲ အပြည့်အဝ အကောင်အထည်ဖော်ရမည်” ဟု ကြေညာခဲ့သည်။

သို့သော် ဂျပန်အစိုးရကမူ နှုတ်ဆိတ်နေဆဲဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ယင်းအခြေအနေသည် အံ့ဩစရာမဟုတ်ပေ။ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သဖြင့် လူပေါင်း ခုနစ်သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီးနောက်တွင်ပင် ဂျပန်နိုင်ငံက “စောင့်ကြည့်ဦးမည်” ဆိုသည့် ချဉ်းကပ်မှုမျိုး ကျင့်သုံးခဲ့ဖူးသောကြောင့် ဖြစ်သည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပခဲ့သမျှ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအားလုံးကို မဲခွဲဆုံးဖြတ်ရာ၌ ဂျပန်နိုင်ငံက ကြားနေမဲပေးခဲ့သည်။ ယင်းတို့အနက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို ကြိုဆိုသည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဆုံးဖြတ်ချက်အဆိုလည်း ပါဝင်သည်။

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများသည် “စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှစ်မျိုးလုံး၏ အဆင့်အထိ ရောက်ရှိနေသည်” ဟု တွေ့ရှိကြောင်း အဆိုပါမစ်ရှင်က ထုတ်ဖော်ခဲ့သည်။ နောက်တစ်လအကြာတွင် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြီးအကဲက ယင်းအခြေအနေသည် “မပြီးသေးသော လူမျိုးသုဉ်းသတ်ဖြတ်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၃၅ နိုင်ငံ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သည့် အဆိုပါဆုံးဖြတ်ချက်အရ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကိုလည်း ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့အစည်းနှစ်ခုလုံးသည် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက် ချမှတ်နိုင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

ထိုစဉ်က ဂျပန်အစိုးရသည် ယင်းအစား မြန်မာနိုင်ငံက ဦးဆောင်ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ အဆိုပါကော်မရှင်တွင် ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း ကင်ဇို အိုရှီးမား (Kenzo Oshima) လည်း ပါဝင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရသည် အလားတူကော်မရှင်များကို ရှစ်ကြိမ်တိုင်တိုင် ဖွဲ့စည်းခဲ့သော်လည်း မည်သည့်ကော်မရှင်ကမျှ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှု သို့မဟုတ် တာဝန်ခံမှု ရရှိလာစေရန် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။
နောက်ဆုံးဖွဲ့စည်းခဲ့သည့် ကော်မရှင်သည်လည်း ယခင်ကော်မရှင်များနှင့် မခြားနားခဲ့ပေ။

ICJ က ၎င်း၏စီရင်ချက်တွင် “လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိ၊ မရှိ စုံစမ်းစစ်ဆေးခဲ့ကြောင်း ICOE က ပြောဆိုခဲ့သော်လည်း … မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို မည်သည့်ပုံစံဖြင့်မျှ ရာဇဝတ်မှုအဖြစ် ဥပဒေပြဋ္ဌာန်း သတ်မှတ်ထားခြင်း ၂၀၂၁ ခုနှစ်အထိမရှိခဲ့ပေ။ … ထို့ကြောင့် ICOE က စုံစမ်းစစ်ဆေးရန် အလို့ငှာ အသုံးပြုသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေအရ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ပြစ်မှုဟူ၍ မရှိခဲ့ပေ။ ထို့အပြင် ထိုအချိန်နောက်ပိုင်းတွင်လည်း ကွန်ဗင်းရှင်းအရ အပြစ်ပေးအရေးယူနိုင်သည့် လုပ်ရပ်များနှင့်ပတ်သက်၍ နောက်ထပ် စုံစမ်းစစ်ဆေးမှုများ မရှိခဲ့ပေ”ဟု ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂိတို့ (Toshimitsu Motegi) အပါအဝင် ဂျပန်ခေါင်းဆောင်များက မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုကျိုမြို့၌ ကြိုဆိုလက်ခံခဲ့ကြသည်။

ထိုအချိန်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုတို့အတွက် မင်းအောင်လှိုင်ကို “စုံစမ်းစစ်ဆေး၍ တရားစွဲဆိုသင့်သည်” ဟု အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချထားပြီးဖြစ်သည်။

နှစ်လအကြာတွင် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီရို မာရူယာမား (Ichiro Maruyama) က “မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု မရှိကြောင်း” ဂျပန်နိုင်ငံက “အပြည့်အဝ” ယုံကြည်သည်ဟု မြန်မာသတင်းမီဒီယာများကို ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ထို့အပြင် “ICJ က ကြားဖြတ်ကာကွယ်ရေး အစီအမံများ ချမှတ်ရန် အမိန့်ထုတ်ပြန်မည်မဟုတ်ဟု” ၎င်းက  “မျှော်လင့်” ကြောင်း၊​အမိန့်မထုတ်ပြန်ပါစေနှင့်ဟုလည်း “ဆုတောင်း”ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ၎င်းမျှော်လင့်သလိုမဖြစ်ဘဲ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ICJ က မြန်မာနိုင်ငံအပေါ် အဆိုပါ ကြားဖြတ်ကာကွယ်ရေးအစီအမံများ ချမှတ်ခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူ့အခွင့်အရေးအခြေအနေကို အလေးထားမှု နည်းပါးစွာဖြင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ စီးပွားရေးအကျိုးစီးပွားများကို ဖော်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နှင့် မြန်မာနိုင်ငံတို့ ပူးတွဲ၍ ရခိုင်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုပြပွဲကို ကျင်းပခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူများ နေရပ်စွန့်ခွာခဲ့ရမှုတို့ကို လျစ်လျူရှုကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

ထိုစဉ်က သံအမတ်ကြီး မာရူယာမားက “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလျှင် … ပဋိပက္ခရှိတော့မည်မဟုတ်” ဟု ဆိုကာ ရင်းနှီးမြှုပ်နှံမှုပြပွဲ ကျင်းပခြင်းကို ဆင်ခြေပေးခဲ့သည်။ ထိုနှစ်အတွင်း မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် အခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ အစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်တွင်ပင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ဆက်လက် နှာစေးနေခဲ့သည်။ 

ဂျပန်အစိုးရသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမှလွဲ၍ တခြားအကူအညီအသစ်များ ပေးအပ်ခြင်းကို ဆိုင်းငံ့ခဲ့သော်လည်း ပေးအပ်ဆောင်ရွက်နေဆဲဖြစ်သော အလားတူအကူအညီများကို တရားဝင်ဆိုင်းငံ့ခြင်း မရှိသေးပေ။ ထို့အပြင် ဂျပန်သည် စက်မှုထိပ်သီး ခုနစ်နိုင်ငံအုပ်စု (G7) အဖွဲ့ဝင်များအနက် စစ်ခေါင်းဆောင်များနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ မချမှတ်ရသေးသည့် ၏ တစ်ခုတည်းသော အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

မကြာသေးမီကလည်း အမေရိကန်နှင့် မြန်မာအရာရှိများ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဂျပန်နိုင်ငံက ခွင့်ပြုခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူစေရန် နိုင်ငံတကာငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF) ၏ အမည်ပျက်စာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသတင်းကိုမူ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း အခြားနိုင်ငံများအပေါ် ဂျပန်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်ပုံသည် ထိုဒေသတွင်း တရုတ်နှင့် သူ့ထက်ငါအပြိုင် ဩဇာတည်ဆောက်နိုင်အောင် ကြိုးစားနေရခြင်းကြောင့် ဖြစ်နိုင်သည်။ 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ဝေဖန်ရာတွင် အတော်အတန် ထိန်းထိန်းသိမ်းသိမ်း ဆက်လက်ပြုမူနေပါက မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မည် သို့မဟုတ် ပိုမိုကောင်းမွန်လာစေနိုင်မည်ဖြစ်ပြီး အနည်းဆုံးအားဖြင့် စစ်အုပ်စုခေါင်းဆောင်များ တရုတ်နိုင်ငံဘက်သို့ ယခုထက်ပိုယိမ်းမသွားအောင် တားဆီးနိုင်မည်ဟု ဂျပန်အစိုးရက ယုံကြည်ထားသည်။

သို့ရာတွင် ထိုသို့သော ချဉ်းကပ်ဆောင်ရွက်မှုသည် မြန်မာစစ်တပ်ကို နိုင်ငံတဝန်း၌ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ရန် ပိုမိုအတင့်ရဲလာစေရုံသာ ဖြစ်စေခဲ့သည်။

တရားဥပဒေစိုးမိုးရေးကို မြှင့်တင်အားပေးသည့် ဒီမိုကရေစီနိုင်ငံတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ICJ ၏ ယခင်က မကြုံဖူးသော စီရင်ချက်ကို အပြည့်အဝ လိုက်နာရန် တိုက်တွန်းသင့်သည်။ ယင်းတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ဆက်လက်ချိုးဖောက်နေမှုများ ရပ်တန့်ရေးနှင့် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ၊ မိမိတို့၏ ဆန္ဒအလျောက် ပြန်လာနိုင်ရေး အာမခံပေးရန်တို့ ပါဝင်သည်။

ထို့အပြင် ICJ စီရင်ချက်ကို လိုက်နာရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အဆိုများ အတည်ပြုချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဂျပန်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကိုလည်း အသုံးချသင့်သည်။

ဂျပန်အစိုးရသည် မြန်မာစစ်ခေါင်းဆောင်များနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းဖြင့် စစ်အုပ်စုကို ဖိအားတိုးမြှင့်သင့်သည်။ ထို့အပြင် မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးအတွက် တွန်းအားပေးသင့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမဟုတ်သည့် လက်ရှိပေးအပ်နေဆဲ အကူအညီများကိုလည်း တရားဝင် ဆိုင်းငံ့သင့်သည်။

စာရေးသူ တက်ပေ ကာဆိုင် Teppei Kasai သည် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ၏ အာရှဌာနမှ အကြီးတန်းတာဝန်ခံတစ်ဦး ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။