အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျားဖြန့်အရေးနှင့် အကျိုးစီးပွားအတွက် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံဟု အမေရိကန်ပြော

နေပြည်တော်ရှိ စစ်အုပ်စုနှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ထားခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ထိခိုက်စေသည်ဟု သတ်မှတ်ထားပြီး မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ချိန်ညှိနေကြောင်း အမေရိကန်အစိုးရက ဆိုသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ထားခြင်းသည် ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ထိခိုက်စေသည်ဟု သတ်မှတ်ထားပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများ တိုက်ဖျက်ရန်နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန်တို့အတွက် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ချိန်ညှိနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်မှတဆင့် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ထိုစာတမ်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်က နှစ်ပေါင်းများစွာဆုပ်ကိုင်ထားသည့် စံတန်ဖိုးများဖြစ်သော ဒီမိုကရေစီ ပြန်လည်ထူထောင်ရန်၊ နိုင်ရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ လူ့အခွင့်အရေးကာကွယ်ရန်၊ စစ်တပ်၏ စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိရန် စသည့်အချက်များ မပါဝင်ခြင်းကြောင့် အမေရိကန်၏ မူဝါဒ အပြောင်းအလဲကို Myanmar Now က မေးမြန်းခဲ့သည်။

အမေရိကန်၏ မူဝါဒသစ်တွင် ဒေသတွင်း တည်ငြိမ်ရန်နှင် အမေရိကန်၏ အဓိက ဦးစားပေး ရည်မှန်းချက်များ အကောင်အထည် ဖော်ရာတွင် တိုးတက်မှုရှိရန် ချိန်ညှိထားပြီး စစ်အုပ်စုကို လျစ်လျူရှုထားခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟုလည်း ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နေပြည်တော်ရှိ စစ်အုပ်စုနှင့် ဆက်ဆံမှု လုံးဝဖြတ်တောက်ထားခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများနှင့် ဆန့်ကျင်နေကြောင်း ဆုံးဖြတ်ခဲ့သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုတုံ့ပြန်သည်။

သို့သော် စစ်အုပ်စုနှင့် မည်သည့်ပုံစံဖြင့် ဆက်ဆံသွားမည်၊ ထိုသို့ ဆက်ဆံရာတွင် မည်သည့်စည်းကမ်းချက်များ သတ်မှတ်ထားသည်ဆိုသည်ကိုမူ အမေရိကန်က ရှင်းလင်းပြောဆိုထားခြင်းမရှိပေ။

အမေရိကန်နှင့် ပြန်လည်ထိတွေ့ဆက်ဆံနေပြီး စင်ကာပူ၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့တွင် သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု စစ်အုပ်စု၏ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကလည်း နိုဝင်ဘာလ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ်တွင် ပါဝင်သည့် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးသည် ကျားဖြန့်နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်နေသည့် စစ်အုပ်စု၏ မူဝါဒနှင့် ကိုက်ညီသည်ဟုလည်း ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။

ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကိုင်တွယ်ဖြေရှင်းရန်၊ မြန်မာနိုင်ငံအတွင်း အမေရိကန် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခြေအနေ ပိုမိုကောင်းမွန်လာစေရန်နှင့် နိုင်ငံတည်ငြိမ်စေမည့် စစ်မှန်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာရန်တို့ကို အမေရိကန်က ဦးစားပေးထားသည်။

ထိုရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရရှိရန် တိုက်တွန်းနေပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အားလုံးနှင့် ဆွေးနွေးနိုင်မည့် မူဝါဒကို ကျင့်သုံးနေသည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက Myanmar Now ထံ ပြန်ကြားသည့် အီးမေးလ်တွင် ပါရှိသည်။

အမေရိကန်၏ မူဝါဒတွင် ပဋိပက္ခများ ဖြေရှင်းရေး အစုအဖွဲ့အားလုံးနှင့် ဆွေးနွေးရန်ဟုလည်း ပါရှိသည်။ သို့သော် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းနှင့် ပတ်သက်၍ NUG သည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန်နှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရးနည်းနှင့် ဖြေရှင်းမည့် နည်းလမ်းကို အစဉ်တစိုက်ရပ်တည်ထားသည်ဟု NUG နိုင်ငံခြားရေးဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင်က Myanmar Now ကို ပြောထားသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် ပြည်သူများ၏ ဆန္ဒနှင့် အခွင့်အရေးများကို အဓိကထားရမည်ဖြစ်ပြီး “မည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မဆို စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခြင်း ဒါမှမဟုတ် အာဏာသိမ်းမှုကို တရားဝင်မှု ရရှိသွားစေခြင်းမျိုး မဖြစ်သင့်ပါဘူး” ဟု ဒေးဗစ်ဂွမ်အောင်က ပြောသည်။

ကျားဖြန့်တိုက်ဖျက်ရေးနှင့် စစ်အုပ်စု၏ လှုပ်ရှားမှုများ

မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒပြောင်းလဲလာမှုသည် အရှေ့တောင်အာရှ ဒေသအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမေရိကန်က အထူးအလေးပေး တိုက်ဖျက်နေချိန်နှင့် တိုက်ဆိုင်နေသည်။

နိုဝင်ဘာလ ၁၈ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် ကယ်ဗင်ကင် (Kevin Kim) က အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရေးတွင် အမေရိကန်က ဦးဆောင်မည်ဟု ပြောခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် ကျားဖြန့်လုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားများ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်ဟု Kevin Kim က ပြောသည်။

ကျားဖြန့်လုပ်ငန်းများ လည်ပတ်ခွင့်ပြုထားသည်ဆိုသော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနှင့် ဗိုလ်မှူးကြီး စောအေဝမ်းတို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူကြောင်း နိုဝင်ဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။

DKBA၏ အကြီးတန်းအရာရှိများသည် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသည်ဟု လေ့လာသူများကဆိုသော်လည်း အဆိုပါ DKBA အရာရှိများကို စစ်အုပ်စုက ဖမ်းဆီးအရေးယူမှုများ မရှိသေးသည်ကို တွေ့ရှိရသည်။

သတင်းရင်းမြစ် – စစ်တပ်ထိန်းချုပ် မီဒီယာ။

တစ်ဖက်တွင်လည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဒေသများသာမက ရန်ကုန်မြို့ပေါ်တွင်ပါ ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်စီးနင်းဖမ်းဆီးနေကြောင်း စစ်အုပ်စုထိန်းချုပ်ထားသည့် သတင်းစာများတွင် နေ့စဉ်ဖော်ပြနေသည်။

စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ ကျားဖြန့်နှင့်ပတ်သက်သည့် ဖော်ပြချက်များကို Myanmar Now က ပြန်လည်လေ့လာခဲ့ သည်။ ထိုဆန်းစစ်လေ့လာမှုတွင် ကျားဖြန့်တိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် ဖော်ပြချက် ၃၆ ခုကို ၂၅ ရက်အတွင်း ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ထိုအထဲတွင် ကျားဖြန့်လုပ်ငန်းခွင်များကို ဝင်ရောက်စီးနင်းဖမ်းဆီးခြင်း၊ အဆောက်အအုံများ ဖြိုချဖျက်ဆီးမှု၊ နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှုနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများ ပါဝင်သည်။

အဆိုပါ ဖော်ပြချက် ၃၆ ခုတွင် အများဆုံးပါဝင်သည့် အကြောင်းအရာမှာ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ ဒုတိယပိုင်းရှိ ကျားဖြန့်လုပ်ငန်းသုံး အဆောက်အအုံများ ဖြိုချနေခြင်း ဖြစ်သည်။ နောက်ဆုံးထုတ်ပြန်ချက်အရ ဖြိုချရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၆၃ လုံးအနက် ၁၃ လုံး ဖြိုချပြီးဖြစ်ကာ ၅၀ ကျန်ရှိသည်ဟု ဆိုသည်။

စစ်အုပ်စုထိန်းချုပ်သတင်းစာများ၏ ဖော်ပြချက်များအရ ကျားဖြန့်လုပ်ငန်းခွင်များသည် ရှမ်း၊ ကရင်ပြည်နယ် နယ်စပ်များတွင်သာမကဘဲ ရန်ကုန်မြို့တွင်းအထိ ဝင်ရောက်လုပ်ကိုင် လာသည်ကို တွေ့ရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Golden River Residence ကွန်ဒို၌ လူ ၁၀၆ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၀၅ ဦးနှင့် ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာ၌ ၁၆ ဦး၊ စုစုပေါင်း ၂၂၇ ဦးကို ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့သည်ဟု စစ်အုပ်စုက ထုတ်ပြန်ထားသည်။

သို့သော် ထိုစီးနင်းဖမ်းဆီးမှုများမှတဆင့် ကျားဖြန့်လုပ်ငန်းများ၏ နောက်ကွယ်မှ အဓိက ကြိုးကိုင်သူများကို မည်မျှအထိ ဖော်ထုတ်အရေးယူနိုင်ခဲ့သည်၊ ရာဇဝတ်ကွန်ရက်များနှင့် ငွေကြေးစီးဆင်းမှုများကို မည်မျှအထိ ဖြတ်တောက်နိုင်ခဲ့သည်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်အုပ်စု၏ လတ်တလော ကျားဖြန့်နှိမ်နင်းမှုများတွင် အမေရိကန်အစိုးရနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှု ရှိမရှိ ဆိုသည်ကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။

ရန်ကုန်တွင် ဖမ်းဆီးခံရသူများ၏ နိုင်ငံသားအလိုက် စာရင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles