အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထင်ရှားသည့် တော်လှန်ရေးဘက်သား ကဗျာဆရာသတ်ဖြတ်ခံရမှု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ စုံစမ်းနေဟုဆို

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ထားသော အထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးမှူးဟောင်းလည်း ဖြစ်၊ ထင်ရှားသည့် ကဗျာဆရာလည်းဖြစ်သည့် ကိုမင်းဘုန်းနိုင်(ခ) PlugX သေဆုံးမှုအား စုံစမ်းနေကြောင်း စစ်တပ်ကိုဆန့်ကျင်သည့် တော်လှန်ရေးတပ်များ၏ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ထံက သိရသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးဟောင်းလည်းဖြစ် ၊ ထင်ရှားသည့် ကဗျာဆရာလည်းဖြစ်သည့် ကိုမင်းဘုန်းနိုင် (ခ) PlugX သေဆုံးမှုအား စုံစမ်းနေကြောင်း စစ်တပ်ကိုဆန့်ကျင်သည့် တော်လှန်ရေးတပ်များ၏ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ထံက သိရသည်။

ကိုမင်းဘုန်းနိုင်သည် နိုဝင်ဘာလ တတိယပတ်တွင် ကရင်နီပြည်နယ် တနေရာတွင် အသတ်ခံရသဖြင့် သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများက နိုဝင်ဘာလ ၁၈ ရက်မှစတင်၍ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားကြသည်။

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) မှ ရဲမှူးကြီး ဘိုဘိုက “ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ” ဟု Myanmar Now ကို ပြောသည်။

ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း “ကျွန်တော်တို့သေချာမသိ​သေးဘူး။ သိတာက​တော့ စစ်​ဆေး​ရေးဂိတ်တခုမှာ ဖမ်းဆီးခံရတယ်လို့ပဲသိထား​သေးတယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး KSP ဘက်က တင်လာမယ့် အစီရင်ခံစာကိုလည်း ကျွန်တော်တို့စောင့်နေပါတယ် ”ဟု Myanmar Now ကိုပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုမင်းဘုန်းနိုင်၏ မိတ်ဆွေတစ်ဦးဖြစ်ပြီး ကရင်နီအခြေစိုက် ဖက်ဒရယ် FM သတင်းဌာနတည်ထောင်သူ ကိုတင့်ဇော်ဟိန်းကလည်း ကိုမင်းဘုန်းနိုင်သည် ပခုက္ကူမြို့နယ်သားတစ်ဦးဖြစ်ပြီး လတ်တလောတွင် စိတ်ကျန်းမာရေး မကောင်းဖြစ်နေကြောင်း နိုဝင်ဘာလ ၁၉ ရက်က ၎င်း၏ Facebook တွင်ရေးသားထား သည်။

စိတ်ကျန်းမာရေးမကောင်းသဖြင့် မိခင်ဖြစ်သူထံ ပြန်ရန် စီစဉ်နေစဉ် KSP စခန်းတစ်ခု၌ ဖမ်းဆီးခံရကြောင်း ၊ ထို့နောက် အဖွဲ့အမည်သေချာမသိရသေးသည့် ရဲဘော်အချို့က ကိုမင်းဘုန်းနိုင်ကို KSP စခန်းမှ လာခေါ်သွားပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း ကိုတင့်ဇော်ဟိန်း၏ ရေးသားချက်အရသိရသည်။

အခြေအနေပိုမိုသိနိုင်ရန် Myanmar Now က ကိုတင့်ဇော်ဟိန်းထံ အွန်လိုင်းမှတဆင့် စာပို့မေးမြန်းခဲ့ရာ လတ်တလော စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသဖြင့် ပြန်ပြောရန်အဆင်မပြေသေးကြောင်း ပြောသည်။

“နိုဝင်ဘာ ၁၈ ရက်နေ့ ၁၁ နာရီလောက်မှာ ဖုန်းဝင်လာလို့ ကိုစိုင်း နဲ့ KSP စခန်းမှူးတို့ ပြောတဲ့ call ထဲဝင် နားထောင်လိုက်ရတော့ ရဲဘော်တွေခေါ်သွားတယ် ပြောပါတယ်။ ရဲဘော်တွေ ခေါ်သွားတယ်ဆိုတာ တစ်ခုခု လုပ်လိုက်ပြီလို့ပြောတဲ့ စကားမှန်းသိလို့ စက်ပေါက်ပေး၊ အမြန်ပြန်ခေါ်ပေးပါလို့ ပြောတဲ့အချိန် နောက်ကျသွားပြီထင်တယ် ပြောပါတယ်။ အဲဒီအတွက် အခြားနီးစပ်ရာ ဗျူဟာမှူးတွေ၊ တပ်ဗိုလ်၊တပ်မှူးတွေကို လိုက်ပြောပါတယ်။ တားပေးပါ။ ကျွန်တော်တို့ လူပါ၊ စိတ်လွတ်သွားလို့ လျှောက်ပြောနေလို့ ပါလို့ လိုက်ပြောတာပါ။ ဘာဖြစ်သွားတာလဲ အတည်ပြုပေးပါ လိုက်မေးချိန်မှာ အတည်ပြုတယ် ဆိုတဲ့ မက်ဆေ့ဝင်လာချိန် ကျွန်တော် ပြိုလဲရတာပါပဲ”ဟု ကိုတင့်ဇော်ဟိန်းက ၎င်း၏ Facebook တွင်ရေးသားသည်။

ဆက်လက်၍ ကိုတင့်ဇော်ဟိန်းက ကိုမင်းဘုန်းနိုင် အသတ်ခံရသည့် ဖြစ်စဉ် အမှန်ပေါ်ပေါက်ရန်နှင့် ကျူးလွန်သူများကို အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်း၏ Facebook တွင် ဆိုသည်။

ကရင်နီတွင် စစ်တပ်ကိုတိုက်နေသည့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ခေါ် ကြယ်ဖြူအဖွဲ့၊ ကယောနီအဖွဲ့ကဲ့သို့ တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးတပ်များရှိသလို ဒေသကာကွယ်ရေးအဖွဲ့ခေါ် Local PDF များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များရှိသည်။ စစ်တပ်ကို မတိုက်ခိုက်သလို တော်လှန်ရေးတပ်များနှင့်လည်း ထိပ်တိုက်ပဋိပက္ခမဖြစ်သည့် ကယန်းပြည်သစ်ကဲ့သို့ အဖွဲ့လည်း ကရင်နီတွင်ရှိသည်။

ကရင်နီပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်သည့် ကရင်နီပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွဲဖက်အထွေထွေ အတွင်းရေးမှူး ရဲဘော်လောရင်းစိုး ကလည်း ကိုမင်းဘုန်းနိုင်ကို ၎င်းတို့အဖွဲ့က သတ်ဖြတ်ခြင်းမဟုတ်ကြောင်းဆိုသည်။

 “ဘယ်သူသတ်လိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့အဖွဲ့ကလူတွေ သတ်တာမဟုတ်ဘူးလို့တော့ အာမခံပါတယ်”ဟု ရဲဘော်လောရင်းစိုးက ပြောသည်။

ကရင်နီပြည်နယ်အခြေစိုက် အင်အားကြီး တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ဦးကလည်း ဖွံဘောခွတ် မြို့နယ် (ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေးတပ်များ သတ်မှတ်သည့် မြို့နယ်) တနေရာတွင်ရှိသော ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) စခန်း၌ ကိုမင်းဘုန်းနိုင်ကို ထိန်းသိမ်းထားစဉ် ကရင်နီတပ်မတော် (KA)မှ ရဲဘော်များ ခေါ်ယူသွားပြီးနောက် သေဆုံးသွားသည်ဟု ကြားသိရကြောင်း Myanmar Now ကိုပြောသည်။

KA သည် ကရင်နီပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖြစ်သည်။

ကိုမင်းဘုန်းနိုင်ကို KA ရဲဘော်များ သတ်ဖြတ်ခြင်း ဟုတ်မဟုတ် ပိုမိုသိနိုင်ရန် KNPP အတွင်းရေးမှူး(၁) ဖြစ်သူ နဲနယ်ပလိုးအား Myanmar Now က နိုဝင်ဘာလ ၂၀ ရက်တွင် စာပို့မေးမြန်းထားသော်လည်း သတင်းရေးသားပြီးချိန်အထိ အကြောင်းမပြန်ပေ။

ကိုမင်းဘုန်းနိုင်သည် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလက တော်လှန်ရေးအတွက် ရန်ပုံငွေများ အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည်။

ကိုမင်းဘုန်းနိုင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ကဗျာဆရာ ကိုငြိမ်းချမ်း (တံတားဦး) ကလည်း ကိုမင်းဘုန်းနိုင်အသတ်ခံခဲ့ရခြင်း မှန်ကန်ပါက အမှန်တရားပေါ်ပေါက်ရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း နိုဝင်ဘာလ ၁၉ ရက်တွင် ၎င်း၏ Facebook ၌ ရေးသားသည်။

“သူ့အမှားတွေကို ကျွန်တော်တို့ မဖုံးကွယ်သင့်သလို သူ့အပေါ်ကျူးလွန်ခဲ့နိုင်တဲ့ မတရားမှုကိုလည်း လျစ်လျူမရှုသင့်ဘူး။ အကယ်၍ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရတာ မှန်တယ်ဆိုရင် အဲဒီဖြစ်စဉ်ကို လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်တယ်။ ဘယ်သူတွေက ဖမ်းဆီးခဲ့သလဲ၊ ဘယ်လိုအခြေအနေမှာ သေဆုံးခဲ့ရသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ အမှန်တရားပေါ်ပေါက် လာအောင် ဖော်ထုတ်ရမယ်”ဟု ကိုငြိမ်းချမ်း(တံတားဦး)က ရေးသားထားသည်။

ကိုမင်းဘုန်းနိုင်သည် အာဏာမသိမ်းမီက မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဦးစီးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် CDM လုပ်လာသူဖြစ်သည်။

၎င်းကို အဘ၊ ကျော့ဖေ၊ PlugX အမည်များဖြင့် မိတ်ဆွေများက သိကြသည်။

ကိုမင်းဘုန်းနိုင် (ခ) ကဗျာဆရာ PlugX သည် ‘ချစ်သော တော်လှန်ရေး’၊ ‘သူ့အကြောင်း စံပယ်ပွင့်တွေအကြောင်း’၊ ‘မြို့ထဲကို စစ်ကားတွေဝင်လာပြီးကတည်းက’နှင့် ‘ရေခဲခေတ်ထဲ တစ်ယောက်ယောက်ကို ချစ်တဲ့ကိစ္စ’ ဆိုသည့် ကဗျာစာအုပ်နှင့် ကဗျာစုစည်းမှုများ ထုတ်ဝေခဲ့သည်။

‘မြို့ထဲကို စစ်ကားတွေဝင်လာပြီးကတည်းက’ ကဗျာစာအုပ်၏ ရောင်းရငွေများကို BPLA အပါအဝင် တော်လှန်ရေးတပ်များထံ လှူဒါန်းခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles