သတင်း

ရသေ့တောင်တွင် တိုက်ပွဲပြင်းထန်သဖြင့် ထွက်ပြေးတိမ်းရှောင်လာသူ ၃၀၀၀ ကျော်ရှိ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲပြင်းထန်နေပြီး ထွက်ပြေးတိမ်းရှောင်သူ ဒေသခံ ၃၀၀၀ ကျော်ရှိသည်ဟု ဒေသခံများက ပြောသည်။ 

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး တပ်မတော်က ကြည်း၊ ရေ၊ လေ သုံးခုလုံးဖြင့် တိုက်ခိုက်နေသောကြောင့် မေယုမြစ်ကမ်းတလျှောက်ရှိ အောက်ကျောင်းတောင်၊ စဖိုကျွန်း၊ ကံပြင်၊ အောင်ဇေကုန်းနှင့် ပြင်ဝန်းစသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။ 

အဆိုပါကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်မှာ အောက်တိုဘာ ၅ ရက်မှ ၁၃ ရက်အထိ ၃၀၀၀ ကျော်ရှိသည်ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ စစ်ရှောင်စခန်းတာဝန်ခံ ဦးထွန်းမြင့်က ပြောသည်။ 

စေတီပြင်ကျေးရွာသို့ ခိုလှုံလာသူ စစ်ရှောင်အရေအတွက် များပြားလွန်းသည့်အတွက် နေရာအခက်အခဲရှိနေရာ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် စာသင်ကျောင်းများတွင် ဖြစ်သလို ခိုလှုံနေရသည်ဟုလည်း ၎င်းက ပြောသည်။ 

မေယုမြစ်အတွင်းသွားလာနေသည့် တပ်မတော်စစ်ရယာဉ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု စေတီပြင်စစ်ရှောင်စခန်းရောက်ရှိနေသည့် အောင်ဇေကုန်းကျေးရွာမှ ဦးစံထွန်းက ပြောသည်။

“ပစ်ခတ်မှုက တစ်ကြိမ်လည်းမဟုတ်ဘူး။ အိမ်တွေမှာကျတယ်။ ကျောင်းတွေမှာ ကျတယ်။ သာသနိကအ‌ဆောက်အအုံတွေမှာ အများကြီးကျတာတွေ ရှိတယ်။ ကိုယ့်အသက်အန္တရာယ် စိတ်ချလုံခြုံမှု မရှိတဲ့အတွက် တိမ်းရှောင်တာ ကောင်းမယ်ဆိုပြီးတော့ လာကြတာပါ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာတွင် နေအိမ်အချို့ မီးလောင်ခဲ့သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအတွင်း အောက်တိုဘာ ၃ နှင့် ၄ တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ AA အဖွဲ့ အခိုင်အမာခြေကုပ်ရယူထားသည့် တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော်က အောက်တိုဘာ ၄ တွင် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါတောင်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း ထိုနေ့၌ပင် AA ကလည်း ထုတ်ပြန်ခဲ့သည်။ 

“လေတပ်နဲ့ ရေတပ်တွေအပါအဝင် ၇ နေရာကနေ ပစ်နေတာ။ ဘယ်လောက်ပြင်းထန်မလဲ တွေးကြည့်တော့။ တိုက်ပွဲက ရပ်မယ့်အနေအထား မရှိဘူး။ ဆက်ပြီးပြင်းထန်မယ့် အနေအထားရှိတယ် ” ဟု ကျောက်တန်းနယ်မြေမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ရသေ့တောင်မြို့ပေါ်ရှိ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မြေကြီးများပင် တုန်ခါလျက်ရှိကြောင်း ရသေ့တောင်မြို့ခံ ကိုဘက္ကာက ပြောသည်။

“မြို့ပေါ်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်တာကို ကြားနေရတယ်။  တိုက်လေယာဉ်နှစ်စီးနဲ့ လာပြီးတော့ ကျောက်တန်းအဝိုင်းကို ဗုံးကြဲတာတွေရှိတယ်။ အဲဒီဘက်က ကျေးရွာတွေမှာ လူတွေက မရှိတော့ဘူး။ ထွက်ပြေးနေကြတာကြာပြီ။ အခုထီးစွဲမှာလည်း တပ်မတော်က တပ်စွဲထားတယ်” ဟု ၎င်းက ပြောသည်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) ၏ စာရင်းများအရ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ စစ်‌ရှောင်အရေအတွက်မှာ အောက်တိုဘာ ၁ ရက်အထိ ၂၂၆,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ 

Show More

Related Articles

Back to top button