နိုဝင်ဘာလ ၁၉ ရက်တွင် နိုင်ငံတကာတရားရုံး (ICJ) က မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများကို ဂျီနိုဆိုက်(လူမျိုးသုဉ်းရာဇဝတ်မှု) ကျူးလွန်ခဲ့ကြောင်း တရားစွဲထားသည့်အမှုအတွက် စီရင်ချက် ၁၃ ချက် ချမှတ်လိုက်သည်။
ပထမဆုံးနှင့် အရေးအကြီးဆုံး စီရင်ချက်မှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများကို ဆန့်ကျင်သော လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက တွေ့ရှိသည်”ဟု ချမှတ်ခဲ့သည်။ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ ငြိမ်းချမ်းရေးနန်းတော် တရားခွင်၌ ထိုဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၅ ဦးအနက် ကိုးဦးက ထောက်ခံမဲပေးကြပြီး၊ ခြောက်ဦးက ကန့်ကွက်မဲပေးကြသည်။ အများစုထောက်ခံမှုဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ ၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် နိုင်ငံတကာဥပဒေအဖြစ် စတင်အသက်ဝင်ကျင့်သုံးလာသည့် ဂျီနိုဆိုက်ကွန်ဗင်းရှင်း သည် ၂၀၂၆ ခုနှစ်တွင် သက်တမ်းအားဖြင့် ၇၅ နှစ် ရှိပြီဖြစ်သည်။ သို့သော် ထိုကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားသော အဖွဲ့ဝင်နိုင်ငံတစ်ခုက လူမျိုးသုဉ်းရာဇဝတ်မှု ကျူးလွန်ခဲ့သည့် စီရင်ချက်မျိုး ယခင်က ချမှတ်ခဲ့ဖူးခြင်း မရှိခဲ့ပါ။ ထိုဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည့် ပထမဆုံး အဖွဲ့ဝင်နိုင်ငံအဖြစ် သမိုင်းဝင်သွားပြီ ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံက တိုင်ကြားခဲ့သော စွပ်စွဲချက်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်တပ်၏ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများ” (Clearance Operations) ကြောင့် ရိုဟင်ဂျာ လူမျိုး သောင်းနှင့်ချီ သတ်ဖြတ်ခံခဲ့ရခြင်း၊ သိန်းနှင့်ချီသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံ ခဲ့ရခြင်း၊ ရာနှင့်ချီသော ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်စဉ်များအပေါ်တွင် အခြေခံထားသည်။
ICJ တရားသူကြီးများ၏ အမှုကိုင်တွယ်ပုံ လေ့လာချက်
ဂျီနိုဆိုက် (Genocide) ကို မြန်မာဘာသာစကားတွင် “လူမျိုးသုဉ်း”ဟု ယေဘူယျ ဘာသာပြန်လေ့ရှိပါသည်။ “သုဉ်း” ဟူသော အသုံးအနှုန်းကြောင့် လူမျိုးလုံးဝပျောက်ကွယ်သွားသည်အထိ ကျူးလွန်သော ရာဇဝတ်မှုမျိုးလား ဟု တွေးထင်စရာဖြစ်စေပြီး၊ လွဲမှားစွာ နားလည်သွားနိုင်သည်။ ထို့ကြောင့် ဂျီနိုဆိုက်ကွန်ဗင်းရှင်း ပုဒ်မ (၂) တွင် လူမျိုးသုဉ်း ဆိုသည်မှာ “နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စု စသည့် လူအုပ်စု တစ်ခုလုံး သို့မဟုတ် တစိတ်တပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်သော အောက်ပါလုပ်ရပ်များထဲမှ တစ်ခုခုကို ဆိုလိုသည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
(က) ထိုလူအုပ်စုဝင်များကို သတ်ဖြတ်ခြင်း
(ခ) ထိုလူအုပ်စုဝင်များကို ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်စေခြင်း
(ဂ) ထိုလူအုပ်စုဝင် အသက်ရှင်ရပ်တည်နိုင်မှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ
တွက်ချက်ပြီး ရုပ်ဝတ္ထု ပစ္စည်းများ အားလုံး သို့မဟုတ် တစိတ်တပိုင်း ဖျက်ဆီးခြင်း
(ဃ) ထိုလူအုပ်စုဝင်များ ကလေးမွေးဖွားမှုကို တားမြစ်ရန် ရည်ရွယ်သော အရေးယူဆောင်ရွက်မှုများ
(င) ထိုလူအုပ်စုဝင်များ၏ ကလေးများကို အခြားလူအုပ်စုတစ်စုထံ အတင်းအကျပ်လွှဲပြောင်းပေးခြင်း
ကွန်ဗင်းရှင်း၏ ပုဒ်မ (၃) တွင် ကျူးလွန်သော ပြစ်မှုအမျိုးအစား (၅) မျိုးကို ဖော်ပြထားသည်။ ၎င်းပြစ်မှုများမှာ (၁) လူမျိုးသုဉ်းခြင်း၊ (၂) လူမျိုးသုဉ်းမှုကျူးလွန်ရန် ပူးပေါင်းကြံစည်ခြင်း၊ (၃) လူမျိုးသုဉ်းမှုကျူးလွန်ရန် လူထုကို တိုက်ရိုက် လှုံ့ဆော်ခြင်း၊ (၄) လူမျိုးသုဉ်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း (၅) လူမျိုးသုဉ်းမှုကျူးလွန်မှုတွင် ပါဝင် ပတ်သက်ခြင်းတို့ ဖြစ်သည်။ ကွန်ဗင်းရှင်း၏ ပုဒ်မ (၂) နှင့် (၃) သည် ICJ တရားသူကြီးများ ဤအမှုကို စစ်ဆေးရာတွင် အဓိကပုဒ်မများဖြစ်ပြီး စာမျက်နှာ ၁၉၁ မျက်နှာပါရှိသော ICJ တရားစီရင်ချက် ၏ ဗဟိုချက် ဖြစ်သည်။
ICJ တရားစီရင်ချက်၏ အခန်း (၃) သည် “သက်သေအထောက်အထား အချက်အလက်များ စစ်ဆေးခြင်း” ဖြစ်ပြီး၊ လူမျိုးသုဉ်းမှုကျူးလွန်ရန်ရည်ရွယ်ချက် (Genocidal Intent) ရှိမရှိ ခေါင်းစဉ် (၃) ခုခွဲ၍ စစ်ဆေးခဲ့ပုံကို ဖော်ပြထားသည်။ ထိုခေါင်းစဉ်ခွဲများမှာ (က) မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် သမိုင်းတလျှောက် ဆက်ဆံခဲ့ခြင်း၊ (ခ) ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များ၊ (ဂ) မြန်မာ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ဖြစ်သည်။
အဆိုပါ ခေါင်းစဉ် သုံးခုကို အစီအစဉ်အလိုက် ဖော်ပြထားချက်ကို လေ့လာခြင်းအားဖြင့် ICJ တရားသူကြီးများ သည် ထိုအမှုကို စစ်ဆေးရာတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာသက်သက်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မဟုတ်ဘဲ၊ သမိုင်းတလျှောက် ရိုဟင်ဂျာလူမျိုးများကို ခွဲခြားဆက်ဆံခဲ့သည့် ဥပဒေများနှင့် မူဝါဒများ၊ နိုင်ငံသားဖြစ်ခွင့်၊ လက်ထပ်ခွင့်နှင့် ကလေးမွေးဖွားခွင့်ဆိုင်ရာ တားမြစ်ချက်များအထိ သက်သေအထောက်အထားများကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းစစ်ဆေးခဲ့ကြသည်။ ထိုအချက်များသည် ပုဒ်မ (၂) တွင် ဖော်ပြထားသော ရာဇဝတ်မှုကျူးလွန်ခြင်း ဆိုင်ရာ အချက် (၅) ချက်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။
ICJ သည် လူပုဂ္ဂိုလ် (Individual) ကို တရားစီရင်သော တရားရုံးမဟုတ်ဘဲ၊ နိုင်ငံ (State) ကို တရားစီရင်သော တရားရုံး ဖြစ်ခြင်းကြောင့် နိုင်ငံတစ်ခု၏ အစိုးရ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များသည် ဂျီနိုဆိုက်ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ပါသည်ဟု သက်သေအထောက်အထား ပြည့်စုံစွာဖြင့် တရားစီရင်နိုင်ရန် ထိုနိုင်ငံတွင် လူအုပ်စုတစ်ခုအပေါ်တွင် သီးခြားပစ်မှတ်ထားသော ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းများ ချမှတ်ကျင့်သုံး ခဲ့ခြင်း ရှိမရှိ ဆိုသည့် အချက်အလက်များကို တရားသူကြီးများက အလေးထား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ICJ တရားသူကြီးများသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ ထိုဥပဒေမတိုင်မီ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ ကျင့်သုံးခဲ့သော နိုင်ငံသားဥပဒေအထိ ဥပဒေဆိုင်ရာ အထောက်အထားများကို လေ့လာခဲ့ကြသည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးများကို ပစ်မှတ်ထားကျင့်သုံးခဲ့သော လက်ထပ်ထိမ်းမြားခြင်းနှင့် ကလေး မွေးဖွားခြင်းဆိုင်ရာ ဒေသန္တရအမိန့်များ၊ ၎င်းတို့နေထိုင်ရာ မြို့နယ်မှ ကျော်လွန်သွားလာခွင့် ကန့်သတ်အမိန့်များ သည် သက်သေအထောက်အထားများ ဖြစ်လာခဲ့သည်။
ထို့ကြောင့် သမိုင်းတလျှောက်နှင့် ၂၀၁၇ ခုနှစ် အမှုဖြစ်ပွားချိန်အထိ မြန်မာနိုင်ငံ (State) က ရိုဟင်ဂျာလူမျိုးများအပေါ်တွင် ပစ်မှတ်ထား ဖိနှိပ်ချုပ်ချယ်သော ဥပဒေ၊ မူဝါဒနှင့် စည်းမျဉ်းများ ကျင့်သုံးခဲ့ခြင်းရှိမရှိ ဟူသော သက်သေအထောက်အထားများက ဂျီနိုဆိုက်ကျူးလွန်ရန် ရည်ရွယ်ချက်ရှိမရှိ ဆုံးဖြတ်နိုင်ရန် ပံ့ပိုးပေးသော သက်သေအထောက်အထားများ ဖြစ်သွားခဲ့သည်။
ဤနေရာတွင် သတိပြုသင့်သောအချက်မှာ ကွန်ဗင်းရှင်း၏ ပုဒ်မ (၂) သည် ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား စသည့် လူမျိုးအမည်ဆိုင်ရာ အငြင်းပွားမှုကို ထည့်သွင်းမစဉ်းစားပါ။ ပုဒ်မ(၂)တွင် ပြဋ္ဌာန်းထားသော ရာဇဝတ်မှု (၅) မျိုး လူအုပ်စုတစ်စုအပေါ်ကို ကျူးလွန်ခဲ့ခြင်းရှိမရှိနှင့် ကျူးလွန်ခဲ့သော အတိုင်းအတာကိုသာ စစ်ဆေးပေလိမ့်မည်။ ထိုအခါ ရိုဟင်ဂျာများ ရှင်သန်မှုကို ငြင်းဆန်သော သတ်ဖြတ်မှုများ၊ ထိုလူအုပ်စု၏ ဖြစ်တည်မှုကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်စေခြင်း၊ ၎င်းတို့ ရှင်သန်ရပ်တည်ခွင့်မရှိစေရန် ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်း (ဥပမာ- ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း)၊ လူအုပ်စုတစ်စု၏ မျိုးဆက်အတွက် အရေးပါသော ကလေးမွေးဖွားမှုကို ကန့်သတ်ခြင်းစသဖြင့် ရာဇဝတ်မှု (၅) မှုတွင် (၄) မှုကျူးလွန်ထားသည့် သက်သေအထောက်အထားများ ကို ICJ တရားသူကြီးများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း စီရင်ချက်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားဖြန့်ချိခဲ့သော အဓိကတရားခံများ
ICJ တရားသူကြီးများ ဒုတိယ အလေးထားစစ်ဆေးခဲ့သော သက်သေအထောက်အထားများမှာ ရိုဟင်ဂျာတို့ အပေါ်ကို မုန်းတီးဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း၏ အခြေခံအကြောင်းအရင်းများ ဖြစ်သည်။ ပြည်သူလူထုအကြား ရိုဟင်ဂျာများကို မုန်းတီးရေး အမုန်းစကား (Hate Speech) များ ဖြန့်ချိခဲ့သော သက်သေ အထောက်အထားများ ကို စုဆောင်းစစ်ဆေးခဲ့ကြသည်။ ထိုအမုန်းစကားများကြောင့် မြန်မာနိုင်ငံ၏ လူ့အသိုက်အဝန်းအတွင်း ရိုဟင်ဂျာများကို မုန်းတီးမှုများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ပြင်းထန်ဆိုးရွားသော ဖြစ်စဉ်များ ဖြစ်ပွားလာခဲ့ခြင်းတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သော အမုန်းစကားများ၏ ရင်းမြစ်များကို ရှာဖွေ ဖော်ထုတ်ခဲ့သည်။
ICJ စီရင်ချက်တွင် “အမုန်းစကား” ကို သီးခြားခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းအား ထောက်ရှုလျှင် ICJ တရားသူကြီးများက ထိုကိစ္စကို မည်မျှအလေးထားကြောင်း သိသာစေပြီး၊ ထိုခေါင်းစဉ်အောက်တွင် သက်သေအထောက်အထားများကို ခေါင်းစဉ်ခွဲနှစ်ခုဖြင့် စုစည်းဖော်ပြရာတွင် (၁) စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်၊ (၂) စစ်တပ်၏ ဆိုရှယ်မီဒီယာ Facebook အကောင့်ကွန်ရက်များဟူ၍ ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးများ အစုအပြုံလိုက် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့သော ဖြစ်စဉ် ဖြစ်ပွားချိန်နှင့် ၎င်းနောက်ပိုင်း မင်းအောင်လှိုင်ကိုယ်တိုင် ပြောဆိုခဲ့သော ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်း စကားများကို ရက်စွဲအလိုက် စီရင်ချက်တွင် ဖော်ပြထားသည်။ ၎င်း၏ ပြောစကားများကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် Facebook အကောင့်နှင့် စစ်တပ်၏ ဝါဒဖြန့်ချိရေး Facebook အကောင့်များတွင် ဖြန့်ချိခဲ့သည်။
ထို့ကြောင့် ဂျီနိုဆိုက်ကျူးလွန်ခဲ့သော မြန်မာနိုင်ငံ (State) ၏ တာဝန်ရှိအဖွဲ့အစည်းမှာ ထိုစဉ်က တာဝန်ယူထား သော အရပ်သားအစိုးရ မဟုတ်ဘဲ၊ လက်နက်ကိုင်တပ်ဖွဲ့များကို ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရာထူး ယူထားသည့် မင်းအောင်လှိုင်နှင့် စစ်တပ်ဖြစ်ကြောင်း ICJ ၏ စီရင်ချက်တွင် ရှင်းလင်းစွာ ခွဲခြားဖော်ပြခဲ့သည်။
ထို့အပြင် စီရင်ချက်၏ စာမျက်နှာ (၁၅၁) ရှိ “တရားစွဲဆိုခြင်းနှင့် အပြစ်ပေးခြင်းတာဝန်” ခေါင်းစဉ်ခွဲအောက်ရှိ စာပိုဒ် ၅၂၃ (စာမျက်နှာ ၁၅၂) တွင် “မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် စစ်တပ်၏ တပ်ဖွဲ့ဝင်များ အတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို စစ်တပ်တရားရေးစနစ် (Military Justice System) အတွင်းမှာသာ ယေဘူယျအားဖြင့် ဆောင်ရွက်နိုင်သည်” ဟု ဖော်ပြထားသည်။
ထိုအချက်ကိုထောက်ရှုခြင်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကျူးလွန်သော ပြစ်မှုများ အတွက် ရွေးကောက်ခံအရပ်သားအစိုးရ၏ အာဏာသက်ရောက်သော အရပ်ဘက်တရားစီရင်ရေးစနစ် (Civilian Justice System) အောက်တွင် တရားစီရင်ခွင့်မရှိကြောင်း၊ စစ်ဘက်တရားရေးစနစ်အောက်တွင်သာ တရားစီရင်ခွင့် ရှိပြီး၊ ယင်းစနစ်၏ အကြီးအကဲသည် မင်းအောင်လှိုင်ကိုယ်တိုင် ဖြစ်ကြောင်း၊ ICJ တရားသူကြီးများသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားရေးစနစ်များကို ရှင်းလင်းစွာ လက်ခံခဲ့ကြခြင်းကို လေ့လာတွေ့ရှိရသည်။
တနည်းအားဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ်ကို အမုန်းစကားများ ဖြန့်ချိခဲ့သော အဓိကတရားခံများအဖြစ် ICJ စစ်ဆေးခဲ့သည့် သက်သေအထောက်အထားများက စစ်ခေါင်းဆောင်နှင့် စစ်တပ်တွင် မြစ်ဖျားခံနေကြောင်း စီရင်ချက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ICJ စီရင်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ (Security Forces) ဟု သုံးနှုန်းဖော်ပြရာ၌ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အခြားလက်နက်ကိုင်အင်အားစုများ (ဥပမာ- နယ်ခြားစောင့်တပ်) စသည့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ရည်ညွှန်းခဲ့သည်။
ထို့ကြောင့် ICJ တရားစီရင်ချက် စာမျက်နှာပေါင်း ၁၉၁ မျက်နှာတွင် “လုံခြုံရေးတပ်ဖွဲ့ဝင်များ” အသုံးအနှုန်းကို ၁၅၈ ကြိမ် အများဆုံး ဖော်ပြထားသည်ကို တွေ့ရပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်ကို ၁၄ ကြိမ် ဖော်ပြထားကြောင်း တွေ့ရှိရသည်။ ရိုဟင်ဂျာများကို အရပ်သားလူပုဂ္ဂိုလ်များ ပါဝင်တိုက်ခိုက်ခဲ့ခြင်းနှင့် ပစ္စည်းများ လုယက်ခဲ့ခြင်းတို့ကို စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း၊ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တားဆီးရန် ပျက်ကွက်မှုကို စီရင်ချက်တွင် အဓိကထား စစ်ဆေးခဲ့သည်။
ICJ စီရင်ချက်တွင် ထူးခြားချက်တစ်ခု တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ်တွင် ICJ သည် ထိုအမှုအတွက် ပထမဆုံး တရားခွင်ကို ဖွင့်လှစ်ခဲ့ပြီး၊ ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့မှ နှစ်ဖက်အစိုးရများကို ကိုယ်စားပြုသော ကိုယ်စားလှယ် အဖွဲ့များ၏ ပထမအကြိမ် လျှောက်လဲချက်များကို တရားသူကြီးများက စတင်ကြားနာခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံး ရှေ့မှောက် လျှောက်လဲချက်ပေးခဲ့သည်။
သို့သော် နိုဝင်ဘာလ ၁၉ ရက်တွင် ICJ ဥက္ကဋ္ဌ တရားသူကြီးက စီရင်ချက်ဖတ်ကြားသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုလည်းကောင်း၊ ထိုစဉ်က အရပ်သားအစိုးရသမ္မတ ဦးထင်ကျော်၏ အမည်ကိုလည်းကောင်း လုံးဝထည့်သွင်း ဖတ်ကြားခဲ့ခြင်းမရှိခဲ့ပါ။ စာမျက်နှာ ၁၉၁ မျက်နှာ ရှည်လျားသော စီရင်ချက်တွင်လည်း အရပ်သား အစိုးရအဖွဲ့ အကြီးအကဲနှစ်ဦး၏ အမည်များကို လုံးဝ ရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။
ထို့ကြောင့် ICJ သည် မြန်မာနိုင်ငံ (State) က လူမျိုးသုဉ်းရာဇဝတ်မှု ကျူးလွန်ကြောင်း စီရင်ချက် ချခဲ့သော်လည်း၊ ကျူးလွန်ခဲ့သော နိုင်ငံအဖွဲ့အစည်း (State Institution) နှင့် ထိုအဖွဲ့အစည်း၏ အကြီးအကဲ စသည်တို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း စီရင်ချက်ကို ဒွိဟကင်းရှင်းစွာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ICJ စီရင်ချက်ကို မလိုက်နာလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းရာဇဝတ်မှုကျူးလွန်ကြောင်း ICJ က တရားစီရင်ချက် (၁၃) ချက် ချမှတ်ခဲ့ပြီး၊ လာမည့် နှစ်နှစ်ကာလအတွင်း အဆိုပါ စီရင်ချက်များအတိုင်း အကောင်အထည်ဖော်ရန် အချိန်ပေးထားသည်။ ပထမဆုံး အကောင်အထည်ဖော်ရမည့်အချက်မှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်း ပုဒ်မ (၄) တွင် “လူမျိုးသုဉ်းရာဇဝတ်မှု ကျူးလွန်သူများ သို့မဟုတ် ပုဒ်မ (၃) တွင် ဖော်ပြထားသော ရာဇဝတ်မှုတစ်ခုခု ကျူးလွန်သူများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တာဝန်ရှိသော အုပ်စိုးသူများ၊ ပြည်သူ့ဝန်ထမ်းအရာရှိများ သို့မဟုတ် ပုဂ္ဂလိက လူပုဂ္ဂိုလ်များ မည်သူ့ကိုမဆို အရေးယူအပြစ်ပေးရမည်” ဟု ဖော်ပြထားသည်။ ထို့ကြောင့် စီရင်ချက်တွင် အတိအလင်း ဖော်ပြထားသော ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သည့် စစ်တပ်နှင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သူ မင်းအောင်လှိုင်ကို မဖြစ်မနေ အရေးယူရမည် ဖြစ်သည်။
ဒုတိယ အကောင်အထည်ဖော်ရမည့်အချက်မှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့သော်လည်း၊ မြန်မာ နိုင်ငံက လူမျိုးသုဉ်းရာဇဝတ်မှု ကျုးလွန်မှုများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ဆိုင်ရာ ဥပဒေ တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိသေးသည့်အချက် ဖြစ်သည်။ ထို့ကြောင့် ကွန်ဗင်းရှင်း၏ ပုဒ်မ (၅) အရ “အဖွဲ့ဝင်နိုင်ငံ များသည် သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဂျီနိုဆိုက်ကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ရန် လိုအပ်သော ဥပဒေများပြဋ္ဌာန်းခြင်းနှင့် အထူးသဖြင့် ပုဒ်မ (၃) တွင် ဖော်ပြထားသော လူမျိုးသုဉ်း ရာဇဝတ်မှု သို့မဟုတ် အခြားပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းအတွက် ထိရောက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းရန်” လုပ်ဆောင်ရမည် ဖြစ်သည်။
ကွန်ဗင်းရှင်း၏ ပုဒ်မ (၆) တွင် “ပုဒ်မ (၃) တွင် ဖော်ပြထားသော လူမျိုးသုဉ်း ရာဇဝတ်မှု သို့မဟုတ် အခြားပြစ်မှု တစ်ခုခု ကျူးလွန်ခဲ့သော လူပုဂ္ဂိုလ်များကို ကျုးလွန်ခဲ့သောနယ်မြေတွင် ထိုနိုင်ငံ၏တရားစီရင်ပိုင်ခွင့်ရှိသော တရား ခုံရုံးတစ်ခုဖြင့် စီရင်ရမည်၊ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများက လက်ခံသော နိုင်ငံတကာ တရားခုံရုံးတစ်ခုဖြင့် တရား စီရင်ရမည်”ဟု ပြဋ္ဌာန်းထားသည်။
ကွန်ဗင်းရှင်း၏ ပုဒ်မ (၇) တွင် “ပုဒ်မ (၃) တွင် ဖော်ပြထားသော လူမျိုးသုဉ်း ရာဇဝတ်မှု သို့မဟုတ် အခြားပြစ်မှုများကို နိုင်ငံရေးရာဇဝတ်မှုများကဲ့သို့ တရားခံလွှဲပြောင်းရေး ရည်ရွယ်ချက်အတွက် မစဉ်းစားသင့်ပါ။ အဖွဲ့ဝင်နိုင်ငံများသည် ထိုကဲ့သို့သော ပြစ်မှုများကို ၎င်းတို့၏ ဥပဒေများနှင့် စာချုပ်များကို ကျင့်သုံး၍ တရားခံလွှဲပြောင်းခြင်းကို ခွင့်ပြုရန် ကတိကဝတ်ပြုသည်” ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ဂျီနိုဆိုက်ကွန်ဗင်းရှင်း၏ ပုဒ်မ (၂) နှင့် (၃) အရ မြန်မာနိုင်ငံသည် လူမျိုးသုဉ်းရာဇဝတ်မှု ကျုးလွန် ခဲ့သည် ဟု ICJ တရားရုံး၏ တရားစီရင်ချက်နောက်ပိုင်း ပုဒ်မ ၄ ၊၅ ၊၆နှင့် ၇ တို့ကို လက်ခံအကောင်အထည် ဖော်ရမည်။ ထိုသို့ အကောင်အထည်ဖော်ရန် ငြင်းဆန်ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီကတဆင့် ဖိအားပေးမှုများ ရှိလာနိုင်ပြီး၊ မြန်မာနိုင်ငံ၏ လူမျိုးသုဉ်းရာဇဝတ်မှု ကျူးလွန်သူများကို စီရင်မည့် နိုင်ငံတကာတရားခုံရုံးတစ်ခု ထူထောင် ၍ တရားစီရင်ခြင်း သို့မဟုတ် လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court- ICC) မှတဆင့် ဆောင်ရွက်လာနိုင်သော နည်းလမ်းများရှိနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။