စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ နောက်ဆုံးအကြိမ် တရားဝင်ခရီးစဉ် သွားရောက်အပြီး ဩဂုတ်လ ၂၃ ရက်က နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ရုရှား၏ မြန်မာနိုင်ငံအတွင်း လက်တံခြေတံ ပိုရှည်လာအောင် ခွင့်ပြုပေးခဲ့သည့် သဘောတူညီချက်များနှင့် အဆိုပြုချက်များကို ယူဆောင်လာခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံတောင်ဖက်ကမ်းရိုးတန်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း၌ ရုရှား၏ အကူအညီဖြင့် သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံ တည်ဆောက်ရေး ဆွေးနွေးမှုများ ပါဝင်သည်။ ယင်းစက်ရုံမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးစွဲမှုကိုသာမက အိမ်နီးချင်းနိုင်ငံများသို့လည်း LNG တင်ပို့နိုင်မည်ဖြစ်သည်။ ထို့အပြင် ၂၀၂၈ ခုနှစ်တွင် အာကာသထဲသို့ စေလွှတ်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာအာကာသယာဉ်မှူးများကို ရွေးချယ်လေ့ကျင့်ပေးမည့် အစီအစဉ်များလည်း ပါဝင်သည်။
ဩဂုတ်လ ၁၈ ရက်က မော်စကိုရှိ ကရင်မလင်နန်းတော်တွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် ခေါင်းစဉ်များတွင် စွမ်းအင်ကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။
မြန်မာပိုင် ကမ်းနီးရေတိမ်ပိုင်းပင်လယ်ပြင်အပါအဝင် မြန်မာနိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ ပါဝင်ရန် ပြင်ဆင်ထားကြောင်း၊ မော်စကိုအနေဖြင့် ရုရှားမှ သဘာဝဓာတ်ငွေ့ရည်များကို မြန်မာနိုင်ငံသို့ တင်ပို့ရန်နှင့် ၎င်းမှတဆင့် တတိယနိုင်ငံများသို့ ဆက်လက်ပို့ဆောင်ပေးရန်ကိုလည်း စတင်စဉ်းစားလျက်ရှိကြောင်း ပူတင်က ပြောသည်။

ရုရှားခရီးစဉ်အတွင်း ဆွေးနွေးပွဲများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် အဏုမြူစွမ်းအင်ကိစ္စများလည်း ပါဝင်ကြောင်းစစ်ခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကလည်း စစ်တပ် ထိန်းချုပ် မီဒီယာများကို ပြောသည်။
တနင်္သာရီတိုင်းတွင် တည်ဆောက်ရန် လျာထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း၌ LNG စက်ရုံတလုံး တည်ဆောက်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ထိုနေရာမှတဆင့် LNG နှင့် သဘာဝဓာတ်ငွေ့များကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဟု ၎င်းက ပြောသည်။
အကယ်၍ ဖော်ပြထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ပါက ယင်းစီမံကိန်းကြောင့် ရုရှားသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးအတွက်သာမက ထားဝယ်ကို ဒေသတွင်း စွမ်းအင်တင်ပို့မှု ဗဟိုဌာနတခု ဖြစ်လာစေရေးအခြေအနေတွင်ပါ အရေးပါသည့် ဇာတ်ကောင် ဖြစ်လာမည်ဖြစ်သည်။
သို့သော် အရေးကြီးသော အသေးစိတ်အချက်အလက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုပြုထားသည့် စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်း၊ ကုန်ကျစရိတ်၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ တည်ဆောက်မည့် အချိန်ကာလအပိုင်းအခြား သို့မဟုတ် စက်ရုံပြီးစီးပါက ဖြစ်တန်ခြေ ဝယ်လက် စသည်တို့နှင့် ပတ်သက်သည့် နှစ်ဖက် တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါ။

၂၀၂၈ ခုနှစ်တွင် အာကာသထဲတက်မည့် မြန်မာအာကာသယာဉ်မှူး
အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အခြားသော စိတ်ဝင်စားဖွယ် အဆိုပြုချက်တခု ဖြစ်ခဲ့သည်။
၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူးတဦး အာကာသထဲသို့ စေလွှတ်မည့် အစီအစဉ် အပါအဝင် အာကာသနှင့် ဂြိုဟ်တုနည်းပညာ နယ်ပယ်လေးခုတွင် မြန်မာနှင့် ရုရှားတို့ နားလည်မှုရရှိခဲ့သည်ဟု ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။
ဦးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (Roscosmos) ညွှန်ကြားရေးမှူးချုပ် ဒီမီထရီ ဘာကာနော့ဗ်တို့ တွေ့ဆုံစဉ် မြန်မာအာကာသအေဂျင်စီနှင့် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်းတို့ မြန်မာအာကာသယာဉ်မှူးများကို ရွေးချယ်လေ့ကျင့်ပေးရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စ ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်လုံးသည် မြန်မာနိုင်ငံ၌ ဂြိုဟ်တုဆက်သွယ်ရေး စက်ရုံများ တည်ဆောက်ရန် ဆွေးနွေးခဲ့ကြရာ ယင်းတို့မှာ ဂြိုဟ်တုအခြေပြု ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစခန်းတခု၊ ကမ္ဘာ့ တည်နေရာပြ ဂြိုဟ်တုကွန်ရက်စနစ် (GNSS) စခန်းတခုနှင့် ကမ္ဘာ့မြေမျက်နှာပြင်နှင့် အနီးကပ်တွင် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များ စောင့်ကြည့်မည့် စက်ရုံတခု တို့ဖြစ်သည်။
၎င်း အစီအစဉ်များတွင် ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး ရုပ်ပုံနည်းပညာ၊ ဆက်သွယ်ရေးနည်းပညာနှင့် နာနိုဂြိုဟ်တုများ တည်ဆောက်ရေးနှင့် လွှတ်တင်ရေးတို့အထိ ပါဝင်သည်။
အာကာသထဲ စေလွှတ်မည့် မြန်မာအာကာသယာဉ်မှူးလောင်း မည်သူဖြစ်မည်ကို နှစ်ဖက် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို မည်သည့် အာကာသယာဉ်ကို အသုံးပြုမည်၊ အစီအစဉ်အတွက် ကုန်ကျစရိတ် မည်မျှရှိမည် သို့မဟုတ် ဘဏ္ဍာငွေ မည်သို့ စိုက်ထုတ်မည်ဆိုသည်ကိုလည်း ထုတ်ပြန်ထားခြင်း မရှိပါ။
အဓိကမဏ္ဍိုင် ဖြစ်နေဆဲ ရုရှားလက်နက်များ
စွမ်းအင်နှင့် အာကာသကဏ္ဍသို့ တိုးချဲ့ဆောင်ရွက်မှုများသည် စစ်ရေးအရ အခိုင်မာဆုံး တည်ဆောက်ထားသည့် ဆက်ဆံရေးအပေါ်၌ အခြေခံထားခြင်းဖြစ်သည်။
ရုရှားသည် မြန်မာစစ်ဘက် ဝန်ထမ်း ထောင်ပေါင်းများစွာကို လက်ခံလေ့ကျင့်သင်ကြားပေးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း မြန်မာစစ်တပ်အား အဓိက လက်နက်စနစ်များကို ထောက်ပံ့ပေးခဲ့သည်။
စစ်လက်နက်ဝယ်ယူမှု စောင့်ကြည့်သည့် ဆွီဒင်နိုင်ငံ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ၏ အချက်အလက်များအရ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ နှစ်ခန့်အတွင်း မြန်မာနိုင်ငံသည် ရုရှားလုပ် MiG-29 နှင့် Su-30 တိုက်လေယာဉ်များ၊ Yak-130 လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးလေယာဉ်များ၊ Mi-17 နှင့် Mi-24 ရဟတ်ယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ သံချပ်ကာ ကင်းထောက်ယာဉ်များ၊ ရုရှားလုပ် လေယာဉ်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်များကို ဝယ်ယူရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရုရှားက မြန်မာစစ်တပ်ကို လက်နက်ကိရိယာများ ထောက်ပံ့ပေးနေခြင်းသည် စစ်ကောင်စီကို ရင်ဆိုင်နေကြသည့် တော်လှန်ရေးရဲဘော်များအတွက် တိုက်ရိုက်ဆိုးကျိုးများ ရှိနေသည်။
“တနေ့တနေ့ လာလာကြဲနေတဲ့ တိုက်လေယာဥ်တွေအများစုက ရုရှားတိုက်လေယာဥ်တွေပဲ၊ စစ်ကောင်စီမြေပြင်တပ်တွေကို လေကြောင်းပစ်ကူပေးတဲ့ ရဟတ်ယာဥ်ပေါ်က ပစ်တဲ့ ရော့ကတ်လောင်ချာတွေအများစုကလည်း ရုရှား သို့မဟုတ် တရုတ်ပြည်ကပဲ ဝယ်ထားတဲ့ဟာတွေ” ဟု စစ်တပ်တွင် ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် CDM လုပ်လာခဲ့သည့် ရေတပ် အင်ဂျင်နီယာဟောင်း အသက် ၃၉ နှစ်အရွယ် ကိုမြတ်မင်းသူက Myanmar Now ကို ပြောသည်။
ရေတပ်တွင် တပ်ကြပ်ကြီးရာထူး ထမ်းဆောင်ခဲ့သူ ၎င်းသည် ယခုအခါ ထိုင်း- မြန်မာနယ်စပ်အနီး ကရင်တောတွင်းတနေရာ၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အဖြစ် တိုက်ပွဲဝင်နေသူလည်း ဖြစ်သည်။
မြေပြင်တပ်ဖွဲ့များအား စစ်တပ်၏ ရဟတ်ယာဉ်များက ပစ်ကူပေးရာတွင် ထိုရဟတ်ယာဉ်များတွင် အသုံးပြုသည့် ဒုံးကျည်များနှင့် အခြားခဲယမ်းများကို ရုရှားမှ တင်သွင်းခြင်းဖြစ်ကြောင်း ကိုမြတ်မင်းသူက ပြောသည်။
ဇူလိုင်လအတွင်းက ရုရှားစစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၂၀ ဦး ခန့်သည် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နှစ်ပတ်နီးပါးကြာ Tiger- 2026 စစ်ရေးလေ့ကျင့်မှုတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြပြီး ယင်းလေ့ကျင့်မှုတွင် ရုရှားလုပ် သေနတ်များ၊ ဒရုန်းများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းများပါဝင်သည့် သရုပ်ပြပွဲများ ပါဝင်ခဲ့သေးသည်။



