
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အဝင်တွင် လမ်းသွားလမ်းလာကားများကို တားကာ အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေသည့် စစ်သားနှင့် ယာဉ်ထိန်းရဲများကို ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ဆိုသည်။
ကျောက်ဆည်မြို့မြောက်ဘက်ရှိ ရန်ကုန် – မန္တလေးလမ်းဆုံရာတွင် စစ်သားနှင့် ယာဉ်ထိန်းရဲများ ပါသည့် အုပ်စုကို နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သားတစ်ဦးသေဆုံးပြီး ယာဉ်ထိန်းရဲနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသည်ဟု KDDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီအဖွဲ့က နေ့စဉ်နီးပါးပဲ၊ ကားတွေကို တားတယ်၊ ဆက်ကြေးတောင်းတယ်။ အရှည်ကိုင် စစ်သားနှစ်ယောက်က အစောင့်လိုက်ပြီးတော့ မော်တော်ပီကယ် ၇ ယောက်လောက်က ကားတွေတားတာ။ သူတို့ ပြန်ဖို့ လူစုနေချိန်၊ ဆိုင်ကယ်တွေစုထားတဲ့နေရာမှာ ထောင်ခွဲခဲ့တာပါ” ဟု ၎င်းက ပြောသည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့် စစ်သားတစ်ဦး ဦးခေါင်းပွင့်ကာ နေရာမှာပင် သေဆုံးကြောင်း၊ ယာဉ်ထိန်းရဲနှစ်ဦးလည်း မျက်နှာ၌ ဒဏ်ရာအပြင်းအထန်ရရှိသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုနှင့် စစ်သားတစ်ဦး သေဆုံးကာ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိသည်ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
“ဖြစ်တဲ့နေရာက မြိုရှောင်လမ်းထိပ်ဆိုပေမဲ့ မြို့နဲ့ဝေးတယ်၊ လူနေရပ်ကွက်လိုမျိုးလည်း အဲဒီနားမှာ မရှိတဲ့အတွက် တိုက်ခိုက်ခံရတယ်လို့ပဲ ကြားတယ်။ ဘယ်လိုထိခိုက်တယ် ဘာတယ်တော့ မသိရဘူး။ တိုက်ခိုက်ခံရပြီးတော့မှ စစ်ကားတွေနဲ့ လူနာတင်ကားတချို့ ရောက်လာတယ်လို့တော့ ကြားတယ်” ဟု ကျောက်ဆည်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ကျောက်ဆည်မြို့ ဝင်ထွက်ပေါက်များတွင် လက်နက်ကိုင် စစ်သားနှင့် ရဲများ စောင့်ကြပ်သည့် စစ်ဆေးရေးဂိတ်များအပြင် စစ်သား၊ ရဲနှင့် ယာဉ်ထိန်းရဲပါဝင်သော အဖွဲ့ငယ်များဖြင့်လည်း နေရာရွှေ့ကာ ရွေ့လျားစစ်ဆေးလေ့ရှိသည်ဟု ထိုအမျိုးသမီးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကားများရောက်လာကာ ပိတ်ဆို့ စစ်ဆေးခဲ့သော်လည်း ၎င်းတို့အဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု KDDF ပြန်ကြားရေးအဖွဲ့ဝင်က ဆိုသည်။
မန္တလေးမြို့နှင့် အနီးဝန်းကျင် မြို့ရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသူ ပြည်သူများကို တားဆီးကာ ဖုန်းများစစ်ဆေးခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ စစ်ဆေးခြင်းများ ရှိနေပြီး အကြောင်းအမျိုးမျိုးပြ ငွေတောင်းခြင်းများလည်း ရှိနေသည်။
ယခုလဆန်းပိုင်းမှစ၍ စစ်သား၊ ရဲနှင့် ယာဉ်ထိန်းရဲ ၁၀ မှ ၁၅ ဦးအထိ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့များ ပိုမိုတွေ့ရှိလာရသည်ဟု မန္တလေးမြို့ခံများက ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)