အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အိမ်နီးချင်းနိုင်ငံတို့၏ စီးပွားရေးအိပ်မက် နေပြည်တော် သဘောတူရုံဖြင့် မပြီးနိုင်သည့်အခါ …

စစ်တပ်အစိုးရ၏ တရားဝင်အာဏာနှင့် မြေပြင်ထိန်းချုပ်နိုင်စွမ်းကြား ကွာဟချက် ကြီးမားနေချိန်တွင် အိမ်နီးချင်းနိုင်ငံများ၏ နေပြည်တော်နှင့် ညှိနှိုင်းမှု အောင်မြင်ဖွယ်ရှိ မရှိမှာ မေးစရာ ဖြစ်လာသည်။

တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့က စစ်တပ်ကျောထောက်နောက်ခံပြု နေပြည်တော်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နေသော်လည်း ၎င်းတို့လိုအပ်သည့် ကုန်သွယ်ရေးလမ်းကြောင်းအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် သို့မဟုတ် အားပြိုင်နေသည့် နယ်မြေများထဲတွင် ရှိနေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံတို့ လိုလားသည့် လမ်းကြောင်းများ လုံခြုံစွာ လည်ပတ်နိုင်ရေးမှာ စစ်တပ်တစ်ဖွဲ့တည်း၏ ဆုံးဖြတ်ချက်ဖြင့် မပြီးနိုင်တော့ပေ။

မြန်မာ့ပဋိပက္ခ နောက်ဆုံးအခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ သုတေသနအဖွဲ့ ACLED ၏ ခန့်မှန်းချက်အရ အာဏာသိမ်းပြီးနောက်ငါးနှစ်ကျော်အတွင်း ထိခိုက်သေဆုံးရသူ တစ်သိန်းကျော်ရှိ လာပြီဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကလည်း စစ်ဝတ်စုံမှ အရပ်သားအမည်ခံ နိုင်ငံရေးအခင်းအကျင်းသို့ ပြောင်းလဲရန် ကြိုးပမ်းလာချိန်တွင် အိမ်နီးချင်းနိုင်ငံများက ထိုအပြောင်းအလဲကို လိုက်လျောညီထွေ တုံ့ပြန်လာကြသည်။

ပြီးခဲ့သည့် မေလတွင် အိန္ဒိယနိုင်ငံက သမ္မတရာထူးယူထားသည့် စစ်ခေါင်းဆောင်ကို ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လက်ခံတွေ့ဆုံခဲ့သည်။ ဇွန်လတွင် တရုတ်နိုင်ငံကလည်း ၎င်းကို ငါးရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဧည့်ခံခဲ့သည်။ ဇူလိုင်လဆန်းတွင် ၎င်းသည် အာဆီယံအဖွဲ့ဝင် လာအိုနိုင်ငံသို့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး နိုင်ငံတော်အဆင့် ကြိုဆိုမှု ရရှိခဲ့သည်။

ထိုလထဲတွင်ပင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။ အာဆီယံအထူးကိုယ်စားလှယ်ကလည်း ထိုင်းနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် စစ်ကောင်စီဘက်က ဖွဲ့ထားသည့် ဆွေးနွေးရေးကော်မတီတို့ကို သီးခြားစီ တွေ့ဆုံခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အပေါ်ယံကြည့်လျှင် နေပြည်တော်အစိုးရသည် ဒေသတွင်း စီးပွားရေးနှင့် သံတမန်ရေးစင်မြင့်ထက်သို့ ပြန်လည်ဝင်ရောက်လာပုံရသည်။ သို့သော် ပိုမိုသေချာကြည့်လျှင် ထူးခြားသော ဆန့်ကျင်ဘက်အခြေအနေ တစ်ခုကို တွေ့ရသည်။

ဒေသတွင်း အင်အားကြီးနိုင်ငံများက အဝေးပြေး လမ်းမကြီးများ၊ ပိုက်လိုင်းများနှင့် နယ်စပ်ဂိတ်များအတွက် နေပြည်တော်အခြေစိုက် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရနှင့် ညှိနှိုင်းနေကြသော်လည်း မြေပြင်တွင် စစ်တပ်သည် အရေးပါသော လမ်းကြောင်းအများအပြားကို လုံခြုံစွာထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ထိုဆန့်ကျင်ဘက်အခြေအနေကို ဇူလိုင်လတွင် ပိုမိုထင်ရှားစွာ တွေ့ရသည်။ ထိုအချိန်တွင် စစ်ခေါင်းဆောင်က အိန္ဒိယ၏ ကုလားတန်စီမံကိန်း၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနှင့် တရုတ်- မြန်မာ စီးပွားရေးစင်္ကြံတို့ကို ဆက်လက်အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။

ကုလားတန်စီမံကိန်းသည် ကုန်းတွင်းပိတ်နေသည့် အိန္ဒိယအရှေ့မြောက်ပိုင်းကို ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးက အိန္ဒိယနှင့် ထိုင်းကို မြန်မာနိုင်ငံမှတဆင့် ချိတ်ဆက်မည်ဖြစ်ပြီး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်မည်ဖြစ်သည်။

ထိုလမ်းကြောင်းများတွင် လုံခြုံရေး အပြည့်အဝရရှိသည်နှင့် တည်ဆောက်ရေးလုပ်ငန်းများ စတင်သင့်ကြောင်း ဗိုလ်မင်းအောင်လှိုင်က ဝန်ကြီးများကို ပြောခဲ့သည်။ သို့သော် လုံခြုံရေးသည် ထိုစီမံကိန်းများအတွက် သာမန် အောက်ခြေမှတ်စုမဟုတ်။ အဓိကပြဿနာဖြစ်သည်။

**တရားဝင်အာဏာ၏ ကန့်သတ်ချက်များ**

“မြန်မာနိုင်ငံမှာ နယ်မြေထိန်းချုပ်မှုကို အကဲဖြတ်ဖို့ ခက်ခဲလေ့ရှိပါတယ်” ဟု နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group)​၏ အကြီးတန်းအကြံပေး သောမတ်စ် ကိန်းက ပြောသည်။

စစ်တပ်သည် မြို့ကြီးအများအပြားနှင့် အရေးပါသော အဝေးပြေးလမ်းမကြီးများကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းများကို ကြည့်ပါက မတူညီသော မြေပုံတစ်ခုတွေ့ရကြောင်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသအများစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်”ဟု ကိန်းက ပြောသည်။

ထို့အပြင် ထိုအဖွဲ့များသည် “အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ နယ်စပ်ဂိတ်အများအပြားကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်တယ်” ဟုလည်း ၎င်းက ထောက်ပြသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းအထိ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ အရေးပါသော အစိတ်အပိုင်းများသည် အာရက္ခတပ်တော်(AA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိန်းချုပ်ထားသော နယ်မြေများထဲမှ ဖြတ်သန်းသွားသည်။

တရုတ်နိုင်ငံသို့ သွားသည့် မန္တလေး- လားရှိုးလမ်းနှင့် ထိုင်းနိုင်ငံသို့ သွားသည့် ကော့ကရိတ်- မြဝတီလမ်းတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း “တရားဝင်ကုန်သွယ်မှုတွေ ပြန်မစနိုင်သေးပါဘူး” ဟု ကိန်းက ဆိုသည်။

အကြောင်းရင်းမှာ လက်နက်ကိုင်အဖွဲ့များက ကုန်သွယ်ရေးလမ်းကြောင်းအချို့ကို ထိန်းချုပ်ထားဆဲ (သို့မဟုတ်) အနှောင့်အယှက်ပေးနိုင်စွမ်း ရှိနေသေးသောကြောင့် ဖြစ်သည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက မြန်မာ့ပဋိပက္ခအခြေအနေကို “မဟာဗျူဟာအရ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ” ဟု သုံးသပ်သည်။

စစ်တပ်သည် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာခြင်း၊ စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းခြင်းနှင့် နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်ခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ISP- Myanmar ၏ ခန့်မှန်းချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများသည် နိုင်ငံ၏ ၃၈ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားဆဲဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အတိုက်အခံ အင်အားစု အားလုံးကို အပြုတ်တိုက် မောင်းနှင်ထုတ်ပစ်လိုက်ဖို့ဆိုတာ ခက်ဦးမယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

စစ်တပ်ဘက်က ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ဖိအားပေးဆွဲခေါ်ရန် ကြိုးပမ်းနိုင်သော်လည်း “ပြောက်ကျား ပစ်တာ၊ ပွဲသေးလေးတွေတိုက် အမှည့်ချွေစစ်ပွဲလုပ်တာ၊ ကြောင်နဲ့ ကြွက်လို ပြေးလိုက်တိုက်လိုက် စစ်ပွဲတွေတော့ ရှိနိုင်ပါတယ်” ဟု ၎င်းက ခန့်မှန်းသည်။

နိုင်ငံတော်ယန္တရားအနေဖြင့် ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ လေတပ်နှင့် မြို့ကြီးများကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားသည်။ ဦးအောင်သူငြိမ်းက ထိုအချက်ကို “အာဏာလက်ရှိသူတွေရဲ့ အားသာချက်” ဟု ရည်ညွှန်းသည်။

သို့သော် တရားဝင်အာဏာရှိခြင်းနှင့် လုံခြုံချောမွေ့စွာ ကူးသန်းသွားလာ လည်ပတ်နိုင်ခြင်းတို့မှာ မတူညီတော့ပေ။

သောမတ်စ် ကိန်းက “ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကုန်သွယ်မှုတွေ ရပ်တန့်သွားအောင် ဝင်ရောက်တိုက်ခိုက်ဖို့ မခက်ခဲပါဘူး” ဟု ဆိုသည်။

**ကုန်သွယ်ရေးလမ်းကြောင်းများကို ဘယ်သူထိန်းချုပ်**

ရခိုင်ပြည်နယ်သည် ထိုပထဝီဝင်အပြောင်းအလဲသစ်ကို အထင်ရှားဆုံး ပြသနေသည်။

သောမတ်စ် ကိန်း၏ ခန့်မှန်းချက်အရ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး စစ်တပ်သည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့် နယ်မြေအနည်းစုကိုသာ ဆက်လက်ထိန်းထားနိုင်သည်။

ကျောက်ဖြူသည် တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ တည်ဆောက်ရန် စီစဉ်ထားသည့် ရေနက်ဆိပ်ကမ်းတို့၏ အဓိကအခြေစိုက်ရာဖြစ်သည်။ စစ်တွေမှာ အိန္ဒိယ၏ ကုလားတန်စီမံကိန်းအတွက် ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ဖြစ်သည်။

“အာရက္ခတပ်တော်အနေနဲ့ စစ်တပ်ကို အပြီးတိုင် မောင်းထုတ်နိုင်မယ့်ပုံ မရသလို၊ နေပြည်တော်ကလည်း လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို နည်းနည်းပဲဖြစ်ဖြစ် ပြန်သိမ်းနိုင်မယ့်ပုံ မပေါ်ပါဘူး” ဟု ကိန်း က ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ရခိုင်ပြည်နယ်သို့ ဝင်ရောက်သည့် လမ်းကြောင်းများပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်တပ်သည် ကုန်းလမ်းဝင်ပေါက်များ ပြန်ဖွင့်နိုင်ရန်နှင့် AA ၏ ရိက္ခာထောက်ပို့ လမ်းကြောင်းများ ဖြတ်တောက်ရန် ကြိုးစားရာတွင် လေကြောင်းအင်အားကို အဓိက အသုံးပြုနေသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျောက်ဖြူဒေသခံတစ်ဦးက သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းနှင့် ယူနန်သို့ ပို့လွှတ်ခြင်းများမှာ “တခါမှ ရပ်တန့်သွားတာမျိုး မရှိဘူး” ဟု ပြောသည်။

၎င်း၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်တွင် AA တပ်များ ရှေ့တိုးလာချိန် ပိုက်လိုင်းလမ်းကြောင်းကို ပံ့ပိုးသည့် စက်ရုံများ၌ တရုတ်လက်နက်ကိုင်လုံခြုံရေးများ တွေ့ရပြီး နောက်ပိုင်းတွင် မဒေးကျွန်းသို့ ပြောင်းရွှေ့သွားသည်။ တရုတ်၏ ဖိအားကြောင့် AA က စက်ရုံများအနီးမှ နောက်ဆုတ်ပေးခဲ့သည်ဟု ထိုဒေသခံက ယူဆသည်။

ပိုက်လိုင်းများ ဆက်လက်လည်ပတ်နိုင်နေခြင်းသည် ဘေဂျင်းအနေဖြင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုနေကြောင်း ပြသနေသည်။ ၎င်းတွင် အာဏာပိုင်အဖွဲ့အစည်း တစ်ခုတည်း နှင့်သာ မဟုတ်ဘဲ မြေပြင်တွင် လက်တွေ့ထိန်းချုပ်နိုင်သူများနှင့်ပါ ဆက်သွယ်လုပ်ဆောင်ခြင်း ပါဝင်နိုင်သည်။

“တရုတ်ရဲ့ မူဝါဒက အဓိကအားဖြင့် သူတို့ ဘယ်လောက် ဝင်ထွက်သွားလာပြီး လုပ်ငန်းလည်ပတ်နိုင်မလဲဆိုတဲ့ အပေါ်မှာ အခြေခံပါတယ်” ဟု ကော်နဲလ်တက္ကသိုလ် အရှေ့တောင်အာရှအစီအစဉ်မှ ဧည့်သုတေသီ ကိုအောင်သူရကိုကိုက ပြောသည်။

“ဘေဂျင်းဟာ မြေပြင်မှာ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ ဘယ်သူနဲ့မဆို လက်တွဲလုပ်ဆောင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်သည် ဗိုလ်မင်းအောင်လှိုင်၏ အစိုးရကို တရားဝင် ကျောထောက်နောက်ခံပြုထားသော်လည်း “တိုက်ပွဲတွေရပ်ဖို့ ဒါမှမဟုတ် သူတို့ရထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ဖို့ AA ကို ရိုးရိုးရှင်းရှင်း အမိန့်ပေးလို့ မရပါဘူး” ဟု ကိုအောင်သူရကိုကိုက ထပ်ပြောသည်။

သောမတ်စ် ကိန်းကလည်း  ဘေဂျင်းသည် “အခြေခံအားဖြင့် နေပြည်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အင်အားချိန်ခွင်လျှာ ညီမျှအောင် ကြိုးစားနေတာပါ” ဟု သုံးသပ်သည်။

အိန္ဒိယကမူ ထိုအခြေအနေသစ်နှင့် လိုက်လျောညီထွေ ပြောင်းလဲရန် နှေးကွေးနေသည်။ ကုလားတန်စီမံကိန်းဆိုင်ရာ တရားဝင်စာချုပ်များသည် နေပြည်တော်နှင့်သာ ဆက်လက်တည်ရှိနေသည့်အတွက် နယူးဒေလီအတွက် ဗဟိုအစိုးရနှင့် ဆက်ဆံရန် အကြောင်းပြချက်ဖြစ်နေသည်။

“လက်ရှိ အိန္ဒိယရဲ့ မြန်မာ့အရေးမှာ သူ့အကျိုးစီးပွား ထိခိုက်မှာ စိုးရိမ်သလားဆိုရင် စိုးရိမ်ပါတယ်” ဟု အိန္ဒိယအခြေစိုက် လူထုအဖွဲ့အစည်း India for Myanmar ကို တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“မြန်မာပြည်မှာ တရုတ်လွှမ်းမိုးမှု လျှော့ချင်သလားဆိုရင် အရမ်းလိုချင်ပါတယ်။ ဒါပေမဲ့ ရှင်းလင်းတဲ့ မူဝါဒ ချမှတ်ထားသလားဆိုရင် မချမှတ်ထားပါဘူး” ဟု ၎င်းက ဆိုသည်။

အိန္ဒိယ အစိုးရ တာဝန်ရှိသူများသည် တိုင်းရင်းသားအဖွဲ့များ၊ တော်လှန်ရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံနေသော်လည်း ထိုဆက်ဆံရေးများမှာ အကွဲကွဲအပြားပြား ဖြစ်နေပြီး ခိုင်မာသော မြန်မာ့မူဝါဒတစ်ခုထက် နယ်စပ်ရေးရာနှင့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကိုသာ အဓိကထားနေသည်ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

ကိုအောင်သူရကိုကိုကမူ နယူးဒေလီ၏ ရွေးချယ်စရာကို ပိုမိုရှင်းလင်းစွာ ထောက်ပြသည်။

“အဓိက ရွေးချယ်ရမှာက အာဏာရေချိန် အပြောင်းအလဲအသစ်အပေါ် လိုက်လျောညီထွေ လုပ်ဆောင်မလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံအနောက်ပိုင်းမှာ မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးနိုင်မှုကို လက်လွတ်ခံမလားဆိုတာပါပဲ” ဟု ၎င်းက ပြောသည်။

ထိုမြေပြင်အုပ်ချုပ်နိုင်စွမ်း ကွာဟချက်ကို ချင်းပြည်နယ်တွင်လည်း တွေ့ရသည်။

စစ်တပ်သည် ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်တည်ရှိရာ မဟာဗျူဟာအရ အရေးပါသည့် မြောက်ပိုင်းချင်းမြို့ ဖလမ်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် စစ်တပ်၏ ထိန်းချုပ်မှုသည် မြို့ပြင်ပ ပတ်ဝန်းကျင်အထိ မသက်ရောက်သေးသည့်အပြင် လေဆိပ်ကို ပြန်ဖွင့်ရန်လည်း လုံခြုံရေးအရ စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ချိတ်ဆက်ထားသည့် ရိဒ်ခေါဒါရ်- တီးတိန် ကုန်သွယ်ရေးလမ်းကြောင်းမှာ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေသည်။

“လက်တွေ့မှာတော့ အခုအခြေအနေရော အနာဂတ်မှာရော တချို့ဒေသတွေကို စစ်တပ်ဘက်က ထိန်းချုပ်တဲ့အချိန် ရှိမယ်၊ တချို့အချိန်တွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်ထိန်းချုပ်မယ်”ဟု ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများကို နည်းပညာအကူအညီပေးနေသည့် ဆလိုင်းဂျေးကော့ဘ်ထန်က ပြောသည်။

“နယ်မြေထိန်းချုပ်နိုင်စွမ်းက ဟိုဘက်ဒီဘက် အပြန်အလှန် ပြောင်းလဲနေဦးမှာပါ” ဟု ၎င်းက ဆိုသည်။

ခြုံငုံကြည့်လျှင် ဗိုလ်မင်းအောင်လှိုင်၏ သံတမန်ရေးရာ ပြန်လည်လှုပ်ရှားမှုများသည် လက်တွေ့အကျိုးရလဒ်အချို့ ရှိလာသည်။ ၎င်း၏ အစိုးရသည် သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်သည်၊ စာချုပ်များ ချုပ်ဆိုနိုင်သည်၊ ဖျက်ဆီးနိုင်စွမ်းကြီးမားသော တပ်ဖွဲ့များကိုလည်း စေလွှတ်နိုင်သည်။

သို့သော် အိမ်နီးချင်းနိုင်ငံများအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးသည် နေပြည်တော်တစ်ခုတည်းနှင့်သာ မပြီးနိုင်တော့ပေ။ တစ်ဖက်တွင် စစ်ခေါင်းဆောင်နှင့် တရားဝင်ဆက်ဆံရေး ထိန်းသိမ်းနေကြသော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့လိုချင်သည့် လမ်းကြောင်းများကို လက်တွေ့ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း နှစ်ဖက်လမ်းကြောင်းဖြင့် ဆက်ဆံနေကြသည်။

တရားဝင်အာဏာသည် နေပြည်တော်တွင် ဗဟိုပြုနေဆဲဖြစ်သော်လည်း မြေပြင်ထိန်းချုပ်မှုနှင့် လုပ်ငန်းလည်ပတ်နိုင်စွမ်းမှာ တောင်ပေါ်လမ်းများ၊ မြစ်ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များနှင့် ပိုက်လိုင်းလမ်းကြောင်းများပေါ်တွင် အားပြိုင်နေသည့် အဖွဲ့များအကြား ဆက်လက်ခွဲဝေတည်ရှိနေသည်။

ထိုအခြေအနေကို ကိုအောင်သူရကိုကိုက အတိုချုပ် သုံးသပ်ထားသည်။

“စစ်အစိုးရဟာ ဖျက်ဆီးနိုင်စွမ်း ရှိနေသေးပေမယ့် အုပ်ချုပ်ဖို့နဲ့ နယ်မြေထိန်းသိမ်းထားနိုင်ဖို့ စွမ်းရည်ကတော့ အများကြီး ကန့်သတ်ချက် ရှိနေပါပြီ” ဟု ၎င်းက ပြောသည်။

(Democracy Asia မဂ္ဂဇင်း ဩဂုတ်လထုတ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် Myanmar: state of control ဆောင်းပါးကို စာရေးသူကိုယ်တိုင် ဆီလျော်အောင် မြန်မာပြန်ဆိုထားသည်။ ဝါရှင်တန်အခြေစိုက် မြန်မာသတင်းစာဆရာ ငြိမ်းချမ်းအေးသည် ယခင်က BBC နှင့် Voice of America တို့တွင် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနှင့် ဒေသတွင်းရေးရာများကို ရေးသားနေသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button