အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အာဆီယံခေါင်းဆောင်မှု လမ်းဆုံလမ်းခွသို့ ရောက်လာသော မြန်မာ့ပြဿနာ

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို အာဆီယံနိုင်ငံ အများအပြားက ထိတွေ့နေကြခြင်းသည် အာဆီယံတူညီဆန္ဒ ၅ ရပ်ကို စစ်အုပ်စုအလိုကျ စွန့်လွှတ်ရန် ပြင်ဆင်နေကြခြင်းဟုတ်မဟုတ် မကြာမီ အဖြေပေါ်မည်ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် ရပ်နီးရပ်ဝေး အင်အားကြီးနိုင်ငံများ၏ ထောက်ခံအသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုလက်ခံရေးမှာ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုက အဓိက ကျပါသည်။

အတုအယောင်ရွေးကောက်ပွဲမှတဆင့် ကိုယ်တိုင်ခန့် သမ္မတတုရာထူးဖြင့် မင်းအောင်လှိုင်သည် ကမ္ဘာပတ်၍ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ပြီးဆုံးသွားပြီ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်း နေပါပြီဟု ပြောဆိုနေသော်ငြားလည်း စည်းမျဉ်းအခြေပြု ကမ္ဘာ့အဖွဲ့အစည်းကြီးများဖြစ်သော ကုလသမဂ္ဂနှင့် အာဆီယံတွင် မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ကို လက်ရှိအချိန်ထိ ရယူနိုင်ခြင်းမရှိသေးပါ။ သို့သော် အာဆီယံနိုင်ငံအချို့၏ ဖိတ်ကြားခြင်းခံရသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးခြေလှမ်းများ အတိုင်းအတာတစ်ခုအထိ လှမ်းနိုင်ခဲ့သည်ကို တွေ့မြင်သည်။ 

အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံ တို့က မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံက မင်းအောင်လှိုင်ကို အရေးယူခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးများ ရပ်တန့်ခဲ့ရာမှ အကျိုးစီးပွားအခြေခံ ရပ်တည်ချက် အပြောင်းအလဲများ ပြုလုပ်ခဲ့ကြသည်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်း၏ သဘောထားဖြင့် မင်းအောင်လှိုင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ရွေးချယ်နေကြခြင်းက လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး တံခါးဝဆီသို့ မင်းအောင်လှိုင်ကို အရောက်ပို့ဆောင်ပေးနေသော ခြေလှမ်းများလား ဆိုသည့်မေးခွန်းအတွက် မကြာမီ အဖြေပေါ်လာပါလိမ့်မည်။

မြန်မာ့ပြဿနာဖြေရှင်းရန်အာဆီယံဗဟိုပြုမှုကျဆုံးခြင်းလား

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု တကျော့ပြန် ဖြစ်ပွားစဉ် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ဆောင်ရွက်မှုများသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်က တုံ့ပြန်မှုများနှင့်ကွဲပြားခဲ့သည်။ ဤတစ်ကြိမ် မြန်မာ့ပြဿနာကို ဦးဆောင်ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂကို ဗဟိုပြုခြင်းထက်၊ အာဆီယံ အသင်းကြီးကို ဗဟိုပြုလာကြသည်ကို ကုသလမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအစိုးရများ၏ အာဆီယံ “တူညီဆန္ဒ ၅ရပ်” ကို ဝိုင်းဝန်းထောက်ခံခဲ့ကြခြင်းက ထင်ရှားသည်။ တနည်းအားဖြင့် အာဆီယံ ဗဟိုပြု (ASEAN Centrality) မူဝါဒနှင့်အညီ အာဆီယံဦးဆောင်ဖြေရှင်းရေးယန္တရား တည်ဆောက်ခဲ့သည်။

အာဆီယံအသင်းကြီးအနေဖြင့်လည်း မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုသည် အာဆီယံပဋိညာဉ်                စာတမ်းပါ အခြေခံမူများကို ဖောက်ဖျက်ခဲ့သည်ဟု သတ်မှတ်ခဲ့ကြပြီး၊ မြန်မာ့ပြဿနာကို အာဆီယံဗဟိုပြုမှု မူဝါဒအရ ဦးဆောင်ကိုင်တွယ်ဖြေရှင်းရန် အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အာဆီယံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး၊ “တူညီဆန္ဒ ၅ ရပ်” ချမှတ်ခဲ့ခြင်းသည် အာဆီယံ၏ ဦးဆောင်မှုကို ပြသလိုက်ခြင်းဖြစ်သည်။ 

ထိုအချိန်ကတည်းက တူညီဆန္ဒ ၅ ရပ်သည် အာဆီယံ၏  မြန်မာ့အရေး ဖြေရှင်းမည့် အခြေခံမူများ ဖြစ်လာရုံမျှမက၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန် စသည့် ကမ္ဘာ့အရှေ့နှင့် အနောက်ခြမ်း နိုင်ငံများအားလုံးက လက်ခံထားသော ပြဿနာဖြေရှင်းရေး ယန္တရား ဖြစ်လာသည်။ တနည်းအားဖြင့် မင်းအောင်လှိုင်ကို လက်ခံသောနိုင်ငံများနှင့် ဆန့်ကျင်သောနိုင်ငံများအားလုံး တူညီဆန္ဒ ၅ ရပ်ကို ထောက်ခံကြသည့် ဘုံရပ်တည်ချက် သဘောထား ရှိကြသည်။ 

ထို့ကြောင့် အာဆီယံသည် တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်ရန် ပို၍တာဝန်ကြီးမားလာခဲ့ပြီး၊ မင်းအောင်လှိုင် လိုက်နာအကောင်အထည်ဖော်ရန် လွန်ခဲ့သော နှစ်များအတွင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထိုကဲ့သို့ မအောင်မြင်ရခြင်းသည် မင်းအောင်လှိုင်၏ ဆန့်ကျင်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ အာဆီယံအသင်း၏ အားနည်းချက်များကြောင့်ဟု သုံးသပ်မှသာ မျှတမှန်ကန်ပေလိမ့်မည်။ 

အကြောင်းမှာ တူညီဆန္ဒ ၅ ရပ် အကောင်အထည်မဖော်နိုင်လျှင် မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည် ဆိုသည့် တိကျသော မူဝါဒများနှင့် နည်းဥပဒေများ အာဆီယံအသင်းကြီးတွင် ရှိမနေဘဲ၊ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များ၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်ရန်ကိုသာ အားပြုခဲ့ကြသည်။ ထို့ကြောင့် အာဆီယံခေါင်းဆောင်များအားလုံး တညီတညွတ်တည်း (Consensus) သဘောထားရရှိမှသာ အရေးယူဆောင်ရွက်နိုင်မည့် အခြေအနေတွင် မြန်မာ့ပြဿနာ ဖြေရှင်းနိုင်ခြင်းမရှိဘဲ ရှေ့မတိုးနောက်မဆုတ် ရှိနေခဲ့သည်။ 

အာဆီယံခေါင်းဆောင်များသည် အဖွဲ့ဝင်မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအရေး ဖြေရှင်းရန် ကြိုးပမ်းနေစဉ် မြန်မာပြဿနာထက် ပို၍ကြီးမားပြီး အာဆီယံအသင်းကြီး၏ စည်းလုံးညီညွတ်မှုကို သက်ရောက်မှုများရှိခဲ့သော ရုရှား- ယူကရိန်း စစ်ပွဲ၊ အစ္စရေး- ဂါဇာစစ်ပွဲနှင့် အမေရိကန်- အီရန် စစ်ပွဲများ ဆက်တိုက်ကြုံတွေ့လာရသည်။ ထို့အပြင် စစ်ဖြစ်ပွားခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဩဇာချဲ့ထွင်လွှမ်းမိုးမှုကိုလည်း တိုး၍ ရင်ဆိုင်လာရသည်။ 

ထိုစစ်ပွဲများသည် အမေရိကန်၏ပြိုင်ဘက် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ပိုမိုနီးကပ်သွားစေခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ ကြီးစိုးထားသော ကမ္ဘာ့အင်အားချိန်ခွင်လျှာ သိသိသာသာ လှုပ်ခတ်လာခြင်းကို တပါတည်း တွေ့မြင်လာရသည်။ ဟော်မုဇ်ရေလက်ကြားအရေးအခင်းက မြို့ပြနိုင်ငံငယ် တစ်ခုဖြစ်သော စင်ကာပူနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ခွဲခြားမရသော မလက္ကာရေလက်ကြား၏ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးကို တိုက်ရိုက်လှုပ်ခတ်ခဲ့သည်။ စင်ကာပူအစိုးရသည် နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်ရန်၊ စစ်ရေးအင်အားထက် နိုင်ငံတကာဥပဒေများကို ခံတပ်သဖွယ် တိကျပြတ်သားစွာ ရပ်တည်ပြသလျက် ရှိသည်။ 

ထိုအချက်က မြန်မာ့ပြဿနာဖြေရှင်းရာတွင် ကျွဲကူးရေပါ သက်ရောက်မှုများ ရှိနေပြီး၊ စင်ကာပူနိုင်ငံ၏ တူညီ ဆန္ဒ ၅ ရပ်နှင့် ပတ်သက်သည့် အခိုင်အမာရပ်တည်ထားသည့် သဘောထားကို တွေ့မြင်ရသည်။ မေလအတွင်း ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးကို အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ထားသည့် တူညီဆန္ဒ ၅ ရပ် အတိုင်း စင်ကာပူနိုင်ငံက တိတိကျကျ ရပ်တည်ခဲ့မှုကို တွေ့မြင်ရသည်။ 

စင်ကာပူနိုင်ငံ၏ ရပ်တည်ချက်က အာဆီယံအဖွဲ့ကြီးကို စည်းမျဉ်းအခြေပြု (rule- based) အဖွဲ့အစည်းအဖြစ် ကြိုးပမ်းမြှင့်တင်နေပြီး၊ အတိတ်ကာလက အကျိုးစီးပွားအခြေပြု (interest- based) အာဆီယံမှ ခွဲထွက်လာပြီ ဖြစ်ကြောင်း အာဆီယံနှင့် အဓိကဆက်ဆံနေရသော ကမ္ဘာ့အင်အားကြီးနိုင်ငံများသို့ သတင်းစကားပေးနေခြင်းဟု နားလည်နိုင်ပါသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာ့အရေးအရာများတွင် စံနှုန်းတစ်မျိုး၊ မြန်မာ့အရေးတွင် စံနှုန်းတစ်မျိုး၊ စံနှုန်းအမျိုးမျိုးကျင့်သုံးမှု မဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း တွေ့မြင်ရသည်။ 

သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲ အကျိုးစီးပွားအခြေခံသော အတိတ်အစဉ်အလာဟောင်းကို ဆုပ်ကိုင် ထားချင်သော နိုင်ငံများရှိနေပြီး၊ ထိုအချက်ကို အကြောင်းပြချက်အမျိုးမျိုးဖြင့် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ သည့် အာဆီယံ တစ်နိုင်ငံချင်း၏ အကြောင်းပြချက်များက သိသာထင်ရှားပါသည်။ မင်းအောင်လှိုင်ကို   နောက်ဆုံး ဖိတ်ခေါ်ခဲ့သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ရိုဟင်ဂျာအရေး အကြောင်းပြချက်မှာ ဝေဖန်ပြစ်တင်ခံရမှု အများဆုံးဖြစ်ခဲ့သည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ဖမ်းဝရမ်း ထုတ်ပေးရန် တောင်းဆိုခံထားရသူ မင်းအောင်လှိုင်နှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းက အာဆီယံနည်းလမ်း (ASEAN Way) ကို စမ်းသပ်လိုက်ခြင်းဖြစ်ပြီး အာဆီယံသည် “လူ့အခွင့်အရေးနှင့် အာဆီယံပဋိညာဉ်စာတမ်းကို သစ္စာဖောက်မှုအဖြစ်” ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။ 

မြန်မာစစ်တပ်၏ ရက်စက်မှုများကို အာဆီယံဒေသတွင်း သိကြစေရန် အစဉ်တစိုက် လှုံ့ဆော်လျက်ရှိသော ဘန်ကောက်အခြေစိုက် Southeast Asia Junction ကို တည်ထောင်သူနှင့် ဒါရိုက်တာ Rosalia Sciortino က အင်ဒိုနီးရှားနိုင်ငံ၏ အထင်ကရ The Jakarta Post သတင်းစာကြီးမှတဆင့်  ဝေဖန်လိုက်ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မင်းအောင်လှိုင်နှင့် ပူးပေါင်းပြီး ရိုဟင်ဂျာလူမျိုးများအပါအဝင် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မလေးရှားနိုင်ငံမှ အတင်းအကျပ် ပြန်ပို့မည့်အစီအစဉ်၏ ပထမအသုတ် ဖြစ်သော လူဦးရေ ၁,၅၀၀ ခန့်ကို ပြန်ပို့ခဲ့သောနေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့၏ ဈေးတန်းတစ်ခုကို ရက်ရက်စက်စက် ဗုံးကြဲချခဲ့သဖြင့် အရပ်သားပြည်သူ ၅၀ ခန့် သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဆောင်းပါးရှင်က ထောက်ပြခဲ့ပြီး၊ အာဆီယံနည်းလမ်း၏ ဟာလာဟင်းလင်း အလယ်ဗဟိုချက် (Hollow Core) သို့မဟုတ် အနှစ်သာရမဲ့သော ခေါင်းဆောင်မှုအဖြစ် ဝေဖန်ထားသည်။ ထို့ကြောင့် မြန်မာ့ပြဿနာ ဖြေရှင်းရာတွင် အာဆီယံဗဟိုပြုမှု ကျဆုံးခန်းသို့ ရောက်လာပြီလားဟု မေးခွန်းထုတ်ရပေလိမ့်မည်။

မြန်မာ့အရေးဖိလစ်ပိုင်၏ဖရိုဖရဲကိုင်တွယ်မှုကိုစင်ကာပူပြန်လည်တည့်မတ်နိုင်မည်လား

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသည် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို နိုဝင်ဘာလ ၁၆- ၁၈ ရက်များတွင် ကျင်းပရန် စီစဉ်ထားသည်။ ထိုအစည်းအဝေးတွင် ၂၀၂၇ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စင်ကာပူလက်ထဲ လွှဲပြောင်းပေးမည့် အစည်းအဝေးလည်း ဖြစ်သည်။ စင်ကာပူနိုင်ငံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည့် ၂၀၂၇ ခုနှစ်သည် အာဆီယံအသင်းကြီး တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အချိန်ကာလ ဖြစ်သည်။

ထို့ကြောင့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရေးယူထားမှုများ ရုပ်သိမ်းပြီး၊ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမည်လား၊ သို့မဟုတ် မြန်မာပြဿနာကို စင်ကာပူလက်ထဲ ထပ်မံလွှဲပြောင်းမည်လား၊ အာဆီယံသည် စည်းမျဉ်းအခြေပြု အဖွဲ့အစည်းလား၊ အကျိုးစီးပွား အခြေပြု အဖွဲ့အစည်းလား မှတ်ကျောက်တင်ခံရမည့် လမ်းဆုံလမ်းခွသို့ ရောက်လာပြီ ဖြစ်သည်။ 

အဖွဲ့ဝင်နိုင်ငံအချို့၏ လက်ရှိ မြန်မာ့အရေးရပ်တည်ချက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဖြေရှင်းရန် ချမှတ်ခဲ့သော၊ တကမ္ဘာလုံးကလည်း ထောက်ခံထားသော တူညီဆန္ဒ ၅ ရပ် ကျဆုံးခြင်းကို အရေးမကြီးသည့် အတိတ်ဖြစ်ရပ်တစ်ခုအဖြစ် ချန်ထားရစ်ခဲ့ပြီး၊ မင်းအောင်လှိုင်ကို တရားဝင်အသိအမှတ်ပြုခြင်း မပြုခြင်းကို အာဆီယံပဋိညာဉ်စာတမ်း လိုက်နာခြင်း မလိုက်နာခြင်းနှင့် ချိတ်ဆက်မထားတော့ဘဲ စစ်
ရာဇဝတ်ကောင်နှင့် လက်ဆွဲနှုတ်ဆက်နေကြပြီ ဖြစ်သည်။  

မကြာသေးမီက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ စင်ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် The Straits Times နှင့် အင်တာဗျူးအတွင်း မင်းအောင်လှိုင်ကို အာဆီယံနိုင်ငံတို့ ဖိတ်ခေါ်ကြသည့်ခရီးစဉ်များ တွေ့မြင်လာရခြင်းသည် မေလအတွင်း ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၎င်းအကြံပြုခဲ့သော နည်းလမ်းသစ်၏ “တိုးတက်မှု” အဖြစ် ပြောဆိုခဲ့သည်။ 

မြန်မာ့အရေး ဖြေရှင်းရန် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များ၏ လမ်းညွှန်ချက်အရ ဇူလိုင်လအတွင်း ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မင်းအောင်လှိုင်ခန့် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောအစည်းအဝေးက နယ်ပယ်သုံးခုတွင် “အထင်အရှားပြသနိုင်သော တိုးတက်မှု” (Demonstrable Progress) ရှိရမည် ဟု သတ်မှတ်ခဲ့သည်။ ၎င်းနယ်ပယ်များမှာ (၁) အရပ်သားပြည်သူများကို အကြမ်းဖက်မှုများ အပြီးတိုင်ရပ်စဲရေး၊ (၂) ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် (၃) နိုင်ငံရေးအရ ကွဲပြားမှုကို အခြေမခံသော လိုအပ်ချက်ရှိသည့် နိုင်ငံအနှံ့ရှိ ပြည်သူများအားလုံးထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အာဆီယံ၏ AHA Center က ကူညီနိုင်ရေးတို့ဖြစ်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၎င်း၏လူမှုကွန်ရက်မှတဆင့် ပြောကြားခဲ့ဖူးသည်။  
သို့သော် မားကို့စ်ဂျူနီယာက မင်းအောင်လှိုင်ကို အာဆီယံနိုင်ငံအချို့ ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်းမှာ တိုးတက်မှုဖြစ်သည်ဟု ပြောဆိုခြင်းသည် တူညီဆန္ဒ ၅ ရပ် ကို အကောင်အထည်ရန် လက်ခံခြင်းရှိမရှိ တိုင်းတာခြင်းမဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက တူညီဆန္ဒ ၅ ရပ်အား စွန့်လွှတ်ခဲ့ကြခြင်းကို ပြောဆိုနေသကဲ့သို့ အဓိပ္ပာယ်ထွက်သည်။ ထို့ကြောင့် ဖိလစ်ပိုင်အစိုးရ၏ မြန်မာ့အရေးကိုင်တွယ်မှုကို ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်ပုဂ္ဂိုလ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော Special Advisory Council for Myanmar (SAC-M) အဖွဲ့က မြန်မာ့အရေး ဖိလစ်ပိုင်နိုင်ငံ၏ ပျက်ကွက်မှုသည် အာဆီယံတစ်ခုလုံး၏ ဖြစ်တည်မှုကို ခြိမ်းခြောက်မှု ဖြစ်စေသည် ဟု ဇူလိုင်လအတွင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ 

ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့် အာဆီယံအဖွဲ့ဝင်များ မေ့မထားသင့်သော အချက်မှာ မင်းအောင်လှိုင်ကို သမ္မတတုရာထူးပေးခဲ့သော အတုအယောင်လွှတ်တော်က အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို အာခံစိန်ခေါ်ထားပြီး၊ မြန်မာ့ပြဿနာဖြေရှင်းရန် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းကိုပါ ဆန့်ကျင်ကန့်ကွက်ထားသည်။ ထိုအခြေအနေတွင် ၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ရယူမည့် စင်ကာပူနိုင်ငံအတွက် အာဆီယံသည် စည်းမျဉ်းအခြေပြုအဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပြရန် မြန်မာ့အရေး ရပ်တည်ချက်က လက်တွေ့ကျကျ စိန်ခေါ်နေပြီ ဖြစ်သည်။  

အာဆီယံအသင်းကြီး၏ ညီညွတ်ရေးနှင့် အာဆီယံဗဟိုပြု မူဝါဒကို အာဆီယံ၏ဆွေးနွေးဖက် ပြင်ပနိုင်ငံများက အလေးထား အသိအမှတ်ပြုရေးသည် အာဆီယံခေါင်းဆောင်များအကြား စိန်ခေါ်မှုဖြစ်လာပြီး၊ မြန်မာ့အရေး ဖြေရှင်းမှုသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြဿနာကို ဖြေရှင်းခြင်းထက် အာဆီယံ၏ ဒေသတွင်းပြဿနာများ စုစည်းညီညွတ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်နေခြင်းလည်း ဖြစ်သည်။ တနည်းအားဖြင့် မြန်မာ့ပြဿနာကို အာဆီယံခေါင်းဆောင်များ ဖြေရှင်းနည်းသည် အာဆီယံတစ်ဖွဲ့လုံး၏ ပုံရိပ်ပင် ဖြစ်သည်။ 

ထိုအခြေအနေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စောင့်ကြည့်အကဲခတ်လေ့လာနေကြောင်း အာဆီယံ ခေါင်းဆောင်များ မသိရှိဘဲနေမည် မဟုတ်ပါ။ ပြီးခဲ့သော (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက အဖွဲ့ဝင် မြန်မာနိုင်ငံ၏ နိုင်ငံကိုယ်စားပြု တက်ရောက်နိုင်ခွင့်ကို ဆက်လက်ပိတ်ပင်ထားခြင်းသည် အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုနောက်ကို လိုက်မည်ဟူသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အပါအဝင် ကုလသမဂ္ဂတစ်ခုလုံး၏ ရပ်တည်ချက်ကို ထင်ဟပ်စေပါသည်။ 

ယနေ့ အာဆီယံ ခေါင်းဆောင်များထဲ လီကွမ်ယု- မဟာသီယာမိုဟာမက် လက်ထက် အာဆီယံခေါင်းဆောင် မှုတွင် ပါဝင်ခဲ့ဖူးသော ရှေ့မီနောက်မီ ခေါင်းဆောင်ဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ရာဇဝတ်ကောင်တစ်ဦးကို လက်ဆွဲနှုတ်ဆက်ခဲ့သော ဖြစ်ရပ်သည် မလေးရှားနိုင်ငံ၏ ရွေးချယ်မှုဟု ဆိုသော်ငြားလည်း၊ အတိတ်ကာလ အကျိုးစီးပွားအခြေပြု အာဆီယံကို ပြန်လည်သတိရစေခဲ့ပါသည်။ မြန်မာ့အရေးကို အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ ဖြေရှင်းခြင်းဖြင့်၊ စည်းမျဉ်းအခြေပြုအဖွဲ့အစည်းအဖြစ် အာဆီယံပုံရိပ်ကို အသွင်ပြောင်းလဲရန် ဝန်ကြီးချုပ်လီကွမ်ယုအလွန် စင်ကာပူ၏ မျိုးဆက်သစ်ခေါင်းဆောင်များ စွမ်းဆောင်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။