Uncategorized

ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးလည်း စစ်တပ်ရွေးကောက်ပွဲတွင်ရှုံးနိမ့်

စစ်တပ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြည်သူ့ပါတီ(PP) သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအများစုတွင် အရေးနိမ့်ခဲ့သလို ကိုယ်တိုင်ဝင်ပြိုင်ခဲ့သည့် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးလည်း ရှုံးနိမ့်ခဲ့သည်။

တနင်္ဂနွေနေ့(ဇန်နဝါရီလ ၂၅ရက်) က ကျင်းပခဲ့သည့် စစ်တပ်ရွေးကောက်ပွဲ အပိုင်း(၃)တွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း  ဦးကိုကိုကြီးသည် ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 အသက် ၆၄ နှစ်အရွယ် ဦးကိုကိုကြီးအား အနိုင်ရခဲ့သူသည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးရန်မျိုးအောင်သိန်း ဆိုသူ ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ဦးကိုကိုကြီးဝင်ပြိုင်သည့် လမ်းမတော်မြို့နယ်အပါအဝင် မဲဆန္ဒနယ် ၁၇ နေရာလုံး ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့သည်။

စစ်တပ်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကနဦး မဲရေတွက်မှု ရလဒ်များအရ ရန်ကုန်ရှိ မဲဆန္ဒနယ်အားလုံးတွင် နိုင်ပြီဟု ကြံ့ခိုင်ရေးပါတီ၏ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမောင်မြင့်က ၎င်း၏ လူမှုကွန်ရက် TikTok(တစ်တော့)မှတဆင့် ဇန်နဝါရီ ၂၅ ညပိုင်းတွင် ကြေညာသည်။

“မြေပြင်မှာပေါင်းတဲ့ မဲရလဒ်တွေ၊ ကြိုတင်မဲရလဒ်တွေ အဲ့ဒီက မဲကွာခြားချက်တွေပေါ် မူတည်ပြီးတော့ နိုင်တယ်ဆိုတာကို ပြည်သူတွေ ကြိုတင်ဝမ်းမြောက်နိုင်အောင် တင်ပြတာ ဖြစ်ပါတယ်” ဟု ဦးမောင်မြင့်က ပြောသည်။ 

ဇန်နဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တွင် ကိုယ်တိုင်လာရောက် မဲပေးခဲ့သည့် ဦးကိုကိုကြီးက ရွေးကောက်ပွဲ၌ အရွေးမခံရလည်း လွှတ်တော်ပြင်ပမှ နိုင်ငံရေးဆက်လုပ်ရန်လိုကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“မရွေးခံရလည်းပဲ အပြင်ကနေ ကိုယ့်အမြင်သဘောထားနဲ့ လွှတ်တော်ထဲ ဘာတွေဆွေးနွေးသင့်တယ်ဆိုတာ မေးခွန်းထုတ်ပြီး တက်တက်ကြွကြွ ဆက်ပြီး ဆောင်ရွက်ဖို့လိုတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တို့တွင် ကြိုတင်မဲနှင့်ပတ်သက်၍ အငြင်းပွားစရာများ ရှိခဲ့ကြောင်း ဦးကိုကိုကြီးက မေးခွန်းထုတ်ခဲ့ပြီး၊ နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးနေခြင်းကို မကြိုက်ကြောင်းလည်း ၎င်းက ဆိုသည်။

လမ်းမတော်မြို့နယ်တွင် မဲရုံပေါင်း ၂၂ရုံ ရှိပြီး ကိုယ်တိုင်မဲပေးခဲ့သည့် မဲရုံအမှတ်(၂)၌လည်း  ဦးကိုကိုကြီး ရှုံးနိမ့်ခဲ့သည်။ 

ဦးကိုကိုကြီးသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလအတွင်း ထင်ရှားခဲ့သော ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်က  နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသူ ဖြစ်သည်။ လွတ်မြောက်ပြီးနောက် လူထုအရေးကိစ္စများနှင့် နိုင်ငံရေးလုပ်ငန်းများတွင် ဆက်လက် ပါဝင်လာခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီ (People’s Party – PP) ကို တည်ထောင်ကာ ပါတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့ပြီး ယခု စစ်တပ်က စီစဉ်သည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၁)နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် ရွေးကောက်ပွဲအပိုင်း(၂)တို့တွင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် တိုင်းနှင့်ပြည်နယ်

လွှတ်တော်အတွက် အမတ် ခုနစ်နေရာနှင့် အမျိုးသားလွှတ်တော်လွှတ်တော်အတွက် တစ်နေရာ၊ စုစုပေါင်း ရှစ်နေရာသာ နိုင်ခဲ့သည်။

စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်ပြီး အခန်းဆက်ဖြင့် ကျင်းပနေသည့် ရွေးကောက်ပွဲအပိုင်း(၃)ကို ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်စသည့် တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ် ၆၃ ခုတွင် ကျင်းပရန်လျာထားခဲ့သော်လည်း ကချင်ပြည်နယ် မံစီနှင့် မိုးမောက်တို့တွင် မကျင်းပနိုင်ကြောင်း စစ်ကော်မရှင် ရွေး/ကော်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်တိုင်းကလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်အများစုတွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးမှု အများစု ရထားသည်။ မဲဆန္ဒနယ်အချို့တွင် တိုက်ပွဲပြင်းထန်နေပြီး၊ အချို့မဲဆန္ဒနယ်များတွင် စစ်ရေးတင်းမာနေသည်။

ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပနေချိန် ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲကျင်းပနေသည့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နှင့် ပဲခူးတိုင်း၊  ဖြူးမြို့ရှိ ရဲစခန်းတို့ကို ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိခိုက်မှုအခြေအနေ အသေးစိတ် မသိရသေးပေ။

၂၆၃ မြို့နယ် ၌ အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့သော စစ်တပ်ရွေးကောက်ပွဲသည် မဲပေးသူဦးရေ နည်းပါးခဲ့ပြီး နေရာအချို့တွင် မဲပေးရန် ဖိအားပေး၊ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။

ရွေးကောက်ပွဲ အပိုင်း(၁) နှင့်(၂)ကျင်းပပြီးစီးခဲ့သည့် ၂၀၂ မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်နေရာအတွက် ၁၇၅ နေရာ အနိုင်ရခဲ့သည်။ အမျိုးသားလွှတ်တော်နေရာအတွက်လည်း အများစုကို ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည်။

မတ်လအတွင်း လွှတ်တော်အစည်းအဝေးခေါ်ပြီး အစိုးရဖွဲ့မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။ ကြံ့ခိုင်ရေးပါတီသည် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) ကျင်းပပြီးစီးချိန်ကတည်းက အစိုးရဖွဲ့နိုင်သည့် ပမာဏ အနိုင်ရထားပြီး ဖြစ်သည်။

အပိုင်း (၁) နှင့် အပိုင်း(၂) တို့တွင် ဝင်ပြိုင်ခဲ့ကြသည့် ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့သည်လည်း ဦးကိုကိုကြီးနည်းတူ ကြံ့ခိုင်ရေးအမတ်များကို ရှုံးနိမ့်ခဲ့သည်။

မြန်မာပြည်သူအများစု ထောက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို ၎င်းတို့လက်အောက် ပြန်လည် မှတ်ပုံမတင်ခြင်းကြောင့်ဆိုကာ စစ်တပ်က ပါတီဖျက်သိမ်းထားသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော်တွင် စစ်တပ်က ဖမ်းဆီး၊ အကျဉ်းချထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည့် အရိပ်အယောင် မတွေ့ရပေ။

စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုဟာ နိုင်ငံရေးအမှုဆိုတာထက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်ပါတယ်” ၊ “တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါလိမ့်မယ်” ဟု ဇန်နဝါရီလ ၂၄ ရက် က သတင်းထောက်အချို့ကို ပြောကြားခဲ့သည်။

Back to top button