သတင်း

မင်းအောင်လှိုင်၏ ကိုးလအရွယ်မြေးကို အိန္ဒိယဆရာဝန်များ ကုသပေး 

အိန္ဒိယနိုင်ငံမှ နှလုံးအထူးကုဆရာဝန်ကြီးနှစ်ဦးသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်မြို့သို့ လာရောက်ကာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုးလအရွယ်မြေးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

မွေးရာပါ နှလုံးရောဂါခံစားနေရသည့် ထိုကလေးကို လာရောက်ခွဲစိတ်ကုသပေးခဲ့သည့် အိန္ဒိယဆရာဝန်နှစ်ဦးမှာ ဟိုက်ဒရာဘတ်မြို့ရှိ Rainbow Children’s Heart Institute (RCHI) မှ နှလုံးအထူးကုသမားတော်ကြီးများဖြစ်သည်ဟု India Today မဂ္ဂဇင်းက ယမန်နေ့ (ဇန်နဝါရီ ၆) တွင် ရေးသားသည်။ 

မွေးကတည်းက နှလုံးတွင် အပေါက်ပါရှိနေသည့် ထိုကလေးကို အိန္ဒိယဆရာဝန်နှစ်ဦးဖြစ်သည့် ဒေါက်တာ Nageswara Rao Koneti နှင့် ဒေါက်တာ Shweta Bakhru တို့က အကူကိရိယာဖြင့် အစားထိုးကုသပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ခွဲစိတ်ကုသပြီးနောက် ကလေးငယ် ကျန်းမာလျက်ရှိသည်ဟုလည်း India Today က ရေးသားသည်။​

မွေးရာပါ နှလုံးတွင် အပေါက်ပါရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏မြေးငယ်မှာ ကိုးလအရွယ်ဖြစ်သောကြောင့် အာဏာသိမ်းပြီးနောက် မွေးဖွားခဲ့သူဖြစ်သည်။ 

ထိုကလေးကို ရန်ကုန်မြို့ရှိ မည်သည့်ဆေးရုံတွင် ခွဲစိတ်ကုသပေးသည်ဟု မသိရသော်လည်း အာဏာသိမ်းခေါင်းဆောင်မိသားစုပိုင် အင်လျားကန်စောင်းရှိ ကန်သာယာဆေးရုံဖြစ်နိုင်သည်ဟု ယူဆရသည်။

India Today က ဖော်ပြထားသည့် ဓာတ်ပုံမှတ်တမ်းတွင် အိန္ဒိယဆရာဝန်နှစ်ဦးနှင့်အတူ အာဏာသိမ်းခေါင်းဆောင်အပြင် စစ်ထောက်ချုပ်ဟောင်းနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီးညိုစော၊ မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံတို့ကို တွေ့ရှိရသည်။

ခွဲစိတ်ကုသမှုကို ဦးဆောင်သူ ဒေါက်တာ Rao Koneti မှာ ဆေးပညာသင်တန်းပေးခြင်းနှင့် ကလေးငယ်များကုသရေးအတွက် မြန်မာနိုင်ငံသို့ အကြိမ်တော်တော်များများ လာရောက်ဖူးပြီး ၎င်းကို အာဏာသိမ်းခေါင်းဆောင်တို့သားအဖက ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ 

အိန္ဒိယဆရာဝန်များသည် မြန်မာရေတပ်ဌာနချုပ်ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး ရေတပ်ကာကွယ်ရေးဦးစီးချုပ်က ဧည့်ခံခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

“အာရှပစိတ်ဖိတ်ဒေသမှာ အကောင်းဆုံးရေတပ်ဌာနချုပ်တစ်ခုပါ။ မြန်မာနဲ့ အိန္ဒိယ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အံ့မခန်းဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးများပါတယ်” ဟု ဒေါက်တာ Nageswara Rao Koneti က ပြောသည်။ 

မြန်မာဝန်ကြီးချုပ်၏မြေးကို ဟိုက်ဒရာဘတ်ဆရာဝန်များက အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟု India Today က ရေးသားထားသည်၊ သို့သော်လည်း ပြည်သူများ သတ်ဖြတ်ခံနေရပြီး နိုင်ငံ့အခြေအနေ ကမောက်ကမဖြစ်စေသော အာဏာသိမ်းမှု၏ ခေါင်းဆောင်ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

ထိုသတင်းကို India Today က လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားရာ Facebook သုံးသူတစ်ဦးက ဗိုလ်ချုပ်မှူးကြီးက ပြည်သူတို့ထံမှ ငွေ မတရားယူပြီး အိန္ဒိယဆရာဝန်တို့ကို ပေးသည်ဟု ယနေ့ မှတ်ချက်ပြုထားသည်။ 

အိန္ဒိယမှ စာဖတ်သူအနည်းငယ်က ထိုသတင်းကို နှစ်သက်ကြောင်း တုံ့ပြန်ထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button