တစ်နိုင်ငံလုံးတွင် လျှပ်စစ်ရထားများပြေးဆွဲရန် စီစဉ်နေသည်ဟု မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ကောင်စီက အိမ်သုံးဓာတ်အားပင် ပုံမှန်မပေးနိုင်ကြောင်း ဝန်ခံလိုက်သည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ ထုတ်လုပ်မှုကျဆင်းလာ၍ ဓာတ်အားထိန်းညှိရသဖြင့် သုံးစွဲမှုများသည့် နံနက် ၇ မှ ၁၁ နာရီအတွင်း၊ ညနေ ၅ မှ ၇ နာရီအတွင်း အချိန်ပိုင်း မီးဖြတ်ရခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီ ၆) ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ကြေညာသည်။
ပုံမှန်အခြေအနေတွင် လျှပ်စစ် ၄,၂၀၀ မဂ္ဂါဝပ်အထိ အမြင့်ဆုံးထုတ်နိုင်သော်လည်း ယခု ၁,၄၇၀ မဂ္ဂါဝပ် လျော့နည်းနေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့ လျော့နည်းရခြင်းမှာ သဘာဝဓာတ်ငွေ့နှင့် LNG to Power စက်ရုံရပ်ဆိုင်းထားရခြင်း၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း ပြုပြင်နေခြင်း၊ ကယားပြည်နယ် ဘီလူးချောင်းမှ ဓာတ်အားပို့လွှတ်နေသည့် တာဝါတိုင်အချို့ မိုင်းခွဲခံရခြင်းကြောင့်ဖြစ်သည်ဟု အကြောင်းပြထားသည်။
ထို့ပြင် နွေရာသီတွင် မီးပေးနိုင်ရန် ရေအားလျှပ်စစ်စက်ရုံများကို ပုံမှန်ထက် လျှော့ချသုံးစွဲကာ ထိန်းသိမ်းမောင်းနှင်နေရသည်ဟုလည်း လျှပ်စစ်ဌာနက ထိုထုတ်ပြန်ချက်တွင် ပြောထားသည်။
လက်တွေ့တွင်မူ အချိန်သတ်မှတ်ချက်မရှိ မီးပျက်နေသည်၊ မီးစက်ကို အားကိုးနေရ၍ ကုန်ကျစရိတ် ကြီးမြင့်လာသည်၊ ကုန်ထုတ်လုပ်ငန်းများ အခက်တွေ့နေရသည်ဟု တောင်ဒဂုံစက်မှုဇုန်ကော်မတီဝင်တစ်ဦးက ပြောသည်။
“ဘယ်အချိန်ပျက်မယ်လို့ သတ်မှတ်ချက်တော့ မရှိဘူး။ ကျွန်တော်တို့ကလဲ မီးလာရင် လာတယ်လို့ မှတ်တယ်။ မီးမလာရင် မလာဘူးလို့ မှတ်တယ်။ ကိုယ့်ဘာသာကိုယ် ပြေလည်အောင် ဖြေရှင်းရတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၎င်းက ဆိုသည်။
စွမ်းအင်စရိတ် သုံးဆခန့် ပိုမိုလာသော်လည်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်အကျိုးစီးပွားအတွက် မဖြစ်မနေ ကျားကန်နေရကြောင်း ထိုသူက ဆက်ပြောသည်။
“ဒီမီးစက်မောင်းပြီး အလုပ်လုပ်မှပဲ ဖြစ်မှာ။ ရပ်လိုက်တယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံး နစ်နာတယ်” ဟု ၎င်းက ပြောသည်။
ထိုအခြေအနေတွင် မီးစက်သုံးစွဲနိုင်ခြင်းမရှိသည့် စက်ရုံများ အကြီးအကျယ် ဒုက္ခတွေ့နေသည်ဟု ရန်ကုန်မြို့ အခြားစက်မှုဇုန်တစ်ခု၏ ကော်မတီဝင်တစ်ဦးကလည်း ပြောသည်။
“အရင်က ကြားတာတော့ (ဓာတ်အား) တိုးမြှင့်ထုတ်လုပ်နေတယ်ပဲ သိတယ်။ ဒါပေမဲ့ တစ်နှစ်တစ်နှစ် တက်လာတဲ့ Demand (လိုအပ်ချက်)ကို နိုင်အောင်သုံးပြီး ထုတ်လုပ်နိုင်၊ မထုတ်လုပ်နိုင်တော့ ကျွန်တော်တို့ မသိဘူး”ဟု ၎င်းက ဆိုသည်။
စစ်အာဏာမသိမ်းမီ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်းပြည်ကို အုပ်ချုပ်စဉ်က တိုးတက်လာမည့် စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဓာတ်အားဖြည့်ဆည်းရန် ကြိုးပမ်းမှုများရှိခဲ့သည်။
NLD က LNG ဓာတ်ငွေ့နှင့် လျှပ်စစ်ထုတ်မည့် စက်ရုံနှစ်ခုကို ရန်ကုန်မြို့ သာကေတ၊ သီလဝါတို့တွင် ထူထောင်ရန် လုပ်ငန်းစတင်ခဲ့သော်လည်း ၂၀၂၁၊ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် ရပ်ဆိုင်းသွားသည်။
ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီ ရင်းနှီးလုပ်ကိုင်မည့် ထိုစီမံကိန်းနှစ်ခုမှ လျှပ်စစ်ဓာတ်အား ၇၅၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဟု NLD အစိုးရ မျှော်မှန်းထားခဲ့သည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် LNG ဓာတ်ငွေ့ဈေး ၄ ဆ မြင့်လာ၍ ရပ်တန့်ထားရသည်ဟု လျှပ်စစ်ဌာန၏ အထက်ပါထုတ်ပြန်ချက်၌ ဆိုထားသည်။
VPower ကုမ္ပဏီကလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများအနက် ရခိုင်ပြည်နယ် ကျောက်ဖြူ(၂) နှင့် မန္တလေးတိုင်း မြင်းခြံ(၁) စီမံကိန်းများကိုပါ ရပ်ဆိုင်းထားသည်။
ထိုအခြေအနေတွင် လျှပ်စစ်သုံးစွဲမှုပမာဏ နည်းသည့် LED မီးများကို သုံးရန်၊ မလိုအပ်သည့် နေရာများတွင် မီးပိတ်ထားရန် လျှပ်စစ်ဌာနက ထိုအသိပေးချက်၌ ထည့်သွင်းတိုက်တွန်းသည်။
သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ လျှပ်စစ်ရထားများပြေးဆွဲရန် တဖွဖွပြောနေပြီး တွက်ခြေမကိုက်၍ ရပ်ဆိုင်းထားရသော နိုင်ငံပိုင်စက်ရုံများကိုပါ ပြန်၍လည်ပတ်ရန် ပြင်ဆင်နေသည်။
နိုင်ငံအနှံ့ အဝေးပြေးရထားများ၊ မြို့ပတ်ရထားများသာမက၊ မော်တော်ယာဉ်များကိုပါ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် စီစဉ်တွက်ချက်နေသည်ဟု ၂၀၂၁ အောက်တိုဘာ ၂၅ နေပြည်တော်အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေလုံးထွားခဲ့ဖူးသည်ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ထောက်ပြသည်။
“(လက်ရှိ) ရထားလမ်းတွေကိုတောင် လူချင်းတူအောင် မလုပ်နိုင်ဘူးဗျာ။ ဒီလျှပ်စစ်ရထားတွေ ပြေးမယ်ဆိုတာကြီးက နည်းနည်းဦးနှောက်မကောင်းတဲ့လူတွေရဲ့ အပြောမျိုးပါ” ဟု ထိုအမျိုးသားက ပြောသည်။
၎င်းနေထိုင်သည့် နေရာတွင် နေ့စဉ် နံနက် ၅ နာရီမှ ၉ နာရီအထိ ပုံမှန်ပျက်လေ့ရှိကာ တစ်ခါတစ်ရံ ပိုမို ကြာမြင့်တတ်၍ ထမင်းဟင်းချက်ရန် ထင်းနှင့် မီးသွေးကိုပါ ပြန်အားကိုးလာရကြောင်း ၎င်းက ဆိုသည်။
ဓာတ်အားထုတ်လုပ်မှု လျော့ကျနေ၍ အချိန်ပိုင်း မီးဖြတ်ရကြောင်း စစ်ကောင်စီပြောသောစကားမှာ ဆင်ခြေသာဖြစ်ပြီး တမင်ဖိနှိပ်သည်ဟု ယူဆကြောင်း ထိုသူက ဆက်ပြောသည်၊
စစ်အာဏာသိမ်းပြီးနောက်တွင် အခွန်မဆောင်သည့် နည်းဖြင့် ပြည်သူတို့က တုံ့ပြန်ရာတွင် မီတာခမဆောင်သည့် နည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
စစ်ကောင်စီက လက်နက်ကိုင်တပ်ဖွဲ့များ အားကိုးဖြင့် နိုင်ငံ၏ အချို့ဒေသတို့တွင် အတင်းအကျပ်ကောကောက်ခံသည့်ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းနေသည်။
ထိုအခြေအနေတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံသည့် အဖွဲ့များ၏ ပစ်မှတ်အတွင်း လျှပ်စစ်ရုံးများလည်း ပါဝင်နေသည်။
အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့် မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၆၀ ရာခိုင်နှုန်းမှာ နိုင်ငံပိုင်ဓာတ်အားစနစ်မှ ရယူသုံးစွဲနေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)