ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံတွင် လုံးဝခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများက သဘောထားထုတ်ပြန်သည်။
အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်နေသော စစ်ကောင်စီကို အာဆီယံအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့စေရန် ကြိုးပမ်းခြင်းကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ်ကို ကန့်ကွက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ၂၆၀ ပါဝင်သည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ၏ ယမန်နေ့ (ဇန်နဝါရီ ၄) သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူချက်အရ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်များ မရရှိသေးသော်လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ မှ ၈ အထိ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေသည်။
“ပြီးခဲ့တဲ့ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံအပါအဝင် အာဆီယံခေါင်းဆောင်တွေက ချမှတ်ထားတဲ့ ကတိတွေ ဆုံးဖြတ်ချက်တွေကို သူအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အခါ ပြောင်းပြန်လှန်လိုက်ချင်တဲ့ သဘောဖြစ်နေတယ်” ဟု ဟွန်ဆန်၏ ခရီးစဉ်နှင့် ပတ်သက်၍ GSCB အဖွဲ့ဝင် ကိုချစ်ဝင်းမောင်က ပြောသည်။
“အာဆီယံကိုပါ ကမ္ဘောဒီးယားဝန်ကြီးချုပ်က စော်ကားနေတာ ဖြစ်တယ်။ နောက်တစ်ခါ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို စောင့်ကြည့်ပြီး ပူးပေါင်းကူညီမယ်ပြောထားတဲ့ EU တို့ UN တို့ကိုပါ သူက စော်ကားနေသလိုဖြစ်နေတယ်” ဟု မကွေးလူထုတိုက်ပွဲကော်မတီ တာဝန်ခံတစ်ဦးလည်းဖြစ်သူ ကိုချစ်ဝင်းမောင်က ဆိုသည်။
ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူတစ်ရပ်လုံး၏ သဘောဆန္ဒနှင့် ဆန့်ကျင်နေပြီး ၂၀၂၁ နွေဦးတော်လှန်ရေးကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်ဟု ကျောင်းသားသမဂ္ဂများ၊ မြို့နယ်သပိတ်ကော်မတီများ၊ နယ်ပယ်အသီးသီးမှ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစု ၂၆၁ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယမန်နေ့က ကျရောက်သည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီကို သဝဏ်လွှာပေးပို့သည့် နိုင်ငံလေးခုတွင် အာဆီယံတွင် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံလည်း ပါဝင်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသည့်ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးအနီးတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
ထိုသို့ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသော်လည်း ဟွန်ဆန်၏ ခရီးစဉ် အပြောင်းအလဲရှိမည် မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုထားသည်။
ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖနွမ်းပင်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာနိုင်ငံလာရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမည်မဟုတ်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနကို ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ရိုင်းပင်းကူညီပေးမည့်လုပ်ရပ်မျိုးကို ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်များပြုလုပ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းသိအောင် သတင်းစကားပါးနေသည်ဟု SCB အဖွဲ့ဝင် ကိုချစ်ဝင်းမောင်က ဆိုသည်။
“အာဏာရှင်ချင်း ရိုင်းပင်ကူညီချင်တဲ့စိတ်မျိုးနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေကို ထပ်ပြီး ဒုက္ခပေးမဲ့ဟာမျိုးကို ကျနော်တို့ လက်မခံဘူး။ အဲတော့ ဒီကောင်က မြန်မာပြည်ကို လာမယ်၊ မင်းအောင်လှိုင်ကို ကူညီပေးမယ်ဆိုတာက မြန်မာအတွက်တင်မကဘူး ကမ္ဘာအတွက်ပါ အန္တရာယ်ရှိတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံခေါင်းဆောင်များ ပြီးခဲ့သည့် ဧပြီလအတွင်း အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည့် ထိုအစည်းအဝေးတွင် ဖမ်းဆီးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရေး စသည့် အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။
အာဆီယံဘုံသဘောတူညီချက်နှင့် ပတ်သက်၍ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိဟုဆိုကာ အောက်တိုဘာလအတွင်း ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ယမန်နေ့အထိ ဆန္ဒပြပြည်သူ ၁၄၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၁,၃၃၇ ဦးကို ဖမ်းဆီး ထောင်ချခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)