
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ထောင်တွင်းတရားရုံးက ရှေ့နေမပါဘဲ အမှုရင်ဆိုင်ခဲ့ရသူ ၃၁ ဦးကို ဒီဇင်ဘာ ၂၈ နှင့် ၃၀ အတွင်း နိုင်ငံရေးမှု၊ အကြမ်းဖက်မှုပုဒ်မများဖြင့် ထောင်ဒဏ်စီရင်လိုက်သည်ဟု ထိုအကျဉ်းထောင်ရှိ ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။
စက်တင်ဘာ ၂၀ တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၄ ဦး အပါအဝင် လူငယ် ၁၄ ဦး ဆူပူအောင်လှုံ့ဆော်မှု ဆိုင်ရာ ပုဒ်မ ၅၀၅ − က ဖြင့် ထောင် ၂နှစ် ကျသွားသည်။
ထိုအထဲတွင် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သတင်းပြန်ကြားရေးတာဝန်ခံ ၂၂ နှစ်အရွယ် ကိုစိုးပြည့်အောင်ပါဝင်ကြောင်း၊ ၎င်းမှာ ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ကြောင်း Myanmar Now က ရရှိသည့် စာရင်းတွင် တွေ့ရသည်။
အခြားသော သပိတ်ကော်မတီဝင်များဖြစ်သည့် ၂၂ နှစ်အရွယ် မစိုးမီမီကျော်၊ ၂၄ နှစ်အရွယ် မသျှားပြည့်ခင်နှင့် အခြားလူငယ် ၁၁ ဦးတို့လည်း ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသည်။
ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားသည့် ပေါက်ကွဲမှု၊ တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု ၂၀၂၁ မေလမှ စက်တင်ဘာလအတွင်း စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသမီး ၄ ဦးအပါအဝင် ၁၇ ဦးလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။
ပုဒ်မ ၅၀၅ − က အပြင် လက်နက်များဥပဒေ ပုဒ်မ ၁၉ (စ)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ လက်နက်နှင့် ပေါက်ကွဲပစ္စည်းများဆိုင်ရာ ပုဒ်မ ၅၁၊ ထောက်ပံ့ကူညီမှုဆိုင်ရာ ပုဒ်မ ၅၂ တို့ဖြင့် ထောင်ဒဏ် ၇ နှစ်မှ ၁၉ နှစ်အထိ ကျသွားသည်။
အမြင့်ဆုံးထောင်ဒဏ် ၁၉ နှစ်ချခံရသူမှာ အထက်ပါ ပုဒ်မ ၄ ခုစလုံးနှင့် စွဲချက်တင်ခံရသူ ၃၈ နှစ်အရွယ် ဦးထွန်းထွန်းဦးဖြစ်သည်။
အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁ မပါဘဲ အခြားပုဒ်မ ၃ ခုနှင့် စွဲချက်တင်ခံရသူ ၂၄ နှစ်အရွယ် ကိုဉာဏ်ဝင်းမှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရသည်။
ကျန်လူငယ် ၁၅ ဦးမှာ ထောင်ဒဏ် ၇ နှစ်မှ ၈ နှစ်အထိ ကျသွားသည်ဟု Myanmar Now က ရရှိထားသည့် စာရင်းတွင် တွေ့ရသည်။
ထို ၁၇ ဦးစလုံးမှာ လူသတ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ယင်းနှင့် ဆက်စပ်သည့် ပုဒ်မခွဲအချို့ဖြင့် အမှုဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း၊ ထားဝယ်အကျဉ်းထောင်အတွင်း ထိုသို့ အမှုရင်ဆိုင်နေရသူ ၇၇ ဦးအထိရှိကာ စစ်ကောင်စီ၏ ရန်ရှာမှုများကြောင့် ရှေ့နေငှား၍ ခုခံချေပရန် အခြေအနေမပေးကြောင်း ထိုသတင်းရင်းမြစ်ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုဖြင့် ဖမ်းဆီးတရားစွဲခံရသူများ ဥပဒေအထောက်အကူ ရရန် လွန်စွာခက်ခဲနေသည်ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူနှစ်ဦးနှင့် ရှေ့နေတစ်ဦးက အတည်ပြုသည်။
ထိုသို့သော အမှုများကို ထောင်တွင်သာ စစ်ဆေးနေသည်ဖြစ်ရာ ရှေ့နေမပါဘဲ အမှုရင်ဆိုင်နေရသူတို့၏ ကျန်းမာရေး၊ ထောင်တွင်းနေထိုင်မှု၊ ထောင်ဒဏ်ချမှတ်ခံရမှု အခြေအနေများကို အချိန်မီသိနိုင်ရန် အခက်အခဲဖြစ်နေကြောင်း၊ အထက်ပါ ၃၁ ဦး ထောင်ချခံရသည်ကို ဇန်နဝါရီ ၃ ရက်ကမှ သိရကြောင်း ထားဝယ်မြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ငှားလို့မလွယ်တာနဲ့ မငှားကြတော့တာ။ တချို့ကတော့ ရှေ့နေငှားချင်ပေမဲ့ ရှေ့နေပါလဲ ဘာမှမထူးဘူး၊ ဘာမှလုပ်လို့လဲ မရဘူးဆိုပြီး မငှားကြတော့ဘူး”ဟု ၎င်းက ပြောသည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ၂၀၂၁၊ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းကို ဆန့်ကျင်သူများ၊ ထိုသူတို့ကို ဆက်စပ်ကူညီနေသူများကို ရန်ရှာသည့် ဖြစ်စဉ်များ ရှိနှင့်ပြီးဖြစ်သည်။
တနင်္သာရီတိုင်းတွင် အာဏာသိမ်းပြီးစကာလက နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံရသူများအတွက် အခမဲ့လိုက်ပါဆောင်ရွက်ပေးသည့် အကျိုးဆောင်ရှေ့နေအများအပြားရှိသော်လည်း ယခုအခါ အခြေအနေပြောင်းလဲလာပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ အခြားတစ်ဦးက ပြောသည်။
“ထားဝယ်မှာ ရှေ့နေလိုက်ပေးသူတော်တော်များများက လိုက်ပေးလို့မရဲတော့ဘူး။ စစချင်းတုန်းက ရှေ့နေတွေက လိုက်စီစဉ်ပေးတာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့ ရှေ့နေလိုက်မရဲတော့ဘူး။ ရှေ့နေတွေတောင် ဖမ်းဝရမ်းထုတ်တာဆိုတော့လေ”ဟု ထားဝယ်သပိတ်ကော်မတီဝင်လည်းဖြစ်သည့် ၎င်းက ပြောသည်။
ထားဝယ်မြို့ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ၂ ဦးထံ ထိုအခြေအနေနှင့် စပ်လျဉ်း၍ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ထားဝယ်သို့ အမှုကိစ္စအချို့ဖြင့် မကြာခဏရောက်လေ့ရှိသူ ရန်ကုန်အခြေစိုက်ရှေ့နေတစ်ဦးက တနင်္သာရီတိုင်းအတွင်းရှိ ရှေ့နေများ ဖိအားပေးခံထားရကြောင်း ပြောသည်။
“သူတို့ကို ဒီလိုမျိုးတွေ မလိုက်ဖို့၊ လိုက်တယ်ဆိုရင် ခြိမ်းခြောက်ခံရတယ်ဆိုတာကို ကျွန်တော်နဲ့ ခင်တဲ့ ရှေ့နေကိုယ်တိုင်က ပြောတယ်။ ခြိမ်းခြောက်ခံရတာတွေရှိတယ်ဆိုတာကို မပြောဖို့ ဖိအားပေးတယ်လို့ ပြောတယ်ဗျ” ဟု ၎င်းက ဆိုသည်။
“ဒီအမှုတွေကို လိုက်ပေးတယ်ဆိုရင် သူတို့လုံခြုံရေးအတွက် အာမမခံဘူးဆိုတဲ့အကြောင်းကိုတော့ ပြောဖူးတယ်ဗျ”
၂၀၂၁ နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်း လောင်းလုံး၊ ထားဝယ်မြို့တို့တွင် ရှေ့နေတချို့ ဝရမ်းထုတ်ခံရကြောင်း၊ ရှေ့နေ ၄ ဦး ဖမ်းဆီးခံရကြောင်း ဒေသအခြေစိုက် သတင်းဌာနတချို့က ဖော်ပြဖူးသည်။
ထိုအခြေအနေများနှင့် စပ်လျဉ်း၍ ပိုမိုသိရှိနိုင်ရန် ဖမ်းဆီးခံထားရသူတို့၏ မိသားစုဝင်များနှင့် စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)