စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် ချေမှုန်းခံနေရသော ပျူစောထီးတပ်ဖွဲ့တစ်ခုကို စစ်တပ်က လေကြောင်းပစ်ကူဖြင့် သွားရောက်ကယ်ထုတ်အပြီးတွင် အနီးဝန်းကျင်ကျေးရွာများကို စီးနင်းရှာဖွေနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဒေသတွင်း ရောက်လာသည့် စစ်သားအင်အား ၃ဝဝ ခန့် ရှိလာပြီဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ခွဲ-၂ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။
“ညောင်ပင်ကြီးတောဘက်ကို မနေ့က လာပို့တဲ့ (စစ်သား) အင်အား ၅ဝ လောက်က ရွာသားတွေကို ဖမ်းပြီး မေးတာမြန်းတာ လုပ်တယ်လို့ သိရတယ်။ အခုတော့ ပြန်လွှတ်လိုက်ပြီလို့လဲ ကြားတယ်” ဟု ထိုပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။
“ညတွင်းချင်းကိုပဲ ခြေလျင်စစ်ကြောင်းကလဲ အင်အားတိုးတယ်။ ဝက်လက်ကို ထိန်းချင်ပုံပေါ်တယ်။ (စစ်တပ်က) အထက်ပိုင်းကို ထောက်ပို့လုပ်ချင်တာမှာ ဒီဘက်က တိုက်ခိုက်မှုတွေလုပ်တော့ ပို့မရလို့ ထိန်းချင်ပုံရတယ်”
နယ်မြေကျွမ်းကျင်မှုမရှိသော၊ ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်ပုံရသော စစ်သားတို့က ဒေသခံ ငါးဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားလာနေသည်ဟု သိရကြောင်း ညောင်ပင်ကြီးတောရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
“အခုဖြစ်နေတဲ့ရွာက တိုက်ပွဲလဲ မရှိဘူး။ သူတို့ကို ခံပစ်နေတဲ့လူလဲ မရှိဘူး။ အဲဒါကို အပေါ်ကနေ ဗုံးကြဲတယ်၊ ရွာသားတွေကို လိုက်ပစ်တယ်” ဟု အမည်မဖော်လိုသော အထက်ပါအမျိုးသားက ပြောသည်။
“တိုက်ပွဲကလဲ ပြီးခဲ့တဲ့ရက်က ဘုရားလေးကုန်းရွာဘက်မှာဖြစ်တာ၊ အခုလဲ သေနတ်သံတွေ ကြားနေရတာ၊ ပေါက်ကန်ဘက်မှာ လှည့်ပစ်နေတယ်”
လှည့်လည်ပစ်ခတ်စီးနင်းခံရသည့် ရွာများမှာ ပေါက်ကန်၊ ကူကောင်း၊ ရေသောက်ကန်၊ ဇီးဖြူကုန်း၊ ညောင်ပင်ကြီးတော စသည့် ကျေးရွာများဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါရွာများမှ ဒေသခံ နှစ်ထောင်ကျော်ခန့်မှာ လုံခြုံမည်ဟု ယူဆရသည့် နီးစပ်ရာ တောများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တပ်က ထွက်ပြေးတိမ်းရှောင်ကြသူများကို လိုက်လံပစ်ခတ်ခြင်း၊ ရွာအနီးသို့ ပြန်လာသည့် ဒေသခံများကို ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု ညောင်ပင်ကြီးတောကျေးရွာ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
“ရွာသူရွာသားတွေက ဘေးလွတ်ရာ တောတွေထဲ ပြေးနေကြရတာကို နောက်ကနေ လိုက်ပစ်နေတာ၊ ရွာတွေ လှည့်ပြီး မွှေနေတာ။ ကျွန်တော်တို့ ရွာထဲက အိမ်သုံးအိမ်မှာ အဲဒီကောင်တွေ တပ်စွဲထားတယ်”ဟု အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင်က ဆိုသည်။
စစ်တပ်၏ လေကြောင်း၊ ကြည်းကြောင်း ပစ်ခတ်မှုများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများ အထိအခိုက်ရှိသည်ဟု ကြားသိရသော်လည်း ထွက်ပြေးနေကြရသည့်အခြေအနေဖြစ်သည့်အတွက် အသေးစိတ်မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စစ်တပ်က ကျေးလက်ဒေသပြည်သူတို့ကို ရန်ပြု သောင်းကျန်းနေသည်ဟူသော ပြောဆိုမှုများနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီပြန်ကြားရေးဌာန တာဝန်ရှိသူတို့၏ တုံ့ပြန်ချက် ရယူရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပါ။
ဒီဇင်ဘာ ၃၁ တွင် စစ်ကောင်စီဘက်တော်သား အရပ်ဝတ်လက်နက်ကိုင်အဖွဲ့ ပျူစောထီးတို့သည် ဘုရားလေးကုန်းကျေးရွာတွင် စခန်းချထားစဉ် ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဝက်လက် PDF) နှင့် တိုက်ပွဲ နှစ်ရက်ကြာ ဖြစ်ပွားစဉ် စစ်တပ်က လေကြောင်းမှ ပစ်ကူပေးခဲ့သည်။
ယမန်နေ့ (ဇန်နဝါရီ ၃) ကလည်း ညောင်ပင်ကြီးတောရွာအပြင်ရှိ ဘုန်းကြီးကျောင်းအနီး ရဟတ်ယာဉ် ၃ စီးဖြင့် စစ်သား ၅ဝ ခန့်ကို လာရောက်ပို့ဆောင်ရင်း အနီးဝန်းကျင်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ရွှေဘို-မန္တလေးကားလမ်းတစ်လျှောက်နှင့် စစ်ကိုင်း၊ မန္တလေးဘက်မှ မြန်မာပြည်အထက်ပိုင်းသို့ ထောက်ပံ့ပို့ဆောင်ရေးလုပ်သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဝက်လက် PDF တပ်ခွဲ-၂ ပြန်ကြားရေးအဖွဲ့ဝင်က ဆိုသည်။
“စစ်ကိုင်းက တပ်မ ၃၃ က ထွက်လာသမျှ ကုန်းကြောင်းတပ်တွေ မိုင်းဆွဲတာ တအားခံနေရတော့ ဝက်လက်ကို ရသလောက် ဖိချင်တာ”ဟု သူက ပြောသည်။
“ကျွန်တော်တို့ (သတင်း) ရင်းမြစ်တွေဆီက ကြားရသလောက် ဝက်လက်ကို ထိန်းနိုင်အောင် လုပ်နေတာ သေချာတယ်၊ အထက်ပိုင်းကို လေယာဉ်နဲ့ချည်း ထောက်ပို့လုပ်ရတာ အခက်အခဲရှိပုံရတယ်”
မကြာသေးမီက ဝက်လက်မြို့နယ်၏ စစ်ကောင်စီဥက္ကဋ္ဌပါ မိုင်းခွဲ သတ်ဖြတ်ခံထားရသည်။
ဝက်လက်မြို့နယ်သာမက အနီးအနားရှိ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ အရာတော် အစရှိသည့် မြို့နယ်များသည်လည်း စစ်ကောင်စီကို အပြင်းအထန်ခုခံတိုက်ခိုက်နေသော ဒေသများ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)