
ကယား(ကရင်နီ)ပြည်နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁) က ဒီးမော့ဆိုမြို့မရဲစခန်းအနီးရှိ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ နေရာမှာပင် သေဆုံးသူ ငါးဦးရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုရဲစခန်းအနီး ဘုရားစေတီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခြင်းဖြစ်ကြောင်း KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ယနေ့ ပြောသည်။
“ကျွန်တော်တို့ ဒီအတိုင်းပဲ ရှောင်တခင်ပုံစံနဲ့ ဝင်တိုက်တာပါ။ ကျွန်တော်တို့ဘက်က မနေ့ညက ထိခိုက်တာတော့ တစ်ဦး၊ နှစ်ဦးတော့ ထိခိုက်တယ်။ ဒါပေမဲ့ သိပ်ပြီးတော့မှ စိုးရိမ်ရတဲ့ အနေအထားမရှိဘူး” ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့မရဲစခန်းနှင့် ငွေတောင်ကျေးရွာအုပ်စုဘက်မှ ထိုးစစ်ဆင်လာသည့် စစ်တပ်ကို ကရင်နီပူးပေါင်းမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် PDF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကယားပြည်နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများတွင် ကရင်တပ်မတော် (KA)၊ KNDF တို့နှင့်အတူ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ၊ KGZ နှင့် အလယ်ပိုင်းတိုင်းအထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဖယ်ခုံ PDF တစ်ဦးနှင့် လွိုင်ကော် PDF နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သို့သော် စစ်တပ်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များ အသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာ ၃၁ ဒီးမော့ဆိုတိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိ၍ ဒဏ်ရာအပြင်းအထန်ရပြီး ယမန်နေ့ညပိုင်းတွင် သေဆုံးခဲ့ကြောင်း KNDF ပြောခွင့်ရသူက ဆိုသည်။
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်အတွင်း သုံးနေရာထက်မနည်းဖြစ်ပွားခဲ့သည့် ယင်းနေ့တိုက်ပွဲများတွင် PDF တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
လက်ရှိတွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရှိန် မြင့်လာနိုင်သဖြင့် ပြည်သူများ ခရီးသွားလာခြင်းမပြုရန် KNDF က ကြေညာထားသည်။
“မလိုအပ်ဘဲနဲ့ ဒီအချိန်မှာတော့ အပြင်တွေဘာတွေသွားလာတာ အထူးဂရုစိုက်ခိုင်းစေချင်တယ်။ သွားလာတာတွေ နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို ပြောချင်တယ်” ဟု KNDF ပြောခွင့်ရသူက ဆိုသည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများတွင် စစ်တပ်ဘက်က အသေအပျောက်များလျက်ရှိသလို တစ်ဖက်တွင်လည်း စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအထိ ကရင်နီဒေသတွင် စစ်တပ်၏ လက်ချက်ဖြင့် အရပ်သား ၁၅၀ နီးပါး သတ်ဖြတ်ခံရပြီး မီးရှို့မှုများနှင့် လက်နက်ကြီးများကြောင့် နေအိမ်နှင့် ဘုရားကျောင်းအပါအဝင် အဆောက်အအုံ ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)