သတင်း

ရန်ကုန်တွင် နှစ်သစ်ကူးည ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း ဒုရဲအုပ်တစ်ဦးသေဆုံး

ရန်ကုန်မြို့တွင် နှစ်သစ်ကူးအခါသမယဖြစ်သော ယမန်နေ့ (ဒီဇင်ဘာ ၃၁) က နေရာအချို့တွင် အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထားသည့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးပေါက်ကွဲများဖြစ်ပွားခဲ့သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ကမ္ဘောဒီးယားသံရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နည်းတူ ဒေါပုံမြို့နယ်တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရသည်။ ထို့ပြင် ညပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတိုက်ခိုက်ခံရစဉ် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။

မြောက်ဥက္ကလာရဲစခန်းတိုက်ခိုက်ခံရမှု

မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမပေါ်ရှိ မြို့နယ်ရဲစခန်းမှာ ယမန်နေ့ ညဦးပိုင်း ၇ နာရီခန့်က ကားဖြင့် လာရောက်တိုက်ခိုက်ခံရစဉ် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲစခန်းရှေ့ (ခ) ရပ်ကွက်၊ မြရတနာလမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။​

“ပစ်ခတ်သံတွေကတော့ တော်တော်ကို ကြားရတယ်။ ဗုံးကွဲသံတွေရော။ ဒုရဲအုပ်တစ်ယောက်လည်း ကျတယ်။ နောက်တစ်ယောက်ကလည်း သေမယ်ထင်ပါတယ်။ ဒဏ်ရာပြင်းတယ် ကြားတယ်။ အဲဒါပြီးတော့ စစ်တပ်က ကားနဲ့လာပြီးတော့ကို ဒီတိုင်း လမ်းတိုင်းလျှောက်ပစ်နေတာ” ဟု ၎င်းက ပြောသည်။ 

ကားဖြင့် လာရောက်တိုက်ခိုက်သည့် အဖွဲ့ကို ဖမ်းဆီးရမိခြင်း မရှိဘဲ စစ်တပ်က လိုက်လံပစ်ခတ်စဉ် အသက် ၇၅ နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အဘွားတစ်ယောက် သေဆုံးခဲ့သည်ဟုလည်း အဆိုပါအမျိုးသားထံမှ သိရသည်။ 

“ဆက်တိုက်ကြီး ဖြစ်ခတ်မှုဖြစ်တယ်။ သူတို့က (စစ်တပ်) လမ်းပေါ်ကို လိုက်ပစ်တာပေါ့။ လာပစ်တဲ့ PDF ကလည်း ကားနဲ့ပဲ။ အဲ့တာ သူတို့က ကားနဲ့လိုက်ပစ်တာ အမြန်ပဲ မထိဘူး၊ မမိဘူး။” ဟု အဆိုပါအမျိုးသားက ပြောသည်။

ရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဉ်အတွင်း ဒုရဲအုပ် အောင်ကျော်ဦးဆိုသူ သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ တပ်သားမှာ အေးမောင်ဆိုသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။​

မြောက်ဥက္ကလာရဲစခန်းတိုက်ခိုက်ခံရပြီး ည ၉ နာရီခန့်တွင် သုဓမ္မာလမ်းမပေါ်ရှိ ခြောက်ကွေ့မှတ်တိုင်အနီးတွင် ဗုံး‌ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ကြောင်း၊ တောင်ဒဂုံမြို့နယ်တွင် ကင်းလှည့်စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ကြားရသည်ဟုလည်း မြရတနာလမ်းတွင် နေထိုင်သူ အမျိုးသားက ဆိုသည်။ 

“တောင်ဒဂုံ ညကင်းလှည့်စစ်ကား ဗုံးခွဲခံရတယ် ကြားတယ်။ အထိအခိုက်တော့ရှိတယ် ကြားရတယ် သေချာတော့ မသိဘူး။ မနေ့ညက New Year ကြိုတာ တော်တော်များတယ်။ ညက တော်တော်ဆော်သွားတာ။ ရန်ကုန်တစ်မြို့လုံးနီးပါးပဲ အသံတွေ ဆူညံနေတာ။ အခုလည်း သွားတော့သွားနေတာပဲ သတိအနေအထားတွေနဲ့” ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားသံရုံးအနီးပေါက်ကွဲမှု 

ရန်ကင်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ကမ္ဘောဒီးယားသံရုံးအနီးတွင်လည်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) က စီစဉ်ထုတ်လွှင့်နေသည့် Public Voice Television က အတည်ပြုရေးသားထားသည်။

ထိုနေရာတစ်ဝိုက် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုလာစစ်ဆေးသည့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်မှုရှိသည်ဟု ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။  

ယခုသီတင်းပတ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံမည်ဟု ကြေညာထားသူ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဆန့်ကျင်ကြောင်း မြန်မာ၊ အင်္ဂလိပ်၊ ကမ္ဘောဒီးယား ဘာသာသုံးမျိုးဖြင့် ရေးသားဖော်ပြထားသည့် စာရွက်များလည်း ဖြန့်ဝေထားသည်ဟု သိရသည်။ 

“လေးစားအပ်ပါသော ကမ္ဘောဒီးယားလူမျိုးများ ငါတို့က မင်းတို့တိုင်းပြည်နဲ့ မင်းတို့ရဲ့ လူမျိုးကို လေးစားတယ်။ သို့သော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများအား လူမဆန်စွာ ဖိနှိပ်သတ်ဖြတ်သည့် ဒီမိုကရေစီစံနှုန်းများကို ဆန့်ကျင်သော ဖက်ဆစ်အာဏာရှင်ကို ကာကွယ်ရန် ဝန်ကြီးချုပ်ဟွန်ဆန်၏ ကြိုးပမ်းအားထုတ်မှုများကို လုံးဝလက်မခံနိုင်ပါ” ဟု ထိုဖြန့်ဝေသည့် စာရွက်များတွင် ရေးသားထားသည်။ 

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်သားအချို့စောင့်နေသည့် ဂိတ်တဲတစ်ခုလည်း ယမန်နေ့ နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံလိုက်ရသည်ဟု ထိုလမ်းဆုံအနီးနေသူ အမျိုးသားတစ်ဦးက အတည်ပြုသည်။

ကြည့်မြင်တိုင်ညဈေးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စစ်တပ်ပိုင်လုပ်ငန်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်း (MEC)က ပိုင်သော ဆီသိုလှောင်ရုံ အဝင်အထွက်ဂိတ်တစ်ခုလည်း ယမန်နေ့အတွင်း ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း မြေအောက်တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

ထိုသို့ဖောက်ခွဲမှုကြောင့် MEC ဂိတ်စောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးဟု ၎င်းက ပြောသည်။

ဒေါပုံမြို့နယ်မှ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

ဒေါပုံမြို့နယ်အစပ် ဒေါပုံတံတား(ဂျပန်တံတား) အဆင်းရှိ ဆေးစက်ရပ်ကွက်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးဝေဇင်သောင်းဆိုသူသည် ယမန်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူ သုံးဦးထံမှ သိရသည်။ 

“မနက်က ၇ နာရီကျော်လောက်ပြီ။ အဲ့လူက လက်ဖက်ရည်ဆိုင်နားမှာ အပစ်ခံလိုက်ရတာတဲ့။ သေနတ်နဲ့ နှစ်ခါကြားရတယ်လို့ ပြောတယ်။ သူတောင် အဲ့ဆိုင်မှာ ထိုင်နေတုန်းရှိသေးတယ်။ ဝင်ပစ်သွားတော့ ချက်ချင်းထပြေးလာတာတဲ့”ဟု ဟု ဆေးစက်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ 

အုပ်ချုပ်ရေးမှူး အပစ်ခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် စစ်သားနှင့် ရဲအချို့ရောက်လာပြီး ပတ်ဝန်းကျင်ရှိ ကွမ်းယာဆိုင်၊ ဆံပင်ညှပ်ဆိုင်အပါအဝင် ရပ်ကွက်နေသူအချို့ကို စစ်မေးသွားသည်ဟု ၎င်းက ဆက်ပြောသည်။ 

“(စစ်သားနှင့်ရဲ) သူတို့ အဲ့နားတင်ကြည့်ပြုပြီးတော့ ပြန်သွားတာ ခဏပါပဲ။ ဈေးသည်တွေလည်း အဲ့တာကြားတော့ ဈေးရောင်းတောင် မပျက်ဘူး။ အကုန်ရောင်းတယ်။ လူတွေလည်း အရမ်းကြီး ရှုပ်ရှုပ်ရှုပ်ရှုပ်လည်း မလုပ်ပါဘူး” ဟု ထိုရပ်ကွက်နေ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်သောင်းမှာ အသက်အန္တရာယ် မစိုးရိမ်ရသည့်အခြေအနေဖြင့် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း ထိုရပ်ကွက်နေ အခြားအမျိုးသားတစ်ဦးက ဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါပုံမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button