ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်အစောပိုင်းမှ မွန်းလွဲပိုင်းအထိ ဖြစ်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဒီးမော့ဆိုရဲစခန်းနှင့် ဒေါငံခါးရပ်ကွက်အနီးတစ်ဝိုက်ကို လေယာဉ်များဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း တိုက်ပွဲဧရိယာအတွင်း ရောက်ရှိနေသည့် ကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။
“ဒီးမော့ဆိုကို လာပစ်တာ။ အဲ့ဘက်တွေမှာဖြစ်တာ၊ တိုက်ပွဲတွေက။ ဟိုဘက်မှာတော့ နှစ်လုံး လေယာဉ်ပေါ်က ပစ်သွားတယ်။ တိုက်လေယာဉ်သုံးစင်း” ဟု ၎င်းက ပြောသည်။
လေယာဉ်ပေါ်မှ ဗုံးနှစ်လုံးပစ်ချသည့်အသံနှင့် စစ်သေနတ်များဖြင့် အတွဲလိုက်ပစ်ခတ်သံများလည်း ကြားနေရပြီး ကရင်နီပူးပေါင်းတပ်များဘက်က ထိခိုက်ဒဏ်ရာရသူများရှိကြောင်းလည်း အထက်ပါ ကယ်ဆယ်ရေးသမားက ဆိုသည်။
Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများတွင် ပျံသန်းနေသည့် လေယာဉ်အချို့ တွေ့ရှိရသည့်နည်းတူ ပစ်ခတ်သံများလည်း ကြားရသည်။
ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးကလည်း မွန်းလွဲ ၃ နာရီကျော်တွင် လေယာဉ်နှစ်စင်း ပျံသန်းသွားသည်ကို တွေ့ရှိရပြီး အတွဲလိုက်ပစ်ခတ်သံများ နာရီဝက်ခန့်ကြာ ကြားရသည်ဟု ပြောသည်။
“ခုတော့ လေယာဉ်ပြန်ကွေ့သွားပြီ နှစ်စင်း။ လက်နက်ငယ်သံတွေတော့ ကြားနေရသေးတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။
နံနက် ၆ နာရီကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် နာရီဝက်ခြားတစ်ခါ ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။
ယနေ့ညနေပိုင်းအထိ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကာ ကရင်နီပူးပေါင်းတပ်များဘက်မှ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ဒီးမော့ဆိုမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“လက်နက်ကြီးကြောင့်ပဲ ထိတာများမယ်။ လေယာဉ်လာတဲ့အချိန် ကျွန်တော်တို့လူတွေက ပုန်းနေကြတာ။ လက်နက်ကြီးကြောင့်ထိတာ ပိုများတယ်။ လေယာဉ်နဲ့ပစ်တာ သိပ်မထိလောက်ဘူး” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်သည့်နေရာနှင့် အနီးဆုံးရွာတွင်ရှိ စစ်ရှောင်စခန်းတစ်ခုမှ လူဦးရေ ၂၀၀၀ ကျော်သည်လည်း စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စခန်းတာဝန်ခံတစ်ဦးက ပြောသည်။
“စစ်ရှောင်စခန်းအောက်မှာ ချောင်းတစ်ချောင်းရှိတယ်လေ။ အဲဒီချောင်းမှာပဲ အကုန်လုံးပြေးပုန်းနေကြတာပေါ့။ စစ်ရှောင်တွေကိုတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ စစ်ရှောင်တဲကိုတော့ ပြန်မလာကြသေးဘူး” ဟု ၎င်းက ဆိုသည်။
ယနေ့နံနက်တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် အခြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၄၂၇ ခြေလျင်တပ်ရင်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၀) ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)