သတင်း

မြန်မာ့အရေး အမေရိကန်ဥပဒေနှစ်ခု မရောထွေးစေချင် 

လွန်ခဲ့သည့် တနင်္လာနေ့တွင် မြန်မာ့အရေး ပြင်ဆင်ဖြည့်စွက်ချက်တစ်ခုပါသည့် ဥပဒေတစ်ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးအတည်ပြုကာ ဥပဒေအဖြစ် အာဏာတည်စေခဲ့သည်။ 

အမေရိကန်လွှတ်တော်က နှစ်စဉ်ရေးဆွဲအတည်ပြုလေ့ရှိသည့် NDAA ခေါ် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (National Defense Authorization Act) ဖြစ်သည်။ အမေရိကန်လွှတ်တော်၌ တင်သွင်းထားသည့် ဘားမားအက်ဥပဒေ (BURMA Act) နှင့် မသက်ဆိုင်သော သီးခြားဥပဒေတစ်ခုသာ ဖြစ်သည်။

မြန်မာ့အရေးနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းတစ်ခု (BURMA Act) မဲခွဲအတည်ပြုနိုင်ပြီ အထင်ဖြင့် အချို့မိတ်ဆွေများက ဂုဏ်ပြုစကားဆိုလာသည့်ပြင် သတင်းမီဒီယာအချို့လည်း ဆက်သွယ်မေးမြန်းလာကြသည်။

အမှန်တကယ်တွင် ဘားမားအက်ဥပဒေမှာ အမေရိကန်လွှတ်တော်၌ အတည်ပြုနိုင်ရန် ဝေးလာဝေးအဆင့်သာ ရှိသေးသည်။ မဲခွဲဆုံးဖြတ်သည့်အဆင့်ရောက်ဖို့ပင် ကြန့်ကြာလျက်ရှိသည်။ ဥပဒေပြုရေးလုပ်ငန်းစဉ်၏ အစောပိုင်းအဆင့်ဖြစ်သည့် အဆိုပြုအဆင့်သာ ရှိသေးသည်။ 

ဘားမားအက်ဥပဒေကို အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးကော်မတီက မဲခွဲအတည်ပြုပြီး ဖြစ်သော်လည်း အောက်လွှတ်တော်တစ်ရပ်လုံးအနေဖြင့် ထပ်မံမဲခွဲ အတည်ပြုရဦးမည်ဖြစ်သည်။ အထက်လွှတ်တော်၌မူ လွှတ်တော်ရေးရာကော်မတီအဆင့်ကိုပင် မဲခွဲဆုံးဖြတ်ရခြင်း မရှိသေးပေ။

သို့သော်လည်း ဘားမားအက်ဥပဒေကို အမေရိကန်အစိုးရက အတည်ပြုလိုက်ပြီဟု ထင်မှတ်မှားနေကြသည်။ 

အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် မစ်ချ်မက်ကော်နယ်က မြန်မာ့အရေးနှင့် သက်ဆိုင်သည့် ပြင်ဆင်ဖြည့်စွက်ချက်ကို လွှတ်တော်တွင်း အတည်ပြုနိုင်ခဲ့သည့်အပေါ် သတင်းများထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖိဖိစီးစီးဆော်ဩနိုင်ခဲ့သည့်အတွက် NDAA အပေါ် လူအများ အာရုံစိုက်လာခြင်းဖြစ်သည်။ 

လူစိတ်ဝင်စားမှု မြင့်တက်စေခဲ့သည့် NDAA ကြောင့် အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအရေးအင်အားစုများ လပေါင်းများစွာ ဖိအားပေးတောင်းဆိုနေသည့် ဘားမားအက်ဥပဒေကို အတည်ပြုနိုင်ခြင်းဟု မှားယွင်းယူဆသူများခြင်း ဖြစ်ပေလိမ့်မည်။ 

တကယ်တမ်း၌ မစ်ချ်မက်ကော်နယ်၏ စာမျက်နှာ ၂ မျက်နှာမျှသာရှိသည့် မြန်မာ့အရေးဖြည့်စွက်ပြင်ဆင်ချက်မှာ စာမျက်နှာ ၅၉ မျက်နှာပါဝင်သည့် ဘားမားအက်ဥပဒေနှင့် နှိုင်းယှဉ်ကြည့်လျှင် မပြောပလောက်သော မူဝါဒတစ်ရပ် ချမှတ်နိုင်ခြင်းသာဖြစ်သည်။ 

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏မူဝါဒကို ရှေ့ပြေးလမ်းကြောင်းပေးသည်ဟု ဆိုနိုင်သည်။ အရေးကြီးအခွင့်အလမ်းများအတွက် လမ်းဖွင့်ပေးနိုင်သည့်သဘောဖြစ်သည်။​

စာမျက်နှာပေါင်း ၉၀၀ ကျော်ပါဝင်သည့် NDAA အက်ဥပဒေပါ ပြဋ္ဌာန်းချက်အများစုသည် မြန်မာနိုင်ငံနှင့် လားလားမျှမသက်ဆိုင်သည့် မူဝါဒများဖြစ်သည်။ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေဖြစ်သည့်အလျောက် NDAA ၏ အဓိကရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ နှစ်စဉ်အသုံးစရိတ် ချမှတ်ရေးသာဖြစ်သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ပြင်ဆင်ဖြည့်စွက်ချက် ငါးခုမျှ ပါဝင်လာသည်ကို တွေ့ရသည်။ ထိုငါးချက်အနက် အလေးထားစရာ အချက်နှစ်ခုရှိသည်။ 

  • ပထမတစ်ချက်မှာ အောက်လွှတ်တော်အမတ် မက်စ်ဆင်းဝါးတားစ် ထည့်သွင်းလိုက်သည့် အပိုဒ် ၁၆၀၄ ဖြစ်သည်။ ဒီပြင်ဆင်ဖြည့်စွက်ချက်အရ ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းကြီးများဖြစ်သည့် World Bank၊ IMF၊ နှင့် Asia Development Bank (ADB) တို့အနေဖြင့် မြန်မာစစ်တပ်ကို ချေးငွေထုတ်ပေးခြင်းကို တားဆီးရန်ဖြစ်သည်။
  • ဒုတိယအချက်မှာ လူပြောများနေသည့် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ် ထည့်သွင်းအဆိုပြုခဲ့သော အပိုဒ် ၆၅၁၀ ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအရေး ပံ့ပိုးထောက်ပံ့နေခြင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဖက်ဒရယ်အေဂျင်စီအချို့က လွှတ်တော်ကို ပုံမှန်အစီရင်ခံတင်ပြရန်ဖြစ်သည်။ 

အောက်လွှတ်တော်အမတ် မက်စ်ဝါးတားစ်၏ ဖြည့်စွက်ပြင်ဆင်ချက်များမှာ တိကျသော မူဝါဒအကျိုးဆက်များရှိသည်။ လက်ရှိတွင် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းကြီးများက စစ်တပ်ကို ချေးငွေထုတ်ပေးခြင်းမရှိသော်လည်း နောင်တစ်ချိန်တွင် ဤအချက်က ညှိနှိုင်းရေးအသာစီးရစေမည့်အချက် ဖြစ်လာနိုင်သည်။

အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်၏ ဖြည့်စွက်ပြင်ဆင်ချက်များမှာ လွှတ်တော်အမတ်များအနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် မေးခွန်းတွေမေးမြန်းနိုင်ခွင့်နှင့် လိုအပ်သောနေရာများတွင် အကြံပေးနိုင်ခွင့်ရရှိသွားရုံမျှသာ သက်ရောက်မှုရှိသည်။ 

အုပ်ချုပ်ရေးမဏ္ဍိုင်ရှိ ဖက်ဒရယ်အေဂျင်စီများသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားဝင်ဖြစ်လာရေးကိစ္စ၊ စစ်ကောင်စီ၏ အကျိုးစီးပွားကို ပိတ်ပင်ရန်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိစ္စ စသည့်အကြောင်းကိစ္စများနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ချက်များအပေါ် လွှတ်တော်ကို အစီရင်ခံတင်ပြကြရမည်ဖြစ်သည်။​

မြန်မာ့အရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုဖြစ်သည့် ဘားမားအက်ဥပဒေကအရမူ သက်ဆိုင်ရာ ဖက်ဒရယ်အေဂျင်စီများ ဆောင်ရွက်ရမည့် မူဝါဒဆိုင်ရာလုပ်ဆောင်ချက်များကို တိတိကျကျချမှတ်ပေးမည်ဖြစ်သည်။ မူဝါဒချမှတ်ရေးဆိုင်ရာ အနာဂတ်လုပ်ငန်းစဉ်များတွင် လိုက်နာရမည့် ကျယ်ပြန့်ပြည့်စုံသော မူဘောင်တစ်ခု ချမှတ်ပေးမည်ဖြစ်သည်။​

ဥပမာအားဖြင့် – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ပေးရေး။ (လက်ရှိဥပဒေ အတည်မပြုရသေးမီကာလတွင် ကန်ဒေါ်လာ ၁၃၆ သန်း ပံ့ပိုးပေးရန် လျာထားချက်ရှိသည်။)

  • ဒီမိုကရေစီအရေးနှင့်စပ်လျဉ်းသည့် အထောက်အပံ့အဖြစ် ကန်ဒေါ်လာသန်း ၅၀ ကို နောက်ထပ် ငါးနှစ်အထိ နှစ်စဉ်ထောက်ပံ့ပေးရန်။ 
  • မြန်မာစစ်တပ်နှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို အရေးယူပိတ်ဆို့မှုများ ဆတိုးဆောင်ရွက်ရန်။ 
  • မြန်မာစစ်တပ်၏ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရေး ဆန်းစစ်ချက်အစီရင်ခံစာတစ်ခု တင်ပြရန်။ 
  • ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်မမြောက် အမေရိကန်အစိုးရအနေဖြင့် ဆုံးဖြတ်ချက်ချရန်။ 
  • မြန်မာစစ်တပ်ကို တုံ့ပြန်အရေးယူရာတွင် နိုင်ငံ၊ ဒေသ အသီးသီးကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ပိတ်ဆို့အရေးယူမှုနှင့် မူဝါဒဆိုင်ရာ အထူးညွှန်ကြားရေးမှူးခန့်အပ်ရန်။ 

ဘားမားအက်ဥပဒေသည် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များနှင့် ဒီမိုကရေစီရေးဆိုင်ရာ ပံ့ပိုးမှုများအပြင် မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူမှု ထပ်မံချမှတ်နိုင်ရေး လမ်းကြောင်းပေးမည်ဖြစ်သည်။​ လက်ရှိတွင် အမေရိကန်အုပ်ချုပ်ရေးမဏ္ဍိုင်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ အရေးယူဖို့အရေး လူ့အခွင့်အရေးအဖွဲ့များ၏ တိုက်တွန်းချက်ထက် စီးပွားရေးဆိုင်ရာ အကြံပြုချက်များ အပေါ်သာ ယိမ်းနေဆဲ ဖြစ်သည်။ 

ဘားမားအက်ဥပဒေသည် ဥပဒေတစ်ရပ်အဖြစ် အာဏာသက်ရောက်လာပါက မြန်မာစစ်တပ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ နိုင်ငံခြားဝင်ငွေရင်းမြစ်ကို ဖြတ်တောက်ထားနိုင်မည့် တွန်းအားတစ်ခုဖြစ်လာပေမည်။ ဆန်းစစ်ချက်အစီရင်ခံစာတစ်ခုတင်ပြရမည်ဟု ပြဋ္ဌာန်းလိုက်ခြင်းဖြင့် အချက်အလက်မပြည့်စုံသဖြင့် ပိတ်ဆို့မှုမပြုနိုင်သေးကြောင်း ထပ်တလဲလဲအကြောင်းပြတတ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်ရိုက်ဖိအားပေးနိုင်မည် ဖြစ်သည်။​

ရိုဟင်ဂျာလူမျိုးစုများနှင့် ပတ်သက်သော အကြမ်းဖက်လုပ်ရပ်များကို လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်မမြောက် ဆုံးဖြတ်ချက်ချရန် ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရေး အမေရိကန်အစိုးရကို အဘက်ဘက်မှ ဖိအားများလာမည်ဖြစ်သည်။ 

ခြုံငုံသုံးသပ်ရမည်ဆိုပါက ဘားမားအက်ဥပဒေသည် မြန်မာစစ်တပ်အပေါ် ပိုမိုထိရောက်သော ထိုးနှက်ချက်များ ပေါ်ထွက်လာစေမည်ဖြစ်သည်။​

ထို့ကြောင့် အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာ့အရေးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ တွန်းအားပေးရာတွင် ဘားမားအက်ဥပဒေကို ဗဟိုထားလျက် ဆက်လက်တွန်းအားပေးသွားရန် လိုအပ်သည်။​

အမေရိကန်အခြေစိုက် မြန်မာလူမျိုးများ၊ မြန်မာ့ဒီမိုကရေစီရေးအင်အားစုများအနေဖြင့် အမေရိကန်လွှတ်တော်အသီးသီးကို တိုက်ရိုက်ဆက်သွယ်ကာ ဘားမားအက်ဥပဒေကို အမြန်ဆုံးထောက်ခံအတည်ပြုရေး ဆက်လက်တွန်းအားပေးကြရန် လွန်စွာအရေးကြီးသည်။ သို့မှသာ ဥပဒေကြမ်းအဆင့်မှ ဥပဒေတစ်ရပ်အဖြစ် အာဏာသက်ရောက်လာမည်ဖြစ်သည်။ 

(အေးသန္တာသည် US Advocacy Coalition for Myanmar (USACM) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ မီမီခန့်သည် USACM ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Students for Free Burma အဖွဲ့အစည်းကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ Michael Haack သည် USACM နှင့် Campaign for a New Myanmar တို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button