
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ အင်အားဖြည့်တင်းထားသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်တပ် တပ်စွဲထားသည့် ကလေးမြို့မှ ၁၅ မိုင်အကွာ နတ်ချောင်းရွာတောင်ဘက် ကျေးရွာနှစ်ခုကြားတွင် တိုက်ပွဲပြင်းထန်နေသည်ဟု PDF (ကလေး) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“အခု တိုက်ပွဲဖြစ်နေပါတယ်ဗျ။ ချောင်းခွနှင့် ဟားခါးလေးကြားမှာ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။
နတ်ချောင်းရွာဒေသခံတစ်ဦးကလည်း “ချောင်းခွလမ်းဆုံဘက်ကနေ ထိုင်ပြီး ဖလမ်းဘက်ကို တက်တဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုနေတယ်။ လက်နက်ငယ်သံတွေလဲ တစ်ချက်တစ်ချက် ကြားနေရတယ်။ အခြေအနေတွေတော့ သေချာမသိရသေးဘူး “ ဟု ပြောသည်။
ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကလေးမြို့တောင်ဘက်ရှိ နတ်ချောင်းရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ဒေသခံအချို့ကို ဖမ်းဆီးကာ ရွာရှိ အထက်တန်းကျောင်းတွင် တပ်စွဲခဲ့သည်။
နောက်တစ်ရက်မှစ၍ PDF (ကလေး)၊ RKDF (Ranger Kalay Defense Force) အဖွဲ့၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)နှင့် ရပ်ရွာကာကွယ်ရေး ပ.က.ဖ အဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နတ်ချောင်းရွာတိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့်ပါ တိုက်ခိုက်သဖြင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ PDF ပူးပေါင်းအဖွဲ့များလည်း ဆုတ်ခွာခဲ့ရသည်။
စစ်တပ်က နတ်ချောင်းရွာတွင် တပ်စွဲထားဆဲဖြစ်သောကြောင့် ဒီဇင်ဘာ ၂၃ ရက်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရစဉ် သေဆုံးသူများအနက် ရုပ်အလောင်း ၇ ခုကိုသာ ကောက်ယူနိုင်သေးပြီး သုံးလောင်းထက်မနည်း ကျန်ရှိနေသေးကြောင်း PDF တာဝန်ရှိသူနှင့် ဒေသခံအချို့က ဆိုသည်။
နတ်ချောင်းရွာအပါအဝင် အနီးအနားရှိ သံဖိုကျေးရွာနှင့် ချောင်းခွကျေးရွာတို့တွင် ဒီဇင်ဘာ ၂၇ နှင့် ၂၈ ရက်များက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၃၀ နီးပါးရှိသည်ဟု သိရသည်။
ထို့ပြင် နတ်ချောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ရဟတ်ယာဉ်သုံးစီးဖြင့် လက်နက်ပစ္စည်းနှင့် လူအင်အား ဖြည့်တင်းထားသဖြင့် အင်အား ၁၀၀ ခန့်ရှိသည်ဟုလည်း ပ.က.ဖ အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ယမန်နေ့တွင် ပြောထားသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာနေသဖြင့် ကလေး – ဂန့်ဂေါလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၂၇ ရက်တွင် PDF (ကလေး) က သတိပေးထုတ်ပြန်ထားသည်။
တိုက်ပွဲတွင်ပါဝင်နေသည့် ဒေသခံ PDF အဖွဲ့များ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၃ မှ စတင်ခဲ့သည့် တိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ၂ ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိ၍ စစ်ကောင်စီဘက်မှ ၃၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ဆိုသည်။
အဆိုပါ နှစ်ဖက်ထိခိုက်သေဆုံးစာရင်းများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစိုကျေးရွာတို့မှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
နတ်ချောင်းရွာဒေသခံ ၁၀၀ ခန့် စုဝေးတိမ်းရှောင်နေသည့် ကျေးရွာဘုန်းကြီးကျောင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်ရောက်ရှိလာပြီး ခိုလှုံတိမ်းရှောင်နေသူများ၏ဖုန်းများကို သိမ်းဆည်းသွားသည့်အတွက် အဆက်အသွယ်ပြတ်တောက်နေသည်ဟု နောက်ထပ် နတ်ချောင်းရွာဒေသခံတစ်ဦးက ဆိုသည်။
“ဖုန်းတွေအားလုံး သိမ်းထားပါတယ်။ အဆက်အသွယ်လဲ မရပါဘူး။ ကျန်ခဲ့တဲ့တစ်ယောက်လဲ ရှိသေးတယ်။ အမျိုးတွေလဲ ကျန်ခဲ့တယ်။ ဖုန်းတွေ ခေါ်လို့မရဘူး။ ဖုန်းအားလုံး စက်ပိတ်ထားတယ်။ တစ်ဆင့်တစ်ဆင့် ကြားရတာပဲ။ သူတို့အတွက် စိတ်ပူနေတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ နတ်ချောင်းရွာဒေသခံက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)