သတင်း

မန္တလေးတွင် ဖိအားပေးဖွင့်လှစ်သည့် ကျောက်မျက်ဝိုင်း ဗုံးခွဲခံရ

မန္တလေးမြို့ နေအိမ်ခြံဝင်းများတွင် အခွန်မဆောင်ဘဲ အရောင်းအဝယ်ပြုလုပ်သူတို့ကို နှိမ်နင်းနေချိန်တွင် စည်ကားလာသည့် ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းက ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲခဲ့သည်။

နံနက် ၅ နာရီခွဲခန့်တွင် မဟာအောင်မြေမြို့နယ်ရှိ အဆိုပါကျောက်ဝိုင်းအတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက် ကြားလိုက်ရကြောင်း အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“အစောကြီးဆိုတော့ လူသိပ်မရှိသေးတဲ့ အချိန်ပေါ့။ လူသိပ်မရှိသေးတော့ သေဆုံး၊ အထိအခိုက်မရှိဘူး ကြားပါတယ်။ လျှပ်စစ်ပုံးကတော့ ပျက်စီးသွားတယ်။ ဝိုင်းထဲကိုလည်း (လျှပ်စစ်) မီးပြင်သူတွေ ဝင်သွားကြတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် မိမိတို့၏လက်ချက်ဖြစ်ကြောင်း၊ စစ်ကောင်စီဖွင့်လှစ်သည့် ကျောက်ဝိုင်းကို အသုံးမပြုစေလို၍ သတိပေးခြင်းဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် မြို့ပြောက်ကျားအဖွဲ့ဖြစ်သော Black Image အဖွဲ့က နံနက်ပိုင်းတွင်ပင် သတင်းထုတ်ပြန်သည်။

ထိုကျောက်ဝိုင်းကို ဆက်လက်အသုံးပြုနေပါက အသက်အန္တရာယ်ထိခိုက်မှုကို တာဝန်မယူကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်း (လမ်း ၄၀ နှင့် ၄၁ လမ်းကြား) သင်္ဂဇာချောင်းအနီး တည်ရှိသည့် ကျောက်မျက်ရောင်းဝယ်ရေးစခန်းကို ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နိုင်တင်းရောဂါကြောင့် ၂၀၂၀ မတ်လမှစ၍ ပိတ်ထားရာမှ စစ်အာဏာသိမ်းပြီးနောက် အောက်တိုဘာ ၁၂ တွင် ပြန်ဖွင့်လိုက်သည်။ 

ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး နေ့စဉ် လူထောင်ချီ ဝင်ရောက်လုပ်ကိုင်နိုင်သော၊ ပြည်ပခရီးသွားများနှင့် တရုတ်နိုင်ငံသားအများအပြားတို့ လာရောက်လေ့ရှိသော အဆိုပါကျောက်ဝိုင်း ပြန်လည်စည်ကားလာပါက စစ်ကောင်စီက ဝင်ကြေးနှင့် အခွန် အများအပြားရမည် ဖြစ်သည်။  

ဒီဇင်ဘာ ၂၀ တွင် စစ်ကောင်စီက ကျောက်သမားများ အရောင်းအဝယ်လုပ်နေကြသော နေရာများထဲမှ နှစ်ခုကို သွားရောက်စီးနင်းကာ တရုတ်နိုင်ငံသားများအပါအဝင် လူ ၄၀၀ ခန့်ကို ဖမ်းဆီးလိုက်သည်။ စစ်ကောင်စီက ၎င်းတို့ကို ကျောက်မျက်ဥပဒေအရ အရေးယူမည်၊ တရုတ်နိုင်ငံသား ၃၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ အရေးယူမည်ဟု ဆိုသည်။ 

မန္တလေးကျောက်ဝိုင်းဈေးအတွင်း အရောင်းအဝယ်ပြုလုပ်နေသည်ကို ၂၀၁၈ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

နှိပ်ကွပ်မှုအပြီး တစ်ပတ်အကြာ ယမန်နေ့ (ဒီဇင်ဘာ ၂၈) တွင် ကျောက်ဝိုင်းအတွင်း ပြန်လည်လုပ်ကိုင်သူများရှိလာစဉ် ထိုသို့ ဗုံးခွဲသတိပေးခံရခြင်း ဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်က ကျောက်ဝိုင်းပြင်ပတွင် ရောင်းဝယ်လျှင် ဖမ်းဆီးပစ်ခတ်မည်ဟု ခြိမ်းခြောက်နေချိန်တွင် အာဏာသိမ်းမှုဆန့်ကျင်တော်လှန်သူတို့က စစ်ကောင်စီအခွန်ရစေမည့်နေရာကို ရှောင်ကြရန် တိုက်တွန်းနေရာ နှစ်ဖက်အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်ဟု ကျောက်သမားတို့က ဆိုကြသည်။ 

စစ်ကောင်စီကို အခွန်မပေးလိုသော ကျောက်သမားများက ဝိုင်းပြင်ပ ချောင်းဘေးတွင် အရောင်းအဝယ်လုပ်ကိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား နိုဝင်ဘာလအတွင်းက ဖောက်ခွဲမှုများ နှစ်ရက်ဆက်ဖြစ်ပေါ်ကာ အခြေအနေတင်းမာခဲ့သည်။ 

“ကျွန်တော်တို့လည်း ဟိုဘက်ကြောက်ရ၊ ဒီဘက်ကြောက်ရ ဘဝတွေဗျာ။ မဝင်တော့လည်း ဖမ်းတယ်၊ ပစ်သတ်မယ် ခြိမ်းခြောက်ကြတယ်။ အခု ဝင်တော့လည်း တော်လှန်ရေးသမားတွေက ပြောဆိုကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်ပြစေလိုသော ကျောက်ပွဲစားတစ်ဦးက ဆိုသည်။

“တကယ်ဆို ကျွန်တော်တို့လည်း စစ်အာဏာရှင်ကို မလိုလားပါဘူး။ စားဝတ်နေရေးအတွက် မတတ်သာလို့ပါ”

ကျောက်ဝိုင်းတွင် အထက်မြန်မာပြည်မှ ထွက်ရှိသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စသည့် ကျောက်မျက်မျိုးစုံကို ရောင်းဝယ်ကြခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button