
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာကို စီးနင်းထားသော အာဏာသိမ်းစစ်ကောင်စီတပ်က ရွာအတွင်း မီးရှို့သဖြင့် ယနေ့(ဒီဇင်ဘာ ၂၈) နံနက်တွင် နေအိမ် အချို့ မီးလောင်နေပုံကို ဒရုန်းဖြင့် မှတ်တမ်းတင် ရိုက်ကူးထားခြင်း ဖြစ်သည်။
စစ်တပ်က နတ်ချောင်းရွာကို ဒီဇင်ဘာ ၂၂ မှ စ၍ မီးရှို့နေတာဖြစ်ပြီး ယမန်နေ့က စစ်ရဟတ်ယာဉ် သုံးစီးဖြင့် လူနှင့် လက်နက်အင်အား ဖြည့်တင်းပြီးသည့်နောက် ယခုလို နေ့ညဆက်တိုက် မီးတင်ရှို့ခြင်း ဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့ဝင်များက ပြောသည်။
နတ်ချောင်းရွာမှာ အကြိမ်ကြိမ် မီးရှို့ခံရပြီး ယနေ့တွင် ရွာချင်းကပ်လျက်ရှိ ချောင်းခွရွာလည်း မီးရှို့ခံရသည်ဟု PDF အဖွဲ့ဝင်များ ထံမှ သိရသည်။ နတ်ချောင်းရွာ တိုက်ပွဲမှ စ၍ ကလေးမြို့နယ်အတွင်း ငါးရက်တာတိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကာ ၎င်းတို့ဘက်မှ ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရှိထားကြောင်း ဒေသခံ PDF အဖွဲ့များက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၃ ရက်က နတ်ချောင်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ် သဖြင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် နတ်ချောင်းရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်၊ စောင်၊ ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/fm1aOEEoSsQ]